သတင်း

မူဆယ်တွင် ဆီဆိုင်များ အရောင်းအဝယ် ရပ်နားထား

တရုတ်နယ်စပ် အကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဆီတင်သွင်းခွင့်ရ ကုမ္ပဏီများက စက်သုံးဆီကို စစ်ကောင်စီ သတ်မှတ်ဈေးထက် တိုးမြှင့်ရောင်းချခြင်းကြောင့် ဆီဆိုင်များက လုပ်ငန်းရပ်ထားကြသည်ဟု သိရသည်။

အမေရိကန်ဒေါ်လာအခက်အခဲကြောင့် စက်သုံးဆီ လုံလောက်စွာတင်သွင်းနိုင်ရန် အကျပ်ရိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီသည် ပြည်တွင်းကုမ္ပဏီ ၄ ခုကို တရုတ်နိုင်ငံမှ ဆီတင်သွင်းခွင့် မတ်လတွင် ခွင့်ပြုခဲ့ပြီး ဇွန်လ ၁၆ ရက်တွင် လက်လီဆိုင်များကို ဖြန့်ဖြူးစေခဲ့သည်။

ထိုကုမ္ပဏီများက ဆီတင်သွင်းခါစတွင် စစ်ကောင်စီသတ်မှတ်ဈေးထက်ပိုပြီး ကောက်ခံခဲ့သည်။

၁၀၅ မိုင် ဆီဆိုင်များကို တစ်လီတာလျှင် ၇၅ ကျပ်၊ မူဆယ်မြို့နှင့် နန်ခမ်းမြို့တွင် တစ်လီတာလျှင် ၃၅၀ ကျပ်အထိ ထပ်ဆောင်းကောက်ခံခြင်းဖြစ်သည်။

ဩဂုတ်လ ၄ ရက်တွင် ၁၀၅ မိုင် လက်လီဆီဆိုင်များကို တစ်လီတာ ၁၈၅ ကျပ်အထိ တိုးကောက်သဖြင့် လက်လီဆိုင်များက ယင်းတို့ထံမှ ဆီမဝယ်ဘဲ အရောင်းရပ်ထားသည်ဟု မူဆယ်မှ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ပြတ်တဲ့ဆိုင်တွေ ပြတ်နေတယ်။ ဘာလို့ပြတ်နေတာလဲ၊ သူတို့ ဆီဘာလို့ချမပေးတာလဲ မသိရဘူး။ ရောင်းစရာမရှိတာမျိုးတွေအထိ ဖြစ်နေတယ်။ ဒါပေမဲ့ ဆီကားတွေကလည်း ၁၀၅ ကွင်းထဲမှာလည်း အများကြီးပဲ” ဟု ၎င်းက ဆိုသည်။

မူဆယ်မြို့နယ် မူဆယ်-လားရှိုး အမြန်လမ်းမကြီး‌ ၁၀၅ မိုင်အနီး ဖွင့်လှစ်ထားသည့် Denko, BOC, စုစံ၊ ဖူးမက်စ်၊ အသောက (၃)၊ Regency စက်သုံးဆီအရောင်းဆိုင် ၆ ခုသည် ဆီအရောင်းထားသဖြင့် ယာယီပိတ်သိမ်းကြောင်း စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ယခုလ (ဩဂုတ် ၁၈) တွင် ထိုဆိုင်များကို အကြောင်းကြားခဲ့သည်။

ကုမ္ပဏီက တိုးမြှင့်လိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချသည့် ဆိုင်များရှိသလို တချို့ဆိုင်များမှာလည်း တရားဝင်မဟုတ်သော်လည်း အရောင်းရပ်ထားကြသဖြင့် ကုမ္ပဏီဘက်ကလည်း ဆီမချတော့ကြောင်း၊ မကြာမီ အစည်းအဝေးခေါ်ယူမည်ဟု သိရကြောင်း မူဆယ်မှ စက်သုံးဆီလုပ်ငန်းရှင်က ပြောသည်။

မူဆယ်မြို့နှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် စက်သုံးဆီပန့်ဆိုင် ၄၀ ကျော်ရှိသော်လည်း လက်ရှိအချိန်ထိ ၅ ဆိုင်ခန့်သာ တရုတ်ပြည်မှ မှာယူရောင်းချနေကာ ကျန်ဆိုင်များ ပိတ်ထားသည်ဟု သိရသည်။

“အခုထိတော့ တရုတ်ဆီသွင်းလို့ရအောင် ညှိနေတုန်းဘဲ။ ဘယ်ချိန်မှ ပြန်ရမလည်း မသိရသေးဘူး” ဟု ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး ဖွင့်လှစ်ထားသည့် ပန့်ဆီဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

