စစ်ရေးပြင်းထန်နေသော ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် စစ်ကောင်စီအခြေစိုက် စခန်းတစ်ခုကို ယမန်နေ့ (ဒီဇင်ဘာ ၇) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲမှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။
မုန်းမြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာ အင်အား ၃၀ ခန့်ရှိ ကော့ပြင်း စစ်တပ်စခန်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“သူတို့ဘက်က စခန်းကို စွ့န်ပြီးတော့ ထွက်ပြေးသွားတယ်။ လက်နက်ငယ် ၄ လက်နဲ့ ၆၀ မမ တစ်လက် ရတယ်။ စခန်းကိုတော့ ကျွန်တော်တို့ မီးရှို့ဖျက်ဆီးပြီးတော့ ထားခဲ့ပါတယ်” ဟု အမှတ် (၂) စစ်ဒေသခွဲ ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောသည်။
လက်ရှိတွင် မုန်းမြို့ကို အလုံးစုံပြန်ရရေး စစ်ကောင်စီက ထိုးစစ်ဆင်နေသလို KNLA, PDF ပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု NUG ဘက်ကလည်း ဆိုသည်။
မုန်းမြို့နှင့်အနီးတဝိုက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ယမန်နေ့ နေ့လယ်တွင် မြို့ပေါ် ရပ်ကွက်တချို့ကို မီးရှို့ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
မြို့အခြေအနေအသေးစိတ် မသိရသေးပေ။
စစ်ကောင်စီတပ်က အထိနာလျှင် နီးစပ်ရာနေအိမ်များကို မီးရှို့ဖျက်ဆီးတတ်သည်ဟု တော်လှန်ရေးအင်အားစုက ပြောပြီး စစ်ကောင်စီကမူ ၎င်း၏တပ်များ ထိုအမှုမျိုး ကျူးလွန်ခြင်းမရှိဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။
မုန်းအခြေစိုက် ခမရစခန်း ၂ ခုနှင့် ရဲစခန်း၊ ဂိတ်စခန်းတစ်ခုကို ဒီဇင်ဘာ ၄ ရက်ညနေတွင် အပြီးသတ် တိုက်ခိုက်သိမ်းယူပြီးနောက် KNU,PDF ပူးပေါင်းတပ်များ ပြန်ထွက်ခွာသွားကာ မြို့အနီးဝန်းကျင်တွင် ဆက်လက်နေရာယူထားသည်ဟု သိရသည်။
ထိုတိုက်ပွဲများအတွင်း နှစ်ဖက်အထိအခိုက်အကျဆုံးများစွာ ရှိကြောင်း သိရသည်၊ သို့သော်လည်း ထိခိုက်မှုအခြေအနေကို နှစ်ဖက်လုံးက ထုတ်ပြန်လေ့မရှိပေ။
ဒီဇင်ဘာ ၂ ရက်မှ စတင်သည့် မုန်းမြို့အနီးတိုက်ပွဲများကြောင့် မြို့ပေါ်နှင့် အနီးနားကျေးရွာ ၉၀ ကျော်မှ ဒေသ ခံ သောင်းချီထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဤအခြေအနေတွင် လေတပ်ကလည်း မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်မှု များ ဆက်တိုက် ပြုလုပ်နေသည်။
မုန်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာ ၉၅ ရွာမှ တိမ်းရှောင်ရသော အရပ်သား ၇၀၀၀၀ ဝန်းကျင်ခန့် ရှိပြီး ၎င်းတို့အတွက် စားနပ် ရိက္ခာ၊ အမိုးအကာ၊ စောင်နှင့် ဆေးဝါးတို့ အရေးပေါ် လိုအပ်နေကြောင်း KNU က ယမန်နေ့တွင် ထုတ်ပြန်သည်။
အရပ်သားအဆောက်အအုံများအတွင်းမှ စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ပါက ထိုနေရာများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသလို ယခင်ကတည်းကလည်း စစ်ကောင်စီသည် အရပ်ဘက်၊ စစ်ဘက် မခွဲဘဲ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည်။
ကျောက်ကြီးမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်ထိစပ်သော နေရာတွင် တည်ရှိသည့် မုန်းမြို့သည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၀၀၀၀ ကျော်ခန့် နေထိုင်သလို KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) ညောင်လေးပင်ခရိုင် တွင် ပါဝင်သည်။
ဒီဇင်ဘာ ၂ ရက် ညပိုင်းတွင် မုန်းဒေသအခြေစိုက် စစ်တပ် တပ်ရင်းစခန်းများကို KNU နှင့် NUG လက် အောက်ခံ တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ -၅၉၉ ၊ ခမရ-၅၉၀ စခန်း များအပါအဝင် မုန်းမြို့မရဲစခန်းနှင့် တံတားဂိတ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများဘက်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် စစ်တပ်က ၎င်းတို့ ပြန်လည်နေရာယူထားကြောင်း ဓာတ်ပုံများထုတ်ပြန်ခဲ့သလို KNU,NUG ဘက်ကလည်း သိမ်းဆည်းရမိလက်နက်များ၊ လက်နက်ချသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ မိသားစုဝင်များ ၊ လက်ရုံးတပ်များမှ တပ်ဖွဲ့ဝင်များကို ဓာတ်ပုံများနှင့် ထုတ်ပြန်သည်။
ထို့ပြင် ခမရ−၅၉၀ အတွင်း ဝင်ရောက်တပ်စွဲထားသော ခြေလျင်တပ်ရင်း ခလရ−၈၄ မှ ၁၉ ဦးလည်း လက်နက် ချရာတွင်ပါဝင်ကာ အရာရှိအဆင့်အနေဖြင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လတ်ခိုင် (၃၉ နှစ်) ၊ တပ်ခွဲမှူး ဗိုလ်ကြီးအာကာစိုး (၃၃ နှစ်) ၊ အင်ဂျင်နီယာ တပ်စုမှူး ဗိုလ်ကြီးနိုင်နိုင်ထွန်း (၃၄ နှစ်) ၊ ဒုအရာ ခံဗိုလ်လှသိန်း (၅၈ နှစ်) ၊ ဒုအရာခံဗိုလ်သန်းအောင် (၅၁ နှစ်) တို့ပါဝင်သည်။
မြို့၏အနောက်ဘက်တွင် စစ်တောင်းမြစ်၊ တောင်ဘက်ခြမ်းရှိ တုံးတောရွာတွင် ခမရ- ၅၉၉ နှင့် မြို့ အရှေ့ဘက် ရေအိုးစဉ်ရွာတွင် ခမရ- ၅၉၀ တို့ အခြေစိုက်စခန်းများရှိကာ လက်ရှိ ထိုစခန်းများအခြေ အနေ မသိရပေ။
မုန်းမြို့အနီး တိုက်ပွဲများတွင် KNLA တပ်ရင်းများ၊ NUG ၏ ရိုးမစစ်ကြောင်းများ၊ အခြား PDF တပ်ဖွဲ့ များ၊ BPLA, ABSDF တို့ ပါဝင်တိုက်ခိုက်နေသည်။




