သတင်း

ပဲခူးတိုင်း လေတပ်တိုက်ခိုက်မှုတွင် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို စစ်တပ်လေယာဉ်များ၊ ရဟတ်ယာဉ်များက ၃ ရက် ဆက်တိုက် လာရောက် တိုက်ခိုက်ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး သူ၏ကလေးများနှင့် ခင်ပွန်းဖြစ်သူတို့ ဒဏ်ရာရခဲ့ကြောင်း KNU က ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က သေဆုံးသူမှာ တံခွန်တိုင်ရွာမှ အသက် ၃၀ အရွယ် ဒေါ်ဘဲဥမ ဖြစ်ပြီး ဒဏ်ရာရသူတို့မှာ ၇ နှစ်အရွယ် မပြည့်စုံပွင့်၊ ၄ နှစ်အရွယ် မမိဟန်နီ၊ ၁ နှစ်အရွယ် မဖူးဖူး၊ ၅၄ နှစ်အရွယ် ခင်ပွန်းသည် ဦးဇော်မင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထိုဒေသကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ရေးအတွက် ထိုးစစ်ဆင်နေရာ စစ်တပ်ဘက်ကလည်း မြေပြင်စစ်ကူစစ်ကြောင်းများ ပို့ဆောင်ရန် ကြိုးစားနေသလို လေကြောင်း၊ လက်နက်ကြီး ပစ်ကူအမြောက်အမြားသုံးပြီး တိုက်ခိုက်နေသည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပဲနွယ်ကုန်းမြို့အနီး သဲကောကျေးရွာအတွင်းကို ဗုံး ၂၇ လုံး ကြဲချခဲ့ပြီး အော်လီဂန်းဖြင့် ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်တွင် နတ်သံကွင်းမြို့အတွင်းကို ဗုံး ၂ လုံး ကြဲချခဲ့ပြီး အော်လီဂန်းဖြင့် ၃ ကြိမ်ခန့် ပစ်ခတ်ခဲ့သည်၊  ပဲနွယ်ကုန်းမြို့အနီး သဲကောရွာကို ဗုံး ၂ လုံး ကြဲချခဲ့သည်၊ မွန်းလွဲ ၁၂ နာရီကျော်တွင် နတ်သံကွင်းမြို့အတွင်းကို ဗုံး ၃ လုံး ထပ်မံ ကြဲချခဲ့သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ကလေးငယ်များ ထိခိုက်ဒဏ်ရာရသွားသည်။ (ဓာတ်ပုံ – KNU)

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်တွင်လည်း နတ်သံကွင်းမြို့အတွင်းကို ဗုံး ၂ လုံး ကြဲချခဲ့ပြီး အော်လီဂန်းဖြင့် ၃ ကြိမ်ခန့် ပစ်ခတ်ခဲ့သည်၊ ပဲနွယ်ကုန်းမြို့အနီး သဲကောရွာဝန်းကျင်ကိုလည်း ဗုံး ၂ လုံး ကြဲချသည်၊ မွန်းလွဲပိုင်းတွင် ဗုံး ၂၃ လုံး ကြဲချခဲ့သောကြောင့် နတ်သံကွင်းမြို့အတွင်းရှိ စိန်ပန်းဘုန်းကြီးကျောင်းနှင့် ဓာတ်ဆီဆိုင် ၁ ဆိုင် ထိခိုက်ပျက်စီးသည်ဟုလည်း KNU က ဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ တိုက်ခိုက်မှုတွင် မိသားစုတစ်စုလုံး ထိခိုက်သွားသည်ဟူသော KNU ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

တော်လှန်ရေးအင်အားစု၏ ထိုးစစ်ကို စစ်ကောင်စီက လက်နက်ကြီးများ သုံးပြီး ခုခံနေခြင်း ဖြစ်သည်ဟု NUG အမှတ် (၂) စစ်ဒေသခွဲ ပြောရေးဆိုခွင့်ရှိသူ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ဆိုသည်။

“အဲ့ဒေသတွေကို ပြန်ပြီး ထိန်းချုပ်ချင်လို့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူပြီး ပြန်လည် ကြိုးစားနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်ပါတယ်” ဟု သူက ပြောသည်။

နတ်သံကွင်းမြို့ရှိ စစ်တပ်ခြေကုပ်စခန်းများ လက်မလွှတ်ရစေရန် စစ်တပ်က မြေပြင်စစ်ကြောင်းမှ စစ်ကူများ ပို့ဆောင်နေသော်လည်း ပဲနွယ်ကုန်းမြို့ သဲကောရွာအနီး ကြားဖြတ် တိုက်ခိုက်ခံနေရသည်။

ထိုတိုက်ပွဲများကို ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေသည်။

စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ဆက်သွယ်ရာတွင် စစ်ရေးအရ ဗျူဟာကျသော နတ်သံကွင်း မြို့လမ်းကြောင်းကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးအင်အားစုများက ထိုမြို့ကို ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက စတင်တိုက်ခိုက်နေသည်။

နတ်သံကွင်းမြို့သည် စစ်တောင်းမြစ်အနောက်ခြမ်း ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်နှင့် မြစ်အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့နယ်အကြားတွင် တည်ရှိပြီး ယင်းမြို့အနီးရှိ စစ်တောင်းမြစ်ကူး တံတားတစ်စင်းဖြစ်သော နတ်သံကွင်းတံတားကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်း တော်လှန်ရေးအင်အားစုများက ဖောက်ခွဲဖျက်ဆီးထားသည်။

Show More

Related Articles

Back to top button