သတင်း

မန္တလေးမြို့ခံများ ဆက်တိုက်ဖမ်းဆီးခံရ၊ သတင်းအစအနပျောက်နေ

မန္တလေးမြို့တွင် ဇူလိုင်လကုန်ပိုင်းမှစ၍ စစ်ကောင်စီက မြို့ခံများကို ဆက်တိုက်ဖမ်းဆီးနေပြီး အဖမ်းခံရသူများနှင့် ပတ်သက်၍ သတင်းအစနပျောက်နေသည်ဟု သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ဆ(၇)ရပ်ကွက်တွင် နေထိုင်သည့် ကျောင်းဆရာတစ်ဦးနှင့် မဟာအောင်မြေမြို့နယ် ၄၃ လမ်း ၈၀(C) လမ်းထောင့်တွင် နေထိုင်သူ အသက် ၅၄ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးတို့ကို ဇူလိုင် ၂၇ ရက်တွင် စစ်ကောင်စီက နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လိုသူ မြို့ခံပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဖမ်းသွားတာ ဟုတ်တယ်။ ကျောင်းဆရာနဲ့ ဆရာမကြီးပါ။ နောက်ဆက်တွဲတော့ ဘာသတင်းမှ ထွက်မလာဘူး” ဟု ၎င်းက ပြောသည်။

ယင်းတို့ နှစ်ဦးသည် အာဏာဖီဆန်ထားသူ ပညာရေးဝန်ထမ်း(CDM) များဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ အွန်လိုင်းစာသင်ကျောင်းတစ်ကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာနှင့် ဆရာမဟု စွပ်စွဲခံထားရသည်။

ဖမ်းဆီးခံရသူနှစ်ဦး၏ ကွန်ပျူတာ၊ ဖုန်းနှင့် စပ်ဆက်ပစ္စည်းများကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်း အထက်ပါ မြို့ခံက ဆိုသည်။

ဩဂုတ်လ ၁ ရက် နံနက်တွင် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းကို တော်လှန်ရေးအဖွဲ့တစ်ခုက လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဖမ်းဆီးစစ်ဆေးမှု ပိုများလာသည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော No More Dictatorship People Defense Force (NMD) ဆိုသောအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုအပြီး ကျုံးအရှေ့၌ လမ်းတစ်ဖက်ခြမ်းကို ပိတ်ဆို့ကာ စစ်ကောင်စီက စစ်ဆေးရှာဖွေမှုများ အပြင်းအထန်ပြုလုပ်ကြောင်း အသက် ၄၀ အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ၃၁ လမ်းနှင့် ၃၂ လမ်းအကြား ၇၅ လမ်းပေါ်၌ အသက်၂၀အရွယ် လူငယ်တစ်ဦးကို စစ်တပ်က အိမ်စီးကားဖြင့် လိုက်တိုက်ကာ ဒဏ်ရာများဖြင့်ပင် ရိုက်နှက်ဖမ်းဆီးသွားသည်ဟု သိရသည်။ ထိုနေ့၌ပင် ၆၄ လမ်းပေါ်တွင် လူငယ်တစ်ဦး ထပ်မံဖမ်းဆီးခံရသည်ဟု သိရသည်။

ညနေပိုင်းတွင် မန္တလေးမြို့ မြောက်ပြင်ရပ်၌ ပစ္စည်းပို့ဝန်ထမ်းဟု ယူဆရသူ လူငယ်တစ်ဦးကို အိမ်စီးကားဖြင့် ရောက်လာသည့် အရပ်ဝတ် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“သူသယ်လာတဲ့ပုံးထဲက ပစ္စည်းတွေကို ဖွင့်ပြခိုင်းပြီး ဖမ်းသွားတာ။ ကောင်လေးက ပစ္စည်းပို့ဝန်ထမ်းထင်ပါတယ်” ဟု မြို့ခံ အမျိုးသမီးက ဆိုသည်။

ထိုနေ့၌ပင် အမရပူရမြို့၊ ကန်ပတ်လမ်းရှိ မြဘယက်ဘုန်းကြီးကျောင်းကိုလည်း စစ်တပ်က အိမ်စီးကား ၇ စီးဖြင့် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး နောက်ဆက်တွဲကိုမူ မသိရသေးပေ။

ယမန်နေ့ (ဩဂုတ် ၁) နံနက်ပိုင်းကလည်း ၆၂ လမ်းပေါ်၌ လူငယ်တစ်ဦး ဖမ်းဆီးရိုက်နှက်ခံရကာ ၎င်း၏ ဖုန်းဖြင့် အခြားသူများကို ဖုန်းဆက်ခေါ်ခိုင်းနေသည်ကို တွေ့ရသည်ဟု မြို့ခံတို့က ဆိုသည်။

ယနေ့တွင်လည်း မန္တလေးမြို့ ၃၇ လမ်းနှင့် ၃၈ လမ်းအကြား ၈၂ လမ်းပေါ်ရှိ “မိုးဝေကျော်” လက်ဖက်ရည်ဆိုင်၌ မုန့်စားနေသည့် အသက် ၂၅ အရွယ် အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို အိမ်စီးကားများဖြင့် ရောက်လာသည့် ရဲများက ဓာတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးကာ ဖမ်းခေါ်သွားသည်ဟု သိရသည်။

လတ်တလော မန္တလေးမြို့တွင် ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉,၆၈၇ ဦး ရှိနေသည်။

အာဏာလက်မလွှတ်ရေး အကြောင်းအမျိုးမျိုးပြကာ ခြောက်လသက်တမ်းတိုးပြီးနောက် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် ဆက်စပ်သူများ အပါအဝင် အကျဉ်းသား ၇၀၀၀ ကျော် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်သား အနည်းငယ်သာ ပါဝင်ခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button