

ကယားပြည်နယ်မြို့တော် လွိုင်ကော်ရှိ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို လေးရက်ကြာ တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ယနေ့ (နိုဝင်ဘာ ၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော် သေဆုံးခဲ့ပြီး ၃၈ ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု KNDF က ဆိုသည်။ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများကိုလည်း KNDF က သိမ်းဆည်းနိုင်ခဲ့သည်။
လွိုင်ကော်တက္ကသိုလ်တွင် ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းနှစ်ခုက တော်လှန်ရေးတပ်များကို ခုခံပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးဖြစ်သည်ဟု ဆိုသည်။ ခမရ (၆) တပ်ရင်းတွင်မူ လက်နက်ကိုင်အင်အား ထက်ဝက်နီးပါး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အကျအဆုံးများလာပြီးနောက် နိုဝင်ဘာ ၁၄ ရက်နေ့တွင် တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို အပါအဝင် စစ်သား ၃၂ ဦးက လက်နက်ချ အညံ့ခံခဲ့ကြသည်ဟု KNDF က ဆိုသည်။ အခြားစစ်ကောင်စီတပ်သား ခြောက်ဦးကိုလည်း တိုက်ပွဲအတွင်း ဖမ်းမိခဲ့ကြသည်။
တော်လှန်ရေးတပ်များဘက်က အထိအခိုက်ရှိမရှိကိုမူ KNDF က ထုတ်ပြန်ခြင်းမရှိပေ။


KNDF နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုသည် နိုဝင်ဘာ ၁၁ ရက်နေ့က စတင်သည့် ၁၁.၁၁ စစ်ဆင်ရေးအတွင်း မြို့တော် လွိုင်ကော်ကို ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက လွိုင်ကော်မြို့ကို အခြေပြုပြီး ကရင်နီဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေသည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက Myanmar Now ကို ပြောဆိုထားသည်။
“လွိုင်ကော်ကနေပြီးတော့ ဖယ်ခုံ၊ မိုးဗြဲ ကရင်နီပြည် တစ်လျှောက်လုံးကို စစ်ရေးအမိန့်တွေကို အဲ့ဒီကနေ ပေးတယ်။ မိုးရာသီတစ်ခုလုံးမှာလည်း ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့်မို့လို့ လွိုင်ကော်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်နယ်မြို့တော်ကို ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ခံရခြင်းကြောင့် စစ်တပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အမြောက်အမြား အသုံးပြုပြီး တုံ့ပြန်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်တက္ကသိုလ် တိုက်ခိုက်ခံရသည်မှာ မှန်ကန်ကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့က စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
တက္ကသိုလ်အတွင်း စစ်ကောင်စီတပ်များ အခိုင်အမာစခန်းချနေသည်ကိုမူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘဲ ပညာရေးအဆောက်အအုံကို လာရောက်တိုက်ခိုက်ခဲ့ကြသည်ဟု ပြောဆိုသည်။
ထိုတိုက်ခိုက်မှုကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့က လုပ်ဆောင်သည်ဟုလည်း ၎င်းက ဆိုသည်။
လွိုင်ကော်တိုက်ပွဲကြောင့် အဝေးသင်စာမေးပွဲများကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။


နိုင်ငံအရှေ့ပိုင်းမှ ကယား (ကရင်နီ) ပြည်နယ်၏ မြို့တော်လွိုင်ကော်သည် လူဦးရေ ၅၀၀၀၀ ကျော်ခန့်သာ နေထိုင်သည့် မြို့ငယ်လေးဖြစ်သော်လည်း ပထဝီအနေအထားအရ အရေးပါသည့်မြို့ဖြစ်သည်။
နိုင်ငံအတွက် ပမာဏများပြားသော လျှပ်စစ်ဓာတ်အားထုတ်ပေးနေသည့် လောပိတရေအားလျှပ်စစ်စက်ရုံသည် လွိုင်ကော်မြို့နယ်ထဲတွင် တည်ရှိသည်။
ထို့ပြင် စစ်ကောင်စီဌာနချုပ်ရှိရာ နေပြည်တော်နှင့် မိုင် ၇၀ ခန့်သာ ကွာဝေးသည့် မြို့လည်းဖြစ်ရာ စစ်ကောင်စီက လွိုင်ကော်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခု ဖွဲ့စည်းထားပြီး အခိုင်အမာ တပ်စွဲထားသည်။
တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့်အတွက် လွိုင်ကော်မြို့ပေါ်တွင် ပိတ်မိနေသူများရှိရာ ၎င်းတို့ကို ဘေးလွတ်ရာသို့ ကယ်ထုတ်နေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်တပ်က ပစ်ခတ်မှုများကြောင်း၊ နိုဝင်ဘာ ၁၁ ကနေ ၁၃ ရက်နေ့အထိ အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ထိုထုတ်ပြန်ချက်က ဆိုသည်။
မြို့အတွင်း၌ ပိတ်မိနေသူများကို ကယ်ထုတ်လာသည့်ယာဉ်တန်းကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၅) တွင် လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ကရင်နီပြည် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၏ ဒုဌာနမှူး မော်ရီးရီ၏ ပြောဆိုချက်ကို ကိုးကားပြီး ဖက်ဒရယ် FM သတင်းဌာနက ရေးသားထားသည်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



