သတင်း

လောက်ကိုင်မြို့ပြင်တွင် တိုက်ပွဲဆက်ဖြစ်၊ ကိုးကန့်အဖွဲ့ စခန်း ၃ ခု ထပ်ရ

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဒီဇင်ဘာ ၃ ရက်နေ့ တစ်ရက်တည်းတွင် ကိုးကန့်ဒေသရှိ တပ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ကိုးကန့်တပ် (MNDAA) က သတင်းထုတ်ပြန်သည်။

ထိုနေ့က တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၁၁ နာရီခွဲခန့်တွင် မြို့တောင်ဘက် နှစ်မိုင်ခန့်အကွာ အုန်းချောရွာအနီးရှိ မာဟိုင်တောင်စခန်းကို ရခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်၊ စစ်ကောင်စီတပ်သားများက စခန်းကို စွန့်ခွာပြီး လောက်ကိုင်မြို့တွင်းရှိ တပ်နှင့် သွားရောက်ပူးပေါင်းခဲ့သည်ဟု MNDAA ပြောခွင့်ရသူ လီကျားဝင်းက ပြောသည်။

“မာဟိုင်တောင်စခန်းကုန်းဆိုတာက ယာယီတပ်စခန်းကုန်းတစ်ခုပါဗျ၊ သူတို့က ကျွန်တော်တို့ တုံချိန်ဝင်ဖို့ ပိတ်ထားတဲ့ စခန်းကုန်းအသေးတစ်ခုဖြစ်ပါတယ်ဗျ” ဟု လီကျားဝင်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အုန်းချောရွာ (ဓာတ်ပုံ – The Kokang)

နိုဝင်ဘာ ၃၀ ရက်နေ့က မြို့အရှေ့ဘက် တရုတ်နယ်စပ်မျဉ်း မှတ်တိုင် (၁၂၆၊ ၁၂၇) အနီးရှိ တပ်စခန်းကို MNDAA အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့တောင်ဘက်ရှိ စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။

မြို့တောင်ဘက် တုံချိန်ရပ်ကွက်အနီးရှိ စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

“လောက်ကိုင်တိုက်ပွဲက မြို့တွင်းမှာတော့ ကြီးကြီးကျယ်ကျယ် မရှိသေးပါဘူးဗျ။ ဒါပမဲ့ လေးမျက်နှာစေတီကုန်းကိုတော့ ကျွန်တော်တို့ တိုက်ခိုက်နေပါတယ်” လီကျားဝင်းက ပြောသည်။

လောက်ကိုင်မြို့ကို စီးမိုးထားသည့် လေးမျက်နှာစေတီကုန်းမှာ ဗျူဟာကျသည့်တောင်ကုန်းဖြစ်ပြီး စစ်ကောင်စီတပ်က ထိုနေရာတွင် တပ်စခန်း အခိုင်အမာတည်ဆောက်ထားသည်။

အဆိုပါ တောင်ကုန်းအနီးရှိ အခြားစခန်းများကိုလည်း နိုဝင်ဘာလ နှောင်းပိုင်းမှစတင်ကာ MNDAA က တိုက်ခိုက်နေသည်၊ စစ်ကောင်စီတပ်က လေ‌ကြောင်းနှင့် လက်နက်ကြီးများသုံးကာ အပြင်းအထန်ခုခံနေသည်ဟု လောက်ကိုင်မြို့တွင် နှစ်နှစ်ခန့်နေထိုင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

တုံချိန်ရပ်ကွက်အနီးတွင် နေထိုင်ခဲ့သည့် ၎င်းက လေးမျက်နှာတောင်စေတီကုန်းတိုက်ပွဲကို အနီးကပ်မြင်ခဲ့ရသည်၊ တိုက်ပွဲများကြောင့် အခြားဒေသခံများနည်းတူ လောက်ကိုင်မြို့ကို စွန့်ခွာပြီး မကြာသေးမီက မန္တလေးမြို့သို့ ရောက်သွားသူဖြစ်သည်။

“(စစ်ကောင်စီက) အဲဒီစခန်းကုန်းကျမှာကို အရမ်းကြောက်တယ် ထင်တယ်ဗျ၊ အဲဒီစခန်းကုန်းကျပြီဆိုတာနဲ့ တုံချိန်က အလွယ်တကူဝင်လို့ရတဲ့အနေအထားပေါ့။ သူတို့ အဲဒါကြောင့်မို့လို့ အဲဒီတောင်ကုန်းရယ် ဒီဘက်က စခန်းတွေရယ်ကိုတော့ မကျဖို့အတွက် အသည်းအသန် ခံစစ်ပြင်နေရတဲ့အနေအထားပေါ့” ဟု အဆိုပါ အမျိုးသားက ပြောသည်။

