တိုက်ပွဲများရပ်တန့်ပြီး နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံ၏ ကူညီမှုဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီတပ်က ယမန်နေ့က ထုတ်ပြန်သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
စစ်ကောင်စီတပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညိနှိုင်းရေးကော်မတီနှင့် မြောက်ပိုင်းသုံးဖွဲ့တို့ တွေ့ဆုံခဲ့သည်၊ ဆွေးနွေးမှုအပေါ် မူတည်ပြီး ယခုလကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံသွားမည်ဟု စစ်ကောင်စီတပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က သတင်းဌာနတချို့ကို ပြောကြားခဲ့သည်။
ဆွေးနွေးခဲ့သည့် အချိန်၊ နေရာနှင့် အကြောင်းအရာတို့ကို စစ်ကောင်စီအပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDA) တို့က ထုတ်ဖော်ပြောကြားခြင်းမရှိသေးလို တိုက်ပွဲများကလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ဒီဇင်ဘာ ၁၀ ရက်နေ့က စတင်သည့် ရှမ်းမြောက် နမ့်ဆန်မြို့ရှိ တိုက်ပွဲများမှာ ယနေ့အထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီစခန်းနှစ်ခုနှင့် ရဲစခန်းတို့ကို သိမ်းပိုက်ပြီးနောက် လက်ကျန်စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် TNLA တပ်များက ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။
ယနေ့ နံနက်ပိုင်းမှစတင်ကာ နမ့်ဆန်စခန်းကုန်းကို ဆက်လက်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ လေးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု TNLA ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“နမ့်ဆန်ဘက်မှာက မနေ့ကနဲ့ ဒီနေ့အထိ အဲဒီစခန်းကုန်းကို ကျွန်မတို့ တိုက်ခိုက်နေပါတယ်။ ဒီစခန်းသိမ်းနေတဲ့အတောအတွင်းမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တာတွေရှိသလို မန်တုံဘက်ကနေ လက်နက်ကြီး ပစ်ကူတာတွေလည်း ရှိပါတယ်” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးက ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နမ့်ဆန်မြို့ပေါ်ရှိ လူနေအိမ်တချို့ မီးလောင် ပျက်စီးမှုများရှိသည်ဟု သိရပြီး ဒေသခံအများစုမှာလည်း နီးစပ်ရာ ကျေးရွာများသို့ သွားရောက် တိမ်းရှောင်နေကြသည်ဟု TNLA ထံမှ သိရသည်။
ထို့ပြင် နမ့်ခမ်းမြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသကဲ့သို့ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ လားရှိုး စသည့် မြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများအပြင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်နေသည်။
ဒီဇင်ဘာ ၁၂ ည ၉ နာရီ TNLA သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီက နမ့်ခမ်းသို့ စစ်ကူနှင့် ရိက္ခာကို ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ပို့ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နမ့်ခမ်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သတင်းဌာနများကို ယနေ့ပေးပို့သည့် အသံသွင်းဖြေကြားချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင်လည်း ယနေ့ နံနက် ၈ နာရီခန့်မှစတင်ကာ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံစသည့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများက အနီးဝန်းကျင်ကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေသလို လေကြောင်း၊ ရေကြောင်းများမှလည်း ပစ်ခတ်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) က မွန်းလွဲ ၃ နာရီခန့်တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် တွေ့ဆုံသည်ဟူသော သတင်းကို အများက စိတ်ဝင်စားနေချိန်တွင် AA က အထက်ပါ ၆ မြို့နယ်အတွင်း ပေါ်ပေါက်လာသည့် နံနက်ပိုင်းပစ်ခတ်မှုသတင်းကို မွန်းလွဲပိုင်းတွင် ထုတ်ပြန်လာခြင်း ဖြစ်သည်။
AA က ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာ ၄ ရက်နေ့၊ နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာ ၁၀ ရက်နေ့တို့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသည့် ဗျူဟာကုန်းများကို AA က တစ်လနီးပါးကြာ ထိုးစစ်ဆင်ခဲ့ရခြင်း ဖြစ်သည်။
