ရဲဘက်စခန်းတချို့မှ ဝန်ထမ်းများ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့မှုအတွက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်အသစ် ဦးမျိုးဆွေက အောက်ခြေအရာရှိများကို အပြစ်တင်နေကြောင်း ဝန်ထမ်းများထံမှ သိရသည်။
ဦးမျိုးဆွေသည် ဇူလိုင်လအတွင်းကမှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ အမိန့်ဖြင့် အကျဉ်းဦးစီးညွှန်ချုပ်ဖြစ်လာသူဖြစ်သည်။ သူသည် ဗိုလ်မှူးချုပ်ရာထူးဖြင့် ရှမ်းပြည်နယ်၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် (၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်အဖြစ်မှ အရပ်ဘက်သို့ ရောက်လာသူဖြစ်သည်။
ရဲဘက်စခန်းများသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခံထားရသူများကို ချုပ်နှောင်ခိုင်းစေသည့် နေရာများဖြစ်ပြီး ဦးမျိုးဆွေလက်ထက်တွင် နိုင်ငံအနှံ့အပြား ရဲဘက်စခန်း (၇) ခုထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်လိုက်သည်။
ထိုသို့လက်နက်ချရာတွင် ရဲဘက်စခန်းတချို့ကို တာဝန်ယူထားရသည့် အကျဉ်းဦးစီးဌာနဝန်ထမ်းများ ခုခံခြင်းမရှိဘဲ အလွယ်တကူ အညံ့ခံသဖြင့် အောက်ခြေဝန်ထမ်းများကို ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေက ပြစ်တင်ဝေဖန်ခဲ့သည်ဟု ဝန်ထမ်းများက ဆိုသည်။

“သေနတ်တစ်ချက်မပစ်ရဘဲနဲ့ ဒီလိုအကျပေးရမလားဆိုပြီး အထက်က၊ ကာကွယ်ရေးက အပြစ်ရှာတာပေါ့” ဟု မြန်မာနိုင်ငံအထက်ပိုင်းအကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
“ညွှန်ချုပ်ကြီးက ဝန်ထမ်းတွေကို (တိုက်ပွဲဖြစ်တဲ့နေရာက ရဲဘက်စခန်းတွေဆီ) ပြန်သွားခိုင်းတယ်”
အကျဉ်းဦးစီးညွှန်ချုပ်သစ်သည် အောက်ခြေဝန်ထမ်းများကို ဖိအားများပေးနေခဲ့သော်လည်း ရဲဘက်စခန်းများကို ကာကွယ်ရန် သင့်လျော်သည့် လက်နက်ခဲယမ်းအပါအဝင် လုံလောက်သည့် ထောက်ပံ့မှုများ ပေးမထားကြောင်း ၎င်းက ဆိုသည်။
အကျဉ်းထောင်ဝန်ထမ်းများကို ထုတ်ပေးထားသည့် သေနတ်များသည် စစ်တပ်တွင် မသုံးတော့သည့် MA 11 သေနတ်ဟောင်းများဖြစ်ကြောင်း၊ ကျည်လေးငါးတောင့်ခန့်သာ ပစ်နိုင်သဖြင့် အကျဉ်းသားများကို သေနတ်ပြခြိမ်းခြောက်ခြင်းအတွက် အသုံးဝင်သော်လည်း တိုက်ပွဲဖြစ်ပွားချိန်တွင် အသုံးမဝင်ကြောင်း ၎င်းက ဆိုသည်။
“ဖြစ်လာရင် ကိုယ့်မိသားစုကိုယ်ပြန်ကြည့်ကြမယ့်ပုံပဲ” ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းက ပြောသည်။

အာဏာသိမ်းပြီး ၂ ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၃ တွင် အကျဉ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းကို ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးပေးခဲ့သော်လည်း ၂၀၂၃ ဇူလိုင် ၁၃ ရက်နေ့တွင် ဦးဇော်မင်းကို ရာထူးမှ ဖယ်ရှားကာ ဦးမျိုးဆွေနှင့် အစားထိုးခဲ့သည်။
ဦးဇော်မင်းသည် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်နှိပ်စက်ရာတွင် အဓိကတာဝန်ရှိသူတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ ၂၀၂၂ နိုဝင်ဘာ ၈ တွင် ဥရောပသမဂ္ဂ (EU) ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံခဲ့ရသည်။
လက်နက်ချရဲဘက်စခန်းများ
