မန္တလေးမြို့ တိုက်ခိုက်မှုများတွင် ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ
မန္တလေးမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရသွားသည်။
ဩဂုတ် ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်က ချမ်းအေးသာစံမြို့နယ် လမ်း (၇၀) နှင့် (၂၇) လမ်းထောင့်ရှိ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်ထမ်းအမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့သည်။
ပေါက်ကွဲသံ ၂ ချက် ထွက်ပေါ်လာပြီးနောက် မိနစ်အနည်းငယ်အကြာ အဆိုပါရုံးအတွင်း လူနာတင်ကားများ ဝင်ရောက်သွားသည်ကို မြင်ရသည်၊ စစ်ကောင်စီလက်နက်ကိုင်များလည်း ရောက်ရှိလာသည်ဟု ယင်းနေရာအနီးနေထိုင်သူ မြို့ခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ရုံးမှာရှိနေတဲ့ ဝန်ထမ်းသုံးဦး ဒဏ်ရာရတယ်လို့ ကြားရတယ်၊ လူနာတင်ကားတွေနဲ့ သယ်သွားတယ်၊ ဖြစ်ဖြစ်ချင်း မကြာဘူး စစ်သားတွေက အများကြီး ရောက်လာတယ်၊ ရုံးအတွင်းအပြင် အပြည့်ပဲ” ဟု ၎င်းက ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် ထိုရုံးသည် အရပ်သားပြည်သူ အဝင်အထွက်နည်းပါးသည်၊ ဒဏ်ရာရရှိသူများနှင့် ပေါက်ကွဲမှုအခြေအနေအသေးစိတ်ကို မသိရဟု ထိုအမျိုးသမီးက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တပ်ဝါဒါဖြန့်တယ် လီဂရမ်စာမျက်နှာများက NUG လက်အောက်ခံ တော်လှန်ရေးသမားများက တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြကြသည်။ သို့သော် ထိုဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဟု ထုတ်ပြန်လာခြင်းမရှိပေ။
စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် ၅၉ လမ်းနှင့် မနော်ဟရီလမ်းထောင့်တွင် လူတစ်ဦး ပစ်သတ်ခံရသည်။
မနော်ဟရီလမ်းရှိ အသက် (၆၀) ကျော်အရွယ် ဆိုင်ကယ်ပွဲစားတန်းဥက္ကဋ္ဌ ဦးမော်ကြီးဆိုသူ အနီးသို့ ဆိုင်ကယ်စီး အမျိုးသားနှစ်ဦး ရောက်လာပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သွားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
အနီးတွင် ဈေးရောင်းသည့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသွားသည်ဟု သိရသည်။
ဦးမော်ကြီးကို သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခဲ့ကြောင်း မြို့ပြပြောက်ကျား (M. g) ဆိုသည့် အဖွဲ့တစ်ခုက ကြေညာသည်။
ဦးမော်ကြီးသည် စစ်တပ်အမာခံသတင်းပေးတစ်ဦးဖြစ်သည်၊ စစ်ကောင်စီနှင့် ပူးပေါင်းကာ တော်လှန်ရေးအဖွဲ့များကို ရှာဖွေသတင်းပေးခြင်း၊ စစ်ကောင်စီက ဖမ်းဆီးသိမ်းယူထားသည့် တော်လှန်ရေးအဖွဲ့ဝင်များစွာတို့၏ မော်တော်ယာဉ်များကို ပြန်လည်ရောင်းချပေးနေခြင်းတို့ လုပ်ဆောင်နေသည်ဟု M. g အဖွဲ့က စွပ်စွဲထားသည်။
ထိုစွပ်စွဲချက်များနှင့် ပတ်သက်၍ Myanmar Now က အတည်မပြုနိုင်သေးပေ။
စက်တင်ဘာ ၂ တွင်ပင် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်မီးပွိုင့် မလှမ်းမကမ်းရှိ စစ်ကောင်စီဂိတ်အနီးတွင် ဗုံးတွေ့ရှိသည်ဆိုကာ စစ်ကောင်စီ လက်နက်ကိုင်တို့က ဗုံးရှင်းလင်းခြင်း၊ မြို့အတွင်း ပိတ်ဆို့ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့သည်။
စက်တင်ဘာ ၄ နံနက် ၁၁ နာရီကျော်အချိန်တွင်လည်း ပုသိမ်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၊ နေ့လယ်ပိုင်းတွင် မဟာအောင်မြေမြို့နယ် ၈၁ လမ်း၊ လမ်း ၄၀ ထောင့် နဝရတ်စု ရပ်ကွက်အုပ်ချုပ်ရေးရုံးတို့ သေနတ်၊ ဗုံးတို့ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။
ဘဏ်တွင် အထိအခိုက်မရှိခဲ့သော်လည်း နဝရတ်စု ရပ်ကွက်ရုံးရှေ့ ရပ်ထားသည့် ကားတစ်စီး ထိခိုက်ပျက်စီးသည်၊ ရုံးအတွင်းရှိနေသူတစ်ဦးလည်း ဒဏ်ရာရသွားသည်ကို တွေ့ရသည်ဟု ဒေသခံတို့က ဆိုသည်။
အထက်ပါ ဖောက်ခွဲတိုက်ခိုက်မှုများနှင့် ပတ်သတ်ပြီး အသေးစိတ် စုံစမ်းနိုင်ခြင်းမရှိသေးပေ။
မန္တလေးတွင် ဩဂုတ်လအတွင်း ဆရာဝန်၊ ကျောင်းဆရာ၊ဆရာမများ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ကြရသည်။
ဩဂုတ် ၂၃ တွင် မန္တလေးမှ အငြိမ်းစား မျက်စိအထူးကုဆရာဝန်ကြီး၊ ဇနီးနှင့် သားဖြစ်သူတို့ တော်လှန်ရေးသမားများကို ထောက်ပံ့သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခံရသည်။
အသက် (၇၀) ဝန်းကျင် အရွယ်များဖြစ်သည့် မျက်စိအထူးကုဆရာဝန်ကြီး ဦးမြသန်း၊ ဇနီးဖြစ်သူ အဝေးသင်တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြတ်ခိုင်၊ အသက် ၄၅ အရွယ် သားဖြစ်သူ ဦးရန်နောင်ထွန်းတို့ ပိုင်ဆိုင်သည့် မြို့လယ်ရှိ ဆေးခန်းနှင့် ကွန်ဒိုကိုပါ စစ်ကောင်စီက ချိပ်ပိတ်သွားသည်။
ဆန္ဒပြလျှင်ပင် ပစ်သတ်နေသည့် စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆရသူ မည်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်း၍ ပိုင်ဆိုင်မှုများကို သိမ်းယူနေသည်။
မန္တလေးမြို့တွင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သည့် တော်လှန်ရေးအဖွဲ့များကလည်း ယခုစက်တင်ဘာလဆန်းတွင် ပြန်လည်အားကောင်းလာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