နောက်ဆုံးရ ရခိုင်စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးကာလအစတွင် အပြင်းထန်ဆုံးတိုက်ပွဲဧရိယာဖြစ်ခဲ့သည့် ကိုးကန့်ဒေသတွင်မူ တိုက်ပွဲလျော့နည်းသွားပြီး လောက်ကိုင်မြို့အဝင် တုံချိန်ရပ်ကွက်အနီးတွင် တိုက်ပွဲတချို့ဖြစ်ပွားနေသည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
တိုက်ပွဲအသေးစိတ်အခြေအနေနှင့် စစ်ကောင်စီတပ်နှင့် တွေဆုံဆွေးနွေးခဲ့မှု အခြေအနေများကို သိရှိနိုင်ရန် ကိုးကန့်တပ်မတော် (MNDAA) အဖွဲ့မှ ပြောခွင့်ရသူ လီကျားဝင်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဝါရင့် နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယခုအကြိမ် စစ်ကောင်စီတပ်နှင့် ဆွေးနွေးပွဲမှာ MNDAA အဖွဲ့နှင့် အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ပြောသည်။
စစ်တပ်နှင့် MNDAA အကြား နှစ်သစ်ကူးကာလအထိ ၁၅ ရက်ကြာ အပစ်ရပ်ရေး သဘောတူခဲ့ကြကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုကို ကိုးကားပြီး ဦးသန်းစိုးနိုင်က Myanmar Now ကို ပြောသည်။
“၁၅ ရက်တာ အပစ်အခတ်ရပ်စဲထားချိန်အတွင်းမှာ လောက်ကိုင်မှာ ရှိနေတဲ့ စစ်သည်တွေ၊ တပ်မှူး၊ တပ်သားတွေ၊ အိမ်ထောင်သည်တွေ၊ ဝန်ထမ်းတွေအားလုံးကို တရုတ်ပြည်ကို ထွက်သွားခွင့်ပြုဖို့အတွက် MNDAA က သဘောတူလိုက်တာပါ” ဟု သူက ဆိုသည်။
အဆိုပါ သဘောတူညီချက်တွင် တရုတ်နိုင်ငံ၊ AA နှင့် TNLA တို့၏ ဆုံးဖြတ်ချက်နှင့် သဘောထားများ မပါဝင်ကြောင်း သိရသည်ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ထိုသဘောတူညီချက်ကြောင့် လောက်ကိုင်မြို့တွင်း၌ ပိတ်ဆို့ချေမှုန်းခံရနိုင်သည့် စစ်ကောင်စီတပ်များအတွက် အသက်ရှူချောင်သွားနိုင်သော်လည်း ယခုထက်ပိုသည့် နိုင်ငံရေးသဘောထားနှင့် နိုင်ငံရေးထွက်ပေါက်များ ယခုဆွေးနွေးပွဲတွင် မပါဝင်နိုင်ကြောင်း ဦးသန်းစိုးနိုင်က ပြောသည်။
တရုတ်အစိုးရနိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံမြောက်ပိုင်း တိုက်ပွဲအရှိန်လျော့ကျမှ တရုတ်နယ်စပ် တည်ငြိမ်မည်ဟု ဒီဇင်ဘာ ၁၁ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေးပြီး ရလဒ်ကောင်းများ ပေါ်ထွက်မည်ကို တရုတ်က တွေ့မြင်လိုသည်၊ အဆုံးအထိ ကြားဝင်ကူညီရန် အသင့်ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က ပြောသည်။
လက်ရှိ ကိုးကန့်ဒေသတစ်ခုလုံးတွင် တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပွားခြင်းမရှိသေးသော်လည်း လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်အနီးနှင့် အချို့နေရာများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသည်ဟု MNDAA က ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာ လဆန်းပိုင်းအတွင်း လောက်ကိုင်မြို့မှ စွန့်ခွာသွားကြသည့် စစ်ရှောင်ထောင်သောင်းချီကို MNDAA က ကူညီကယ်ထုတ်ပေးခဲ့သော်လည်း အချို့သော ဒေသခံများက လောက်ကိုင်မြို့ပေါ်တွင် ရှိနေဆဲဖြစ်သည်။
ဒီဇင်ဘာ ၈ ရက်နေ့က လောက်ကိုင်မြို့တွင်းမှ ထွက်ခွာရန် ကြိုးစားသည့် ဒေသခံသုံးဦးကို တုံချိန်ရပ်ကွက်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ထွက်ခွာခွင့်မပေးသည့်အပြင် ဝိုင်းဝန်းပစ်ခတ်သည့်အတွက် MNDAA တပ်က ပြန်လည်တိုက်ခိုက်ပြီး ဒဏ်ရာရနေသည့် အဆိုပါ ဒေသခံသုံးဦးကို ကယ်တင်ခဲ့သည်ဟု သိရသည်။
ယနေ့အထိ လောက်ကိုင်-သိန္နီ-လားရှိုး ပြည်ထောင်စုလမ်းမကြီးကို မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ထားသလို ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်နေဆဲဖြစ်သည်။
လောက်ကိုင်မြို့မှ ထွက်ခွာသွားသည့် ဒေသခံများကို ‘ဝ’ ဒေသ နမ့်တစ်မြို့မှတစ်ဆင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ပြီး ယနေ့အထိ နမ့်တစ်တွင် စစ်ရှောင်အများအပြား ကျန်ရှိနေဆဲဖြစ်သည်။
စစ်အာဏာရှင် အမြစ်ပြတ်ရေး ရည်ရွယ်သည့် ၁၀၂၇ စစ်ဆင်ရေး အစပြုသည့် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၃၀၀ နီးပါးခန့်ကို သိမ်းပိုက်ထားခဲ့သည်။
ထို့ပြင် ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုန်းကိုးနှင့် ပန်ဆိုင်း (ကြူကုတ်) မြို့တို့ကို အပြည့်အဝ ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်နေပြီဖြစ်သည်။



