close
/

ရေဦးမြို့မှ အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း NUG အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်သော်လည်း စာသင်ချိန် ပြောင်းလဲထားသဖြင့် ကလေး ၃၀၀ သေဘေးမှ လွတ်ကင်းသွားသည်။

မြန်မာစစ်တပ် ဝယ်ယူလေ့ ရှိသော ရုရှနိုင်ငံထုတ် တိုက်လေယာဉ်များ လေ့ကျင့်ပျံသန်းနေသည် ကို ၂၀၂၀ အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-DIMITAR DILKOFF/AFP via Getty Images)

စစ်ကိုင်းတိုင်း၊ မူးမြစ်အနောက်ဘက်ကမ်း ရေဦးမြို့နယ်၊ ထန်းတောကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အထက်တန်းစာသင်ကျောင်းကို စစ်ကောင်စီလေယာဉ်က ယနေ့ (မေ ၉ ) မွန်းလွဲပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ဆရာ၊ ဆရာမများ သင်ကြားပို့ချနေသည့် အဆိုပါကျောင်း၌ ကျောင်းသား ၃၀၀ ခန့် တက်ရောက်နေရာ လေကြောင်းမှ မတိုက်ခိုက်မီ နာရီဝက်ခန့်တွင် ကျောင်းဆင်းသွားသဖြင့် ကလေးများ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှ တက်လာသည့် စစ်လေယာဉ်တစ်စီးက မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါကျောင်းကို ၃ ကြိမ် ပတ်ကာ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ် စုစုပေါင်း လေးဦးက Myanmar Now ကို ယနေ့ မွန်းလွဲတွင် အတည်ပြုသည်။ 

ကျောင်းအုတ်တံတိုင်းနှင့် စာသင်ကျောင်းမုခ်ဦး ဗုံးသီးကျည်ဆန် တိုက်ရိုက် ထိမှန်သည်၊ ကျောင်းနံရံများလည်း ထိခိုက်ပျက်စီးသွားသည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စာသင်ကျောင်းအဝင်မှာ (ဗုံးဆန်) နှစ်လုံး  အုတ်တံတိုင်း ထိတယ်။ စိန်ပန်းပင် ပြတ်ကျသွားတာ။ ကျောင်းဆောင်ကတော့ အစတွေမှန်လို့၊ နံကပ် (နံရံ) ပေါက်ထွက်သွားတာတွေ ရှိတယ်။ (ကျောင်း) ဘေးနားက နေအိမ်က ကောက်ရိုးပုံလည်း မီးလောင်သွားတယ်” ဟု သူက ဆိုသည်။

အဆိုပါကျောင်းသည် ယခင်က အစိုးရစာသင်ကျောင်းဖြစ်ပြီး လက်ရှိတွင် NUG က စီမံခန့်ခွဲနေသည်၊ ရေဦးမြို့အနောက်ဘက် ၁၂ မိုင်အကွာရှိ တင်းတိမ်ရံရွာနှင့် ကပ်လျက် ထန်းတောကျေးရွာတွင် တည်ရှိကာ အနီးအနား ရွာချင်းဆက်လျက်ဖြစ်သော တင်းတိမ်ရံ (စံပြ) ရွာ၊ မြို့ကြီးရွာများမှ ကလေးများ လာရောက် ပညာသင်ကြားနေကြခြင်း ဖြစ်သည်။ 

“ဒီဘက်နယ်မှာ အားထားရတဲ့ အထက်တန်းကျောင်းပေါ့ဗျာ။ တင်းတိမ်ရံကလည်း အဲဒီမှာပဲ တက်ရတာဗျ။ ကျောင်းဆင်းသွားတော့ ကျောင်းသူကျောင်းသားတွေက ဘေးကင်းတယ်ဗျ။ နေတွေ ပူလို့ ကျောင်းက မနက်ခင်းကို ပြောင်းထားတာ” ဟု တင်းတိမ်ရံ ရွာသားတစ်ဦးက ပြောသည်။

ကျောင်းအဆောက်အအုံနှင့် မုခ်ဦး ပျက်စီးသွားပြီး မီးလောင်နေကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကလည်း ဆိုသည်။