စစ်ကောင်စီလက်အောက်မှ ရဲဘက်စခန်း ၇ ခုဖြစ်သည့် စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲမှ သနန်၊ ကလေးမြို့နယ်မှ ရာဇဂြိုလ် ၁ နှင့် ၂ ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ လွင်ကြီး၊ ကျူအင်း၊ ခိုဟိုနှင့် ကုန်းစံ တို့သည် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ လွင်ကြီး၊ ကျူအင်း၊ ခိုဟိုနှင့် ကုန်းစံ ရဲဘက်စခန်းများမှ ဝန်ထမ်းများသည် နိုဝင်ဘာလ ၁၉ ရက်နေ့က တအာင်းလွတ်မြောက်ရေးတပ် (TLNA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး/MDY-PDF) တို့ထံတွင် လက်နက်ချခဲ့ခြင်းဖြစ်သည်။ ထိုစခန်းများမှ လက်နက် ၁၀၀ ကျော်နှင့် ဆက်စပ်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း TNLA, MDY-PDF တို့က ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲမှ သနန်ရဲဘက်စခန်းကို နိုဝင်ဘာ ၂၂ ရက်နေ့က ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ ရာဇဂြိုလ် ၁ နှင့် ၂ ရဲဘက်စခန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ပူးပေါင်းသိမ်းပိုက်ခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းကလည်း စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်း အိန္ဒိယနယ်စပ် တမူးမြို့ရှိ အုတ်ဖိုကန်ဘောင် ရဲဘက်စခန်းကို PDF (တမူး) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထောင်ပိုင်အပါအဝင် ၁၁ ဦးခန့် သေဆုံးသည်။
လွိုင်ကော်ထောင် တိုက်ခိုက်ခံရစဉ် ထောင်အရာရှိတစ်ဦး သေဆုံးခဲ့
နိုဝင်ဘာလလယ်ပိုင်းက လွိုင်ကော်အကျဉ်းထောင်၌ ကရင်နီတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်စဉ် ထောင်အရာရှိတစ်ဦး သေဆုံးခဲ့သည်ဟု အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးထံမှသိရသည်။
တော်လှန်ရေးအင်အားစုများက လွိုင်ကော်ထောင်ကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်နှင့်အတူ အကျဉ်းဦးစီးဌာန ဝန်ထမ်းများလည်း ပါဝင်ခဲ့ရသည်ဟု ဆိုသည်။
သေဆုံးခဲ့သည့် အကျဉ်းဦးစီးအရာရှိမှာ လွိုင်ကော်ထောင်၌ တာဝန်ထမ်းဆောင်နေသူ လက်ထောက်ကြီးကြပ်ရေးမှူး (၁) လွင်ပိုင်စိုးဖြစ်သည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေကို မသိရပေ။
Myanmar Now က ရရှိထားသည့် ဓာတ်ပုံတချို့တွင် လွိုင်ကော်ထောင်တွင်းရှိ အဆောက်အအုံတစ်ခု ကျည်ဆန်ရာဗရပွဖြစ်နေကာ အခြားအဆောက်အအုံတစ်ခု၌ ပြတင်းပေါက်များကို သဲအိတ်များဖြင့် ကာရံကာ ခုခံတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။
ကရင်နီတော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၁၁ ရက်မှစ၍ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ကာ ယနေ့အချိန်ထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။ စစ်ကောင်စီဘက်က လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်နေသော်လည်း ဒေသတော်လှန်ရေးအဖွဲ့များက လွိုင်ကော်မြို့ဧရိယာထက်ဝက်ကို ထိန်းချုပ်ထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းဦစီးဌာနလက်အောက်ခံ ရဲဘက်စခန်း ၇ ခုထက်မနည်း လက်လွတ်ဆုံးရှုံးထားသည်။ လွန်ခဲ့သည့်လအတွင်း ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က “၁၀၂၇” စစ်ဆင်ရေးဖြင့် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့နယ်ရှိ ရဲဘက်အကျဉ်းစခန်း ၄ ခု လက်နက်ချခဲ့သည်။



