ပြည်ပမှ စားအုန်းဆီတင်သွင်းရာတွင် မသမာမှု ကျူးလွန်သည်ဟုဆိုကာ ထိပ်တန်းလုပ်ငန်းရှင် ဦးဇော်ဝင်းရှိန်ပိုင် ဧရာဟင်္သာကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၈ ခုကို ဇွန်လ ၂၄ ရက်နေ့မှ စတင်ကာ အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်သည်။
ဦးဇော်ဝင်းရှိန်သည် A Bank နှင့် ဧရာဟင်္သာလုပ်ငန်းစု ပိုင်ဆိုင်သူဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာကို ပြန်လည်ဝယ်ယူထားသူလည်းဖြစ်သည်။
အမည်ပျက်စာရင်းသွင်းခံရမှုနှင့်ပတ်သက်၍ ဧရာဟင်္သာကုမ္ပဏီသို့ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း မသိရှိသေးကြောင်း ပြန်လည်ဖြေဆိုသည်။
အမည်ပျက်စာရင်းသွင်းခံရသည့် အခြားကုမ္ပဏီများမှာ Six Winner Brothers, Diamond Dragon, First Top Edible Oil,Thein Than Yadanar, Jewel Arrow, Agri One Trading နှင့် Grand Unity တို့ ဖြစ်သည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ နည်းဥပဒေသတ်မှတ်ချက်များကို မလိုက်နာခြင်းကြောင့် အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်သည်ဟု DICA က ဆိုသည်။
DICA ၏ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည်၊ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းနှင့်သက်ဆိုင်သော ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများက ချမှတ်ထားသည့် အခြားတည်ဆဲဥပဒေနှင့် နည်းဥပဒေများကို လိုက်နာရမည်ဟု DICA က ဆိုသည်။
ကုမ္ပဏီများ မည်သည့်သတ်မှတ်ချက် ချိုးဖောက်သည်ကို ရှင်းလင်းစွာ မသိရသေးသလို မည်သို့မည်ပုံ အရေးယူမည်ကိုလည်း အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
စစ်ကောင်စီသည် နိုင်ငံခြားငွေရှားပါးနေချိန်တွင် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချရန် ပြင်ဆင်နေပြီး ဆီတင်သွင်းသည့်ကုမ္ပဏီများ အရေးယူခံရခြင်းဖြစ်သည်။
စားအုန်းဆီ အခြေခံလက်ကားဈေးကို ယနေ့ (ဇွန် ၂၅) တွင် တစ်ပိဿာလျှင် ကျပ် ၅၄၀၀ ဖြစ်ကြောင်း စစ်ကောင်စီက သတ်မှတ်ထားသည်။ သို့သော် ပြင်ပပေါက်ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀ အထိ မြင့်တက်နေသည်၊ တန်းစီဝယ်ယူရသည့်ဈေးသည် ကျပ် ၆၀၀၀ ခန့် ရှိသည်။
စစ်တပ် ၃ နှစ်ကျော်ကာလအတွင်း စီးပွားရေးပြိုလဲပြီး ကျပ်ငွေတန်ဖိုးကျဆင်းလာနေသည်။ ထို့အတူ ကုန်စျေးနှုန်းများလည်း မြင့်တက်လာနေခြင်းသည် လုပ်ငန်းရှင်များ၏ ဝိသမလောဘကြောင့်ဟု စွပ်စွဲကာ စီးပွားရေးလုပ်ငန်းရှင်များကို စစ်ဗိုလ်ချုပ်များက ဖမ်းဆီးအရေးယူလေ့ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း သတ်မှတ်ထားသည့် ဆန်စျေးထက် စျေးတင်ရောင်းသည်ဆိုကာ ဆန်စပါးလုပ်ငန်းရှင်ကြီးများနှင့် ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင် ပွဲရုံပိုင်ရှင်တချို့ကို စစ်တပ်က ဖမ်းဆီးထားသည်။



