စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်ကောင်စီလေတပ်က ယနေ့ (ဒီဇင်ဘာ ၁၂) မွန်းတည့်ချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြို့နယ်တရားသူကြီး အပါအဝင် ၆ ဦး သေဆုံး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရသည်ဟု သိရသည်။
ယောဒေသနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအနောက်တောင်ဘက်ခြမ်းရှိ ထိုရွာတွင် အခြေစိုက်သော မြို့နယ်တရားရုံးကို ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်တရားရေးတာဝန်ရှိသူတစ်ဦးနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်တို့ထံမှ သိရသည်။
သေဆုံးသူများမှာ အသက် ၂၇ နှစ်အရွယ် မြို့နယ်တရားသူကြီး ဦးပေါပြည့်အောင်၊ ၎င်း၏ဇနီး ၂၂ နှစ်အရွယ် ဒေါ်သဲသဲသဲသဲ၊ ၂၆ နှစ်အရွယ် ပလဖ ရဲဘော် မိုးမိုး၊ ၂၀ ကျော်အရွယ် ပလဖရဲဘော်တစ်ဦး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
မြို့အနောက်ဘက် ၈ မိုင်အကွာရှိ မင်းတိုင်ပင်ရွာအနောက်ပိုင်း၌ တည်ဆောက်ထားသည့် မြို့နယ်တရားရုံးပေါ် တည့်တည့် နှစ်လုံးတွဲ ဗုံးသီး နှစ်ကြိမ် ကျရောက်ပေါက်ကွဲရာ ထို ၆ ဦးမှာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ထိုတိုက်ခိုက်မှုမှ လွတ်မြောက်လာသည့် မြို့နယ်တရားရေးဌာန တာဝန်ရှိသူ အမျိုးသားက ပြောသည်။
“ဗုံးသီးကျတဲ့နေရာနဲ့ ကျွန်တော့်နေရာက ဘယ်လောက်မှ မကွာတော့ဘူး။ ဗုံးသီးတွေကို မြင်နေရတာ။ ကျွန်တော်တို့လည်း ဒီထဲ ပါသွားပြီးလို့ ထင်လိုက်တာ။ ပထမ ….ဗုံးသီးကွဲတဲ့အသံ ကြားလိုက်တော့ ငါ အသက်လွတ်သေးတယ်ဆိုပြီး ပြန်ထမယ်အလုပ် နောက်တစ်သုတ် လာချသွားတာ။ နှစ်လုံးစီက တစ်မိနစ်လောက်ပဲ ကွာတယ်” ဟု ထိုသူက ဆိုသည်။
၎င်းမှာ တရားရုံးနှင့် မီတာ ၈၀၀ ခန့်အကွာတွင် ရှိနေချိန် ဗုံးကြဲမှုကို ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။
တရားရုံးအတွင်း ရှိနေသည့်၊ တော်လှန်ရေးအင်အားစုများထံ ပူးပေါင်းလာသည့် ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့မှ မိသားစုဝင် ၃ ဦးတို့လည်း အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ မင်းတိုင်ပင်ရွာသည် ပုလဲမြို့အနောက်ဘက် ၈ မိုင်ခန့်တွင် ရှိပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသည့်ကျေးရွာဖြစ်သည်။
သေဆုံးသူ အမျိုးသားနှင့် အမျိုးသမီး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း အထက်ပါ တရားရေးတာဝန်ရှိသူက ဆက်ပြောသည်။
“နောက်နှစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာတောင် ခွဲခြားလို့ မရသေးဘူး။ အလောင်းက မမှတ်မိလောက်အောင် ပျက်စီးသွားတာ။ တိုက်ပွဲမရှိဘူးဗျ။ တမင်လာပြီးကာမှ လေကြောင်းတိုက်ခိုက်မှု…လုပ်သွားတာ” ဟု သူက ဆိုသည်။

