ခုခံတော်လှန်သူများကို မြန်မာစစ်တပ် နိုင်မည်မဟုတ်ဟု တီမောသမ္မတပြော
ခုခံတော်လှန်သူတို့နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီ အနိုင်မရနိုင်ဟု အရှေ့တီမော သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောဆိုကြောင်း အယ်ဂျာဇီးယားသတင်းဌာန၏ စက်တင်ဘာ ၅ ရက်နေ့ ရက်စွဲတပ် အင်တာဗျူးတစ်ခုတွင် ဖော်ပြထားသည်။
အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေသည့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ရောက်ရှိနေသည့် အရှေ့တီမောသမ္မတက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
“မြန်မာစစ်တပ်က ဒီစစ်ပွဲမှာ မနိုင်ပါဘူး။ တိုင်းပြည်ရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ သူတို့ (မြန်မာစစ်တပ်) က ထိန်းချုပ်ထားနိုင်တာပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတော့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲပါ၊ ဒီနေ့ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ စစ်တပ်နဲ့ ပြည်သူတွေအကြား ဖြစ်နေတဲ့ တိုက်ပွဲပါ။ ဒီတိုက်ပွဲမှာ စစ်တပ်အနိုင်ရမှာ မဟုတ်ပါဘူး” ဟု ဟိုဆေးရာမို့စ်ဟော်တာက ပြောသည်။
မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို လက်နက်နှင့် စစ်ဘက်ဆိုင်ရာ အကူအညီများ မပေးရန် မျှော်လင့်သည်ဟုလည်း ဟိုဆေးရာမို့စ်ဟော်တာက ဆိုသည်။
အရှေ့တီမောနိုင်ငံအနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နီးကပ်သော ဆက်ဆံရေးမျိုး ရှိနေသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တီမောနိုင်ငံ၏ဖိတ်ခေါ်ချက်အရ ဇူလိုင် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တီမောနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။
တီမောလက်စတေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်သည့် ထိုခရီးစဉ်အတွင်း တီမောသမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် NUG ဝန်ကြီးတို့ တွေ့ဆုံခဲ့သည်။
တီမောအစိုးရက NUG ကို အသိအမှတ်ပြုဆက်ဆံသော်လည်း စစ်ကောင်စီကို ထိုပွဲသို့ ဖိတ်ကြားခြင်းမရှိဟု သိရသည်။
ထိုအချက်သည် မြန်မာအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအတွက် အမျက်ထွက်စရာဖြစ်ခဲ့သည်။ ယင်းနောက် စက်တင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တီမောသံအမတ်ကို မြန်မာနိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည်။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်း အခက်အခဲများကို အာဆီယံအနေဖြင့် ထိထိရောက်ရောက် မဖြေရှင်းနိုင်ပါက အာဆီယံအဖွဲ့ဝင်အဖြစ် ပူးပေါင်းမည့်ကိစ္စ ပြန်လည်စဉ်းစားမည်ဖြစ်ကြောင်း အရှေ့တီမောဝန်ကြီးချုပ် ရှာနာနဂုစ်မာအိုက ပြောဆိုထားသည်။
မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်ခြင်းကြောင့် ဝန်ကြီးချုပ်က စိတ်ပျက်သည့် သဘောမျိုး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သမ္မတက အယ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် ပြန်လည် ဖြေရှင်းထားသည်။
“မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရာမှာ အာဆီယံလက်တွဲဖော်တွေနဲ့ ကျွန်တော်တို့ ပူးပေါင်း ဖြေရှင်းချင်ပါတယ်” ဟု ဟိုဆေးရာမို့စ်ဟော်တာက ဆိုသည်။
ရှည်မျောမျောပုံစံရှိသည့် တီမောကျွန်းသည် အင်ဒိုနီးရှားကျွန်းစုအတွင်း သြစတေးလျနှင့် နီးကပ်စွာ တည်ရှိသည်၊ ကိုလိုနီခေတ် ပေါ်တူဂီ-ဒတ်ချ်စစ်ပွဲအပြီးတွင် ကျွန်းအရှေ့ပိုင်းကို ပေါ်တူဂီက ထိန်းချုပ်ခဲ့သည်။
၁၉၇၅ တွင် ပေါ်တူဂီအောက်မှ အရှေ့တီမောဒေသ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း ရက်ပိုင်းအတွင်း အင်ဒိုနီးရှားစစ်တပ်၏ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြန်သည်။
အင်ဒိုနီးရှားလက်အောက် ကျရောက်စဉ် သွေးချောင်းစီး သတ်ဖြတ်မှုအများအပြား ပေါ်ပေါက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂအသိအမှတ်ပြု နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။
လက်ရှိသမ္မတသည် ထိုစဉ်က အရှေ့တီမောဒေသ တော်လှန်ရေးအင်အားစု၏ ပြောခွင့်ရသူအဖြစ် ပြည်ပတွင် နေထိုင်ခဲ့သည်။ လက်ရှိဝန်ကြီးချုပ်သည် ထိုစဉ်က လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။
အရှေ့တောင်အာရှဒေသတွင် ပါဝင်သည့်၊ လူဦးရေ ၁ ဒသမ ၃ သန်း ရှိသည့် အရှေ့တီမောသည် ၂၀၂၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရန် ရည်မှန်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