“စာသင်ကျောင်းကို အသွားအပြန် ဗုံးကြဲသွားတယ်။ ကလေးတွေ စာသင်တဲ့အချိန် နည်းနည်း လွတ်သွားတယ်။ ကလေးတွေ ကံကောင်းသွားတာပေါ့ဗျာ။ သင်နေတဲ့အချိန် မိရင်တော့ လက်ယက်ကုန်း (ရွာ) လို ဖြစ်မှာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ယမန်နှစ် စက်တင်ဘာအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်သဖြင့် ကလေး ၆ ဦး အပါအဝင် ဒေသခံ ၁၃ ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်ကို ရေဦးမြို့နယ်ပကဖ သတင်းပြန်ကြားရေးတာဝန်ရှိသူက ဆိုလိုခြင်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုအပြီး ဗုံးအစ ရှစ်ခုကို ကျောင်းဝန်းကျင်တွင် တွေ့ရှိထားကြောင်း သိရသည်။ စာသင်ကျောင်းကို ဗုံးကြဲရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယနေ့ တိုက်ခိုက်ခံရသည့် ထန်းတောရွာနှင့် တစ်ဆက်တည်းဖြစ်သည့် တင်းတိမ်ရံကျေးရွာသည် ရေဦးမြို့နယ် အနောက်ပိုင်းအတွက် ဒေသခံများ အဓိကရောင်းဝယ်ဖောက်ကားရာ မြို့ငယ်တမျှ စည်ကားသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၂၀၀ ခန့်အထိ ရှိသည်။

ယမန်နှစ် နိုဝင်ဘာလအတွင်း တင်းတိမ်ရံရွာနှင့် ထန်းတောရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အိမ်ခြေ ၃၀၀ နှင့် ဆိုင်ခန်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ရန်ကို ကြောက်လန့်သဖြင့် တင်းတိမ်ရံ၊ မြို့ကြီး၊ ထန်းတောကျေးရွာများမှ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ မေလ ၄ ရက်ကလည်း ရေဦးမြို့နယ်အနောက်ဘက် ၆ မိုင်အကွာ  ကက်သလစ်ဘာသာဝင်အများစု နေထိုင်ရာ ချမ်းသာရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အထက်တန်းအဆင့် စာသင်ကျောင်းဆောင်ကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

ရေဦးမြို့နယ်အနောက်ခြမ်း ထန်းတောရွာ စာသင်ကျေောင်းကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ထိုင်းရွေးကောက်ပွဲနှင့် မြန်မာပြည်ဆိုင်ရာမူဝါဒ အလားအလာ

ထိုင်းဝန်ကြီးချုပ်လောင်းများတွင် ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး မတူညီသော ရပ်တည်ချက် ရှိနေရာ ထိုင်းရွေးကောက်ပွဲသည် အိမ်နီးချင်းမြန်မာတို့ စောင့်ကြည့်စရာ အရွေ့တစ်ခု ဖြစ်လာသည်။

ဟားခါးရှိ CDF ရုံး လေကြောင်းမှ အတိုက်ခံရ၊ ၂ ဦး သေဆုံး

ချင်းပြည်နယ်မြို့တော်တွင် စစ်ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် CDF အဖွဲ့မှ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသည်။ ဒေသခံတို့ကို နေရာရွှေ့ထားနိုင်သဖြင့် ထိခိုက်မှု နည်းပါးခြင်းဖြစ်သည်ဟု

ရေးမြို့တွင် လေတပ်က နှစ်ရက်ဆက် တိုက်ခိုက်၊ PDF ၃ ဦး သေဆုံး

မွန်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တပ်သား တချို့ သေဆုံးသည်၊ ဒဏ်ရာရသူများထဲတွင် ဒေသခံ အမျိုးသမီး ၂ ဦး ပါဝင်ပြီး နေအိမ်တချို့ မီးလောင်သွားသည်။

ငါးကြိမ်မြောက် ဝင်စီးခံရသည့်ရွာမှ လက်ကျန်စာသင်ကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ရေဦးမြို့နယ်အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀၀ နီးပါးရှိကာ စစ်ကိုင်းတိုင်းအတွင်း ကက်သလစ်ဘာသာဝင်များ နေထိုင်ရာ ရွာကြီးတစ်ရွာ ဖြစ်သည်။

မင်းကင်းတွင် ဗုံးကြဲခံရပြီး ကလေးများအပါအဝင် ၇ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ 

ကလေးသုံးဦး အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးသုံးလုံး ကြဲခဲ့သလို ရွာအနီးတစ်ဝိုက်ကိုလည်း သုံးကြိမ် ပစ်ခတ်ခဲ့၍ အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရသည်။