NLD ပါတီ၏ မန္တလေးခရိုင် လူငယ်လုပ်ငန်းအဖွဲ့ဝင်တစ်ဦး ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲမှအပြန် အရိုက်ခံရ

ပါရမီဆန်း၊ ဇူလိုင်-၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ မန္တလေးခရိုင် လူငယ်လုပ်ငန်းအဖွဲ့ဝင်တစ်ဦး ယနေ့(ဇူလိုင်-၅)ကျင်းပသည့် ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲမှအပြန်တွင် ဝိုင်းဝန်းရိုက်နှက်ခံရကြောင်း သတင်းရရှိသည်။

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာတွင် နေထိုင်သည့် NLDပါတီ၏ မန္တလေးခရိုင် လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုအောင်ဖြိုးလှိုင်သည် မန္တလေးမြို့တွင် ယနေ့ကျင်းပသည့် NLD ပါတီ၏ ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲမှအပြန် ကျောက်မီးကျေးရွာအနီးတွင် ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ပါတီလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူက အုန်းချောသားဗျ။ မန္တလေးပွဲကနေ အပြန်မှာ ကျောက်မီးရွာနားမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က နောက်ကနေ လိုက်ရိုက်တာလို့ ပြောတယ်။ နေ့လည် (၁၂)လောက်က ဖြစ်သွားတာပါ။ အခုတော့ လူနာက ဆေးရုံမှာပါ။ သက်သာပါတယ်”ဟု NLD ပါတီ၏ မန္တလေးခရိုင် လူငယ်လုပ်ငန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးက ပြောသည်။

ဦးခေါင်းနှင့် လက်အပါအဝင် (၃)ချက်အရိုက်ခံရပြီး ဒဏ်ရာသက်သာစေရန် (၈)ချက်ချုပ်ထားရသည်ဟု ၎င်းက ဆိုသည်။

“ရန်ဖြစ်တာ မဟုတ်ပါဘူး။ မကျေနပ်ချက်ရှိလို့ အငြိုးထားပြီး ရိုက်တယ်လို့ပဲ ထင်ပါတယ်”ဟု ကိုအောင်ဖြိုးက ပြောသည်။

NLDပါတီ၏ မန္တလေးခရိုင် လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုအောင်ဖြိုးလှိုင် ရိုက်နှက်ခံရမူနှင့်ပတ်သက်၍ ရဲစခန်းတွင် အမူဖွင့်နိုင်ရန် ဆက်လက်လုပ်ဆောင်နေသည်ဟု ကိုအောင်ဖြိုးက ဆိုသည်။ ပါတီတာဝန်ရှိသူများမှလည်း လူနာထံ လာရောက်ကြည့်ရှု့အားပေးခဲ့ပြီး လူနာ၏ အခြေအနေမှာ စိုးရိမ်စရာမရှိဘဲ သက်သာနေပြီဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲကို ယနေ့နံနက်မှစတင်ကာ ညနေပိုင်းအထိ မန္တလေးမြို့ လမ်း(၈၀)ပေါ်ရှိ ယူနန်ဘုရားကျောင်းခန်းမတွင် ကျင်းပလျှက်ရှိသည်။

ရိုက်နှက်ခံရသည့် NLD ပါတီဝင် လူငယ် ဆေးဝါးကုသမူခံယူနေစဉ်။ ဓါတ်ပုံ – Aung Phyo FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်