လောက်ကိုင်မြို့တွင်း၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက ခံစစ်အခိုင်အမာပြင်ဆင်ထားသည်။

သောင်းနှင့်ချီသည့် ဒေသခံများသည် ပြီးခဲ့သည့် ရက်များအတွင်း မြို့ကို စွန့်ခွာသွားကြပြီဖြစ်ပြီး မြို့တွင်းတွင် အနည်းငယ်သာ ကျန်ရှိသည်၊ နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခိုးယူခံနေရသည်ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

မြို့တွင်း၌ အခြေခံစားသောက်ကုန်းများအပြင် သောက်သုံးရေနှင့် လျှပ်စစ်မီးလည်း ပြတ်တောက်သွားပြီဖြစ်သည်။

လောက်ကိုင်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ စစ်ကောင်စီ၏ စစ်ရေးသတင်းအနှစ်ချုပ်ထုတ်ပြန်ချက်တွင် အနည်းငယ်သာ ဖော်ပြထားသည်။

“လောက်ကိုင်မြို့ အနီးဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုထုတ်ပြန်ချက်တွင် ပြောထားသည်။

လောက်ကိုင်ကို စွန့်ခွာခဲ့ရသည့် စစ်ရှောင်များနေထိုင်သည့် မြန်မာ-တရုတ် နယ်စပ်မျဉ်းအနီး ယာယီစခန်း (ဓာတ်ပုံ – ကိုးကန့်စစ်ကောင်စီ)

ဒီဇင်ဘာ ၃ ရက်နေ့က သိမ်းနိုင်ခဲ့သည့် စခန်းများထဲတွင် တုန်းရှမ်းဒေသ လောက်ရှုကုတ်ရွာ အနောက်ဘက်တောင်ကုန်းတွင် တပ်စွဲထားသော အမှတ် ၅၂၇ ခြေလျင်တပ်ရင်းစခန်းလည်း ပါဝင်သည်။

၅ နာရီကြာသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၂၇ ရက်နေ့က လောက်ကိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ကုန်းကြမ်းမြို့မှ လက်နက်မချဘဲ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များနှင့် အခြားပူးပေါင်းတပ်အင်အား ၂၈၀ ခန့်ကိုလည်း MNDAA အဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့သည်။

ထိုအထဲမှ ၁၀၀ ခန့် သေဆုံးသွားသည်၊ လက်ကျန် ၁၈၀ ခန့်ကို လိုက်လံ တိုက်ခိုက်နေသည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲရှိသည့် ဒေသများထဲတွင် မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး စသည့် မြို့နယ်များ ပါဝင်သည်။

နမ့်ခမ်းမြို့ရှိ  စခန်းသစ်ကုန်းကို ဒီဇင်ဘာ ၃ ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်တပ်များက ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ပြင် ထိုနေ့တစ်နေ့တည်းတွင်ပင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာ၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတို့ရှိ စခန်း ၂ ခုကို တိုက်ခိုက်ခဲ့သည်။

မူဆယ်မြို့တွင်လည်း စစ်ကောင်စီတပ်နှင့် ‌မြောက်ပိုင်းမဟာမိတ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့အနှံ့ဗုံးကြဲတိုက်ခိုက်မှုနေပြီး ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းစန်ကျော့နယ်စပ်ဂိတ်အနီး မည်သူမည်ဝါမှန်း မသိရသည့် ရုပ်အလောင်း ၂၇ လောင်းကို ဒေသခံများ တွေ့ရှိခဲ့သည်။

သီပေါမြို့ကိုလည်း TNLA ဦးဆောင်သည့် တပ်များက ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေပြီး နိုဝင်ဘာ ၁ ရက်နေ့က သီပေါမြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိသည့် စဉ့်အင်ရဲစခန်းကို သိမ်းပိုက်လိုက်ပြီးနောက် စဉ့်အင်တံတားကိုလည်း မိုင်းခွဲဖျက်ဆီးလိုက်သည်။

တရုတ်နယ်စပ် တိုက်ပွဲဒေသသို့ စစ်ကူပို့နိုင်မည့် လမ်းကြောင်းကို TNLA က ဖြတ်တောက်နေခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်စဉ်များကို ပိုမို သိရှိနိုင်ရန်အတွက် TNLA ၏ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး တစ်လကျော် ကြာလာပြီးနောက် မဟာမိတ်အင်အားစုက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုန်းကိုးနှင့် ပန်ဆိုင်း (ကြူကုတ်)မြို့တို့ကို အလုံးစုံထိန်းချုပ်ထားနိုင်သည်။

Show More

Related Articles

Back to top button