သတင်း

တန့်ဆည်မြို့မှ PDF အဖွဲ့များ ပြန်ဆုတ်၊ ဆေးရုံနှင့် စာသင်ကျောင်းမကျန် ဗုံးကြဲခံရ

မြို့သိမ်းတိုက်ပွဲ မအောင်မမြင်ဖြစ်ကာ PDF အဖွဲ့များ ပြန်ဆုတ်သွားပြီးနောက် စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ တန့်ဆည်မြို့အနီးတွင် အာဏာသိမ်းစစ်တပ်က ဆေးရုံနှင့် စာသင်ကျောင်းပါမကျန် ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

ဒေသကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် တန့်ဆည်မြို့မြောက်ဘက် ၁၂ မိုင်အကွာရှိ ရွာရှည်ရွာမှ တိုက်နယ်ဆေးရုံနှင့် အထက်တန်းကျောင်းကို ယနေ့ (နိုဝင်ဘာ ၃၀) နံနက်အစောပိုင်းတွင် စစ်တပ်က ဗုံးကြဲခဲ့သည်။

ဗုံးတိုက်ရိုက်ထိမှန်သဖြင့် စာသင်ကျောင်း လုံးဝပျက်စီးသွားကာ ဆေးရုံနှင့် မလှမ်းမကမ်းတွင် နောက်ထပ်ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲသော်လည်း လူနာများ ထိခိုက်မှုမရှိဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆေးရုံကို ကြဲတဲ့အလုံးက ကံကောင်းစွာနဲ့ လမ်းနဲ့ ကျော်ပြီးတော့ ကွင်းပြင်ထဲ ကျတာ။ ပေါက်ကွဲအားပြင်းတော့ အဲဒီနားက အိမ်နှစ်လုံး ပျက်စီးသွားတာ.. ဆေးရုံမှာက လူနာတွေ ပုံမှန်ရှိတယ်။ တစ်နယ်လုံးက ဒီမှာပဲ ကုရတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသော်လည်း မည်သည့်ဗုံးအမျိုးအစားဖြစ်သည်ကို အတည်မပြုနိုင်ပေ။

ယနေ့ နံနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှု မရှိသော်လည်း ယမန်နေ့က တန့်ဆည်မြို့ပေါ်၌ ဗုံးကြဲခံရစဉ် အရပ်သားတစ်ဦး သေဆုံးသည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့များနှင့် ဒေသကာကွယ်ရေးအဖွဲ့များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရပြီးနောက် စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ပြီး လက်တုံ့ပြန်လာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ သိမ်းယူတိုက်ခိုက်ထားမှုများ အခြေအနေပြ မြေပုံ။

တန့်ဆည်မြို့ပေါ်၌ စစ်သားများတပ်စွဲထားရာ ထွေအုပ်ရုံး၊ ဘောလုံးကွင်းနှင့် ရဲစခန်းများကို PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် ယမန်နေ့ မွန်းလွဲပိုင်း၌ ရဲစခန်းတစ်ခုသာ ကျန်တော့သည်အထိ မြို့ကို စီးမိခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် စစ်ကူရောက်လာသည်အတွက် နောက်ပြန်ဆုတ်ခဲ့ရသည်။

ယမန်နေ့၌ စီးနင်းတိုက်ခိုက်ခံနေရစဉ်အတွင်း စစ်တပ်က တန့်ဆည်မြို့ပေါ်ကို ၆ ကြိမ်တိုင် ဗုံးကြဲခဲ့သည်ဟု သိရသည်။ ထို့ပြင် လေကြောင်းဖြင့် ပစ်ကူပေးသည့်အပြင် စစ်ကူများလည်း ချပေးခဲ့ရာ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေးအင်အားစုများ တပ်ပြန်ဆုတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က ယမန်နေ့တွင် လေကြောင်းမှနေ၍ စစ်ကူသုံးကြိမ်ချပေးခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“‌စစ်ကူကလည်း တန့်ဆည် (မြို့ပေါ်) ကို ချလို့မရဘူး။ တန့်ဆည်တောင်ဘက်က အင်ကြင်းပင်တောရကို ချတာ။ နောက်နေ့ ဝိုင်းခံရမှားစိုးတဲ့ (ပြန်ဆုတ်တဲ့) သဘောပေါ့”

တော်လှန်ရေးအဖွဲ့များ ပြန်ဆုတ်သွားပြီးနောက် လေကြောင်းဖြင့် ရောက်လာသည့် စစ်သားများသည် တန့်ဆည်မြို့တွင်းရှိ စစ်တပ်နှင့် ပူးပေါင်းသွားသည်ဟု သိရသည်။​

မြို့ကို ဝင်ရောက်စီးနင်းစဉ် တော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ စစ်ကောင်စီဘက်တွင်လည်း သေဆုံးသူများရှိကြောင်း၊ လက်နက်တချို့ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့မှာ စစ်ကိုင်းတိုင်းအလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေသည့် မူးမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိပြီး အနီးဆုံးမြို့များအနေဖြင့် အထက်ပိုင်းတွင်း ကျွန်းလှ၊ ကန့်ဘလူ၊ အောက်ဘက်တွင် ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည်တို့ ရှိသည်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရေး တော်လှန်ရေးတပ်ဖွဲ့များက တန့်ဆည်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာ ယခုလအတွင်း နှစ်ကြိမ်ရှိပြီဖြစ်သည်။

ရှမ်းမြောက်အခြေစိုက် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ စစ်စခန်းအမြောက်အမြား ဆုံးရှုံးနေချိန် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကူအညီဖြင့် တိုက်ပွဲများဖော်ဆောင်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့တစ်မြို့ဖြစ်သော ကောလင်းနှင့် စစ်ကိုင်းတိုင်းအနောက်ပိုင်း ခမ်းပတ်မြို့၊ ရွှေပြည်အေးမြို့တို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းယူထားပြီး ရဲစခန်းနှင့် ပျူစောထီးစခန်းများကိုလည်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။

Show More

Related Articles

Back to top button