သတင်း

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်များကို TNLA ဆက်လက်ထိုးစစ်ဆင်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ရသွားသည့် TNLA က အိမ်နီးချင်း နမ္မတူမြို့ကို ထိန်းချုပ်ရန် ကြိုးစားနေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးနှင့် လေတပ်သုံးပြီး ခုခံ ကာကွယ်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်ကောင်စီလက်ထဲမှ သိမ်းယူထားနိုင်ခဲ့သည့် တအာင်း/ပလောင်တပ် TNLA သည် ထိုဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းများကိုပါ ဆက်လက်ထိုးစစ်ဆင်နေသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှ မြို့တော်နမ့်ဆန်ကို  ဒီဇင်ဘာ ၁၇ ရက်နေ့တွင်လည်းကောင်း၊ မန်တုံမြို့ကို ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်ကောင်း အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု TNLA က ကြေညာထားသည်။

၂၀၁၉ အစိုးရစာရင်းများအရ လူဦးရေ ၅သောင်းကျော် နေထိုင်သည့် နမ္မတူမြို့သည် နမ့်ဆန်နှင့် မန်တုံမြို့များနှင့် ကပ်လျက်တွင် ရှိနေသည့်မြို့ဖြစ်ပြီး လားရှိုး၊ သီပေါနှင့် သိန္နီမြို့တို့နှင့်လည်း နယ်နိမိတ်ထိစပ်နေသည်။

မန်တုံကို ရပြီး နောက်တစ်ရက်အကြာ ဒီဇင်ဘာ ၂၃ တွင် နမ္မတူမြို့အနီးရှိ စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကို TNLA ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲများ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကို အားပြုနေသည်ဟု TNLA က ပြောသည်။

“သူတို့က ဗျူဟာကုန်းကနေတစ်ဆင့် နမ္မတူမြို့ပေါ်ကိုရော၊ ဟိုဖိတ်ရွာတွေဘက်ကိုရော လက်နက်ကြီးတွေပစ်တာ ရှိတယ်၊ လေကြောင်းကနေလည်း မနက် ၁၁ နာရီလောက်က စပြီး ဗုံးကြဲတယ်၊ မနေ့က တစ်နေကုန်လုံး တိုက်ပွဲပြင်းထန်တယ်” ဟု TNLA ပြောခွင့်ရရုံးမှ တာဝန်ရှိသူ အမျိုးသမီးက ယနေ့ ပြောသည်။

ယမန်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီတပ်က လေကြောင်းမှ ၇ ကြိမ်၊ ဗုံး ၂၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၁၁ နာရီခန့်တွင် နမ္မတူမြို့ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက် (၃)တွင် နေထိုင်သည့် ဒေသခံနှစ်ဦး ပွဲချင်းပြီး သေဆုံးသလို နေအိမ်အချို့လည်း ပျက်စီးခဲ့သည်ဟု သိရသည်။

TNLA ၏ စာရင်းများအရ ယမန်နေ့ကအထိ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၃၀ ကျော် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် မြို့အချို့ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲများလည်း ဆက်လက်ဆင်နွှဲနေကြသည်။

TNLA က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသာမက မြန်မာ-တရုတ်နယ်စပ်မှ နမ့်ခမ်းကိုလည်း ထိန်းချုပ်ထားသည်။ ထို့ပြင် ရှမ်းမြောက်ဒေသမှ မူဆယ်နှင့် ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်နေသည်။

ကွတ်ခိုင်မြို့အနီးရှိ စစ်ကောင်စီစခန်းနှစ်ခုကို ယခုလအတွင်း TNLA ရလိုက်ပြီးနောက် နောက်ဆုံးကျန်နေသည့် ကွတ်ခိုင်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဒီဇင်ဘာ ၂၂ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု TNLA ပြောခွင့်ရရုံး တာဝန်ခံ အမျိုးသမီးက ပြောသည်။

“အခုက သူတို့ရဲ့ ဗျူဟာကုန်းပဲ ကျန်တော့တယ်၊ မနေ့က မနက်ပိုင်း ခဏတိုက်ပွဲဖြစ်တယ်၊ လေကြောင်းက လာတာတော့ မတွေ့သေးဘူး၊ အဲဒီဗျူဟာကုန်းကိုပဲ ဆက်တိုက်နေပါတယ်” ဟု အဆိုပါ တာဝန်ခံ အမျိုးသမီးက ပြောသည်။

ရှမ်းမြောက်တိုက်ပွဲတစ်နေရာမှ TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

ယမန်နေ့က ရှမ်းမြောက်၏ အခြားမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က သိန္နီမြို့အနီးကို လေကြောင်းမှ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းကလည်း လက်နက်ကြီးပစ်ခတ်မှုများရှိသည်ဟု သိရသည်။

ယမန်နေ့က လားရှိုးမြို့ပေါ်နှင့် သီပေါမြို့ရှိ စစ်ကောင်စီတပ်များထံသို့ MI 17 ရဟတ်ယာဉ်ဖြင့် စစ်ကူနှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ တုံ့ပြန်ချက်

နမ္မတူမြို့နယ်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မရှိကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၂၃ တွင် သတင်းထုတ်ပြန်ထားသည်။

TNLA ၏ ပစ်ခတ်မှုကြောင့်သာ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ဒေသခံတို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့တွင် အရပ်သား ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများ၏ လူအခွင့်အရေးချိုးဖောက်ခံရမှုများနှင့် သေဆုံး၊ ဒဏ်ရာရမှုအခြေအနေများကို ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO) က စာရင်းပြုစုနေသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၂၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၁၀ ကျော်ခန့် ရှိနေပြီဟု TWO ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်အာဏာရှင်အမြစ်ပြတ်ရေး ရည်ရွယ်သည့် ၁၀၂၇ စစ်ဆင်ရေးအရ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေရာ ယနေ့အထိ စစ်တပ်စခန်းပေါင်း ၃၀၀ နီးပါးခန့်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

ထို့ပြင် TNLA ၏မဟာမိတ် MNDAA က ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုန်းကိုးနှင့် ပန်းဆိုင်း (ကြူကုတ်) မြို့တို့ကို အပြည့်အဝထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်နေပြီဖြစ်သည်။

Show More

Related Articles

Back to top button