ပုလဲမြို့နယ်တွင် NUG တရားရေးစီရင်ရေးယန္တရားမှာ ယခင်က ရွှေ့လျားပုံစံဖြင့် လည်ပတ်ခဲ့သည်၊ ရုံးထိုင်၍ မြို့နယ်တွင်းရှိ ပြစ်မှုများ စစ်ဆေးမှုများကို လွန်ခဲ့သည့် ၈ လခန့်မှစတင်၍ ဆောင်ရွက်နေသည်ဟု ဆိုသည်။
“တိုက်ပွဲ …မရှိဘူး။ နယ်မြေမှာ စစ်ကောင်စီသတင်းပေးတွေကို ဖမ်းဆီးထိန်းသိမ်းရတာရှိတယ်။ ဖမ်းဆီးထိန်းသိမ်းတဲ့အခါမှာ စစ်ဆေးပြီးကာမှ သက်ဆိုင်ရာအချုပ်ထောင်ကို ပို့လိုက်တာရှိတယ်။ သူတို့နဲ့ ဆက်စပ်တဲ့ သတင်ပေးတွေကပဲ ဒီနေရာကို သတင်းပေးလိုက်တယ်လို့ လောလောဆယ် ယူဆထားပါတယ်” ဟု အထက်ပါ တရားရေးတာဝန်ရှိသူက ပြောသည်။
မြေပြင်သတင်းပေးသူရှိ၍ NUG မြို့နယ်တရားရုံးကို ဦးတည် တိုက်ခိုက်ခဲ့ခြင်းဖြစ်မည်ဟု မြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်က သုံးသပ်သည်။
“အမှုပေါင်းများလာတဲ့အခါမှာ အမှုသည်တွေအပါအဝင် သူတို့နဲ့ ဆက်စပ်တဲ့သူတွေလည်း ပါလာတာဆိုတော့ ဒီထဲမှာ သတင်းပေးက ပါလာမလား ကျွန်တော်တို့လည်း မသိရဘူး။ ဒီလိုအခြေနေတွေကြောင့် သတင်းပေါက်သွားတာ။ ရွေ့လျားပုံစံနဲ့ စစ်တယ်ဆိုရင် ဒီလိုအခြေနေမျိုးတွေ ဖြစ်မလားနိုင်တော့ဘူး” ဟု ကိုဇော်ထက်က ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် NUG တရားသူကြီး ဦးပေါပြည့်အောင်မှာ ယခင်က ပုလဲမြို့နယ်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူဖြစ်သည်။
CDM မလုပ်ခင်ကလည်း မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများကို ရဲတပ်ဖွဲ့အတွင်းမှ သတင်းပေးနေသူ (သို့) ဖရဲသီးအဖြစ် ကူညီပေးခဲ့သူဖြစ်ကြောင်း၊ CDM လုပ်ပြီးနောက် တရားရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၅ ရက်နေ့ကလည်း မင်းတိုင်ပင်ရွာအနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဖလံပင်ရွာတွင် အခြေစိုက်သည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အထူးကွန်မန်ဒိုများပါ အသုံးပြုစီးနင်းခဲ့သည်။
အဆိုပါ စီးနင်းမှုအတွင်း ရှစ်တန်းကျောင်းသား အပါအဝင် ပြည်သူ ၃ ဦး၊ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး၊ အမှုများကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အချုပ်သား ၁၀ ဦးနှင့် စစ်သားတစ်ဦးတို့ သေဆုံးခဲ့သည်။
ကျွန်းလှတွင်လည်း လေကြောင်းမှ တိုက်ခိုက်
အလားတူ လက်နက်ကိုင် တော်လှန်ခုခံမှု အားကောင်းရာ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂ ရက်ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။
