သတင်း

ရေစကြိုတွင် ကာကွယ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်၊ တစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် ယနေ့ (ဩဂုတ် ၄) နံနက်ပိုင်းက ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

အချိန်နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း MG 6 ပြောက်ကျားတပ်ဟု အမည်ပေးထားသော တော်လှန်ရေးအဖွဲ့မှ ခေါင်းဆောင် အသက် ၂၇ နှစ်အရွယ် မောင်ချမ်းဆိုသူ သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုပြောက်ကျားတပ်ဖွဲ့မှာ ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း မြင်းခြံခရိုင်မှဖြစ်ပြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် လာရောက်အခြေချနေသော အဖွဲ့ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ညပိုင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကျေးရွာတာဝန်ခံတစ်ဦး၏ နေအိမ်ကို MG 6 အဖွဲ့က သေနတ်ပစ်ဖောက် စီးနင်းခဲ့ရာမှ အစပြုကာ ယနေ့တွင် တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်သည်အထိ ဖြစ်ပွားခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ရပ်ကျေးပအဖက အိမ်မှာ ရှိမနေတော့ လူမမည်ကလေးနှစ်ယောက်နဲ့ သူ့မိန်းမကို MG 6 က ဖမ်းသွားတာ။ အဲဒီတော့ ရေလယ်ကျွန်းမှာရှိတဲ့ အင်အားစုတွေက မခံမရပ်နိုင်တော့ ပြန်တောင်းတာ။ မပေးတော့ ပစ်ခတ်မှုဖြစ်တာ”

ကျေးရွာပအဖတာဝန်ခံ၏ ဇနီးဖြစ်သူနှင့် ၁၃ နှစ်အရွယ်၊ ၆ နှစ်အရွယ် ကလေးနှစ်ဦးတို့ကို MG 6 ပြောက်ကျားအဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် မိသားစုဝင် ၃ ဦးကို ပြန်လွှတ်ပေးရန် ရေလယ်ကျွန်းဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ယနေ့ နံနက်ပိုင်း သွားရောက်တောင်းဆိုစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ MG 6 ပြောက်ကျားအဖွဲ့ခေါင်းဆောင် သေဆုံးခဲ့ပြီး ထိုအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးကို ဖမ်းမိထားသည်ဟု သိရသည်။

ရေလယ်ကျွန်းဒေသတွင် အဆိုပါ MG 6 ပြောက်ကျားအဖွဲ့သည် ပြန်ပေးဆွဲမှုများ၊ ဓားပြတိုက်မှု၊ မူးယစ်ဆေးရောင်းဝယ်မှုများ မကြာခဏကျူးလွန်နေသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနထံ တိုင်ကြားထားသည်ဟုလည်း အထက်ပါရေစကြို ပကဖအဖွဲ့ဝင်က ပြောသည်။

“အဲဒီအဖွဲ့က ဖမ်းပြီး ပိုက်ဆံတောင်းတာတွေ လုပ်တာများတယ်။ တစ်လောက ဘုန်းကြီးတစ်ပါးနဲ့ လူနှစ်ယောက် ပျောက်သွားတယ်။ ပြီးတော့ သူတို့ကားကို MG 6 က စီးနေတာ။ အမှန်အတိုင်းပြောရရင် သူတို့ရဲ့ မကောင်းတဲ့ကိစ္စတွေ၊ အနိုင်ကျင့်တဲ့ကိစ္စတွေက များလာတော့ ရေလယ်ကျွန်းမှာရှိတဲ့ ရွာတွေက မခံမရပ်နိုင်တော့ အခုလိုဖြစ်သွားတာ”

အထက်ပါ အချက်အလက်များနှင့် ပတ်သက်၍ MG 6 အဖွဲ့ထံမှ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုသည်ကို မတွေ့ရသေးသည့်နည်းတူ ထိုအဖွဲ့ကို ဆက်သွယ်မေးမြန်းမရသေးပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button