တရုတ်စက်သုံးဆီများကို တင်သွင်းခွင့်ရကုမ္ပဏီများက ထပ်ဆောင်းကောက်ခံသည့်ဈေးအပါအဝင် တစ်လီတာကို ၂၈၀၀ ကျပ် ဝန်းကျင်ရရန် ညှိနှိုင်းနေသည်ဟု သူက ဆိုသည်။

ဆီဆိုင်အများအပြား ပိတ်ထားဆဲဖြစ်၍ တရုတ်ဘက်သို့ ပို့ကုန်တင်ပို့မည့် ကုန်တင်ကားကြီးများလည်း စက်သုံးဆီဝယ်ယူရန် ခက်ခဲနေသည်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲတွင် ကားများ သောင်တင်ကာ ကုန်သွယ်ရေးလည်း နှေးကွေးသွားကြောင်း အမည်မဖော်လိုသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“ကုန်ကားကြီးတွေတောင် သိပ်မတွေ့ရတော့ဘူး။ ဓာတ်ဆီနဲ့ သိပ်ဆိုင်တာပေါ့။ ဒီထက်ကြာလာရင် အဆင်မပြေဘူး။ ၁၀၅ မိုင်က ဆိုင်အတော်များများလည်း ပိတ်ထားတယ် ဆီမရှိလို့” ဟု ၎င်းက ဆိုသည်။

လားရှိုး၊ တောင်ကြီးမြို့များအတွက် ဓာတ်ဆီတစ်လီတာ၏ ရည်ညွှန်းဈေးမှာ ၂၃၆၅ ကျပ်ဖြစ်သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာများတွင် ယမန်နေ့ (ဩဂုတ် ၂၅ ရက်) က ဖော်ပြသည်။

မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်သွင်းသည့် စက်သုံးဆီကို အဓိကသုံးစွဲလျက်ရှိရာမှ ဒေါ်လာအခက်အခဲကြောင့် တရုတ်ဆီတင်သွင်းလာချိန်တွင် ဆီအရည်အသွေး၊ ဈေးနှုန်းတို့နှင့် ပတ်သက်ပြီး ဒေသခံများက စိုးရိမ်နေကြသည်။

တရုတ်စက်သုံးဆီတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားငွေကို စစ်ကောင်စီက ရောင်းပေးခြင်းမရှိဘဲ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် သွင်းနေရခြင်းကြောင့် အရှုံးပေါ်နေ၍ ထပ်ဆောင်းကောက်ခံခြင်းဖြစ်သည်ဟု New Star Light Co.,Ltd ဒါရိုက်တာ ဦးမောင်စိန်က ပြောသည်။

“နိုင်ငံတော်ကနေ နိုင်ငံခြားငွေရောင်းပေးခြင်း ဘာမှမရှိဘူး။ လက်ရှိ ငွေဈေးတက်တဲ့အခြေအနေအရ အရှုံးပေါ်နေတာပေါ့။ တချို့ဟာတွေတော့ ဆိုင်တွေနဲ့ ညှိနှိုင်းပြီး အရှုံးသက်သာအောင် လုပ်တာတော့ ရှိပါတယ်။ ကျွန်တော်တို့က တောက်လျှောက် အရှုံးနဲ့ ရင်ဆိုင်ပြီး ဆောင်ရွက်နေတာပေါ့” ဟု ၎င်းက ဆိုသည်။

ရန်ကုန်ဆိပ်ကမ်းမှ တင်သွင်းသည့် ကုန်သည်များအတွက် လိုအပ်သည့်နိုင်ငံခြားငွေကို စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ရောင်းချနိုင်ကြောင်း၊ တရုတ်ဆီသွင်းသူများမှာ အပြင်ငွေလဲနှုန်းဖြင့် ဝယ်ယူတင်သွင်းရ၍ ထပ်ဆောင်းဈေးကောက်ခံရကြောင်းလည်း သူက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းအရ ဆီတင်သွင်းခွင့်ရသည့် New Star Light သည် ၁၉၉၉ ခုနှစ်ကတည်းက မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး New Starlight အမည်ရ ကုမ္ပဏီအုပ်စုတစ်ခုလုံးကို တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ကျော်ဝင်း (ခ) ရန်ကွေယုံက ပိုင်ဆိုင်သည်။

ထိုသူသည် ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသူတစ်ဦးဟု မန္တလေးမြို့ခံများက ပြောဆိုလေ့ရှိပြီး လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်အတွက် ခရိုနီကြီးများက ကျပ် ၁၆ ဘီလျံကျော် ငွေလှူရာတွင် ကျပ် သိန်း ၈၀၀ ကျော် ထည့်ဝင်လှူဒါန်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button