ဒီဇင်ဘာ ၁၁ ရက်နေ့ ည သန်းခေါင်ယံခန့်တွင် တိုက်လေယာဉ်ဖြင့် ကျွန်းလှမြို့နယ် လိပ်စင်းတောင်ရွာအနီးကို တိုက်ခဲ့သလို၊ ဒီဇင်ဘာ ၁၁ နံနက် ၈ နာရီခန့်က ကျွန်းလှမြို့အနောက်ဘက်ရှိ သဖန်းဆိပ်တည်အနီး လိပ်စင်းတောင်နှင့် အေးချမ်းသာရွာ အကြား လေကြောင်းဖြင့် တစ်နာရီခွဲနီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လာပစ်တာပဲ။ အေးချမ်းသာရွာနဲ့ လိပ်စင်းတောင်ရွာကြားမှာ ကားတစ်စီး ရပ်ထားတာ၊ အဲ့တစ်စီးတော့ ထိသွားမှာပဲ။ အဲ့ဒီနား ရွာတွေက ပြည်သူတွေတော့ အခု ရွာပြင်ကို ထွက်ပြီး ရှောင်နေကြပြီ”

အရပ်သားထိခိုက်မှု မရှိသော်လည်း ထိုလေကြောင်းတိုက်ခိုက်မှုမှာ တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကူလာမည့် တော်လှန်ရေးအင်အားစုများ၏ လမ်းကြောင်းကို ဖြတ်တောက်လိုသည့်သဘောဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သော ဒေသခံတစ်ဦးက ဆိုသည်။
“တန့်ဆည်မှာက မြို့သိမ်းတိုက်ပွဲတွေ ရှိနေတဲ့အချိန် တန့်ဆည်နဲ့ လမ်းကြောင်းကို ဒီဘက် (ကျွန်းလှ) က ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲကို လာမှာစိုးလို့ တားတဲ့ သဘောမျိုးနဲ့ ကြဲတာဖြစ်နိုင်တယ်၊ နောက်တစ်ချက်က PDF လေးတွေ စစ်ကူမသွားနိုင်အောင်လို့ ဖြတ်တောက်တဲ့အနေနဲ့ ကြဲတာဖြစ်နိုင်ပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
“မြို့သိမ်းတိုက်ပွဲတွေက မကြာတော့တဲ့အချိန်မှာ လုပ်မှာဆိုပြီး သတင်းတွေ ထွက်လာတော့ ဒီ.. အတွက်နဲ့ ဗုံးကြဲတာ ဖြစ်နိုင်ချေ ပိုများပါတယ်”
ဗုံးကြဲတိုက်ခိုက်ခံရသည့်အနီး ကျေးရွာများဖြစ်သော လိပ်စင်းတောင်၊ တပုတော၊ သရက်ပင်၊ အေးချမ်းသာ၊ ပေကုန်း၊ သာယာကုန်း စသည့် ၆ ရွာမှ ဒေသခံ သုံးသောင်းခန့်သည် ယမန်နေ့ကတည်းက ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။
ကျွန်းလှမြို့ သဖန်းဆိပ်ဆည် အနောက်ဘက်ရှိ ကျေးရွာများသည် တောတောင်ထူထပ်ပြီး အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်သူများ လှုပ်ရှားသွားလာရာ ဒေသဖြစ်သည်ဟု စစ်တပ်က ယူဆပြီး မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်ကာ တိုက်ခိုက်လေ့ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က လိပ်စင်းတောင်ရွာအနီးသို့ MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာအတွင်းရှိ နေအိမ်တချို့ ပျက်စီးခဲ့ရသည်။
ကျွန်းလှမြို့နယ် အရှေ့ဘက်မြောက်ဘက် ကပ်လျက်တွင် တည်ရှိသည့် ကောလင်းမြို့နယ်ကိုလည်း NUG လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလဆန်းပိုင်းတွင် တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့သည်။
ယင်းအပြင် ကျွန်းလှမြို့ တောင်ဘက်ရှိ တန့်ဆည်မြို့တွင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်းယူနိုင်ရန် ကြိုးစားနေပြီး မြို့တွင်းသို့ မကြာခဏ ဝင်ရောက်တိုက်ခိုက်နေသည့် အခြေအနေတွင် ရှိနေသည်။



