close

ပြည်ပအလုပ်ပွဲစားများကို အမည်ပျက်စာရင်းမှ ဖယ်ရှား

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁၃၀ ကို အရေးယူထားမှုများ ရုပ်သိမ်းလိုက်သော်လည်း ထိုကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သည့် ပြည်သူတို့၏ နစ်နာမှုကိုမူ လျစ်လျူရှုထားသည်။

ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တန်းစီစောင့်ဆိုင်းနေကြရသည့် ပြည်သူများကို ၂၀၂၂ ဩဂုတ်လအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Now

ပြီးခဲ့သည်နှစ်ကုန်ပိုင်းက အမည်ပျက်စာရင်းသွင်းခဲ့သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၃၀ ကျော်ကို စစ်ကောင်စီက အရေးယူမှု ပြန်ရုပ်လိုက်သော်လည်း ထိုကုမ္ပဏီများကို ဝန်ဆောင်ခပေးထားရသူများ၏ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ရရှိရေးကိစ္စမှာ မရေမရာဖြစ်နေသည်။

အေဂျင်စီများကို ဧပြီလအတွင်းတွင် စစ်ကောင်စီက အမည်ပျက်စာရင်းမှ ဖယ်ရှားခဲ့ကြောင်း၊ ထိုအေဂျင်စီများနှင့် ချိတ်ဆက်သူများအပါအဝင် ၂၀၂၂ ဒီဇင်ဘာတွင် ကရင်ပြည်နယ် မြဝတီရုံး၌ ပတ်စ်ပို့လျှောက်ထားသူများကို စစ်ကောင်စီက လျစ်လျူရှုထားကြောင်း အမည်မဖော်လိုသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးထံမှ သိရသည်။ 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း မြဝတီရုံးတွင် ပတ်စ်ပို့လျှောက်ထားမှု ပြီးစီး၍ စလစ်ထွက်ပြီး စာအုပ်ထုတ်ရန် စောင့်ဆိုင်းနေသူ ၉,၀၀၀ ခန့်ရှိသည်ဟု ပတ်စ်ပို့လျှောက်ထားသူများက ခန့်မှန်းသည်။ 

ယခုလဆန်းတွင် စာအုပ်ထုတ်ပေးမည်ဟု ကောလာဟလ ကြားရသော်လည်း ခြေခြေမြစ်မြစ် စုံစမ်း၍ မရကြောင်း ထိုကုမ္ပဏီများထဲမှ တစ်ခုနှင့် ချိတ်ဆက်ကာ ငွေကျပ်ဆယ်သိန်းခန့် အကုန်အကျခံ၍ မြဝတီရုံးတွင် ပတ်စ်ပို့ပြုလုပ်ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ 

“(စာအုပ်ထုတ်လို့) မရသေးဘူးဗျ။ ဒီလထဲ ၁ ရက်ကနေ ၁၅ ရက်အတွင်း ထုတ်ပေးမယ်လို့ ပြောတယ်ဗျ။ နစ်နာမှုကတော့ စာအုပ်မရလို့ လက်လွှတ်လိုက်ရတဲ့ အလုပ်တွေပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရန်ကုန်နှင့် အခြားမြို့နယ်ရှိ ပတ်စပို့ရုံးများတွင် QR ကုတ်စနစ်သုံး၍ ရက်ချိန်းယူရန် ခက်ခဲရာ အမြန်လိုအပ်နေသူတို့က အလုပ်အကိုင်အေဂျင်စီများနှင့် ပွဲစားများကို အခကြေးငွေပေးပြီး ထိုင်းနယ်စပ် မြဝတီရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများကို တားဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ပတ်စ်ပို့လျှောက်သည့်လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာစေရန် အေဂျင်စီများကို ကာလတစ်ခုအထိ အလုပ်လုပ်ခွင့် ပိတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

အေဂျင်စီများ၏ အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ပိတ်ခဲ့ခြင်းကြောင့် တရားဝင်နိုင်ငံခြားထွက်အလုပ်လုပ်သူ သိသာစွာ ကျဆင်းသွားကြောင်း၊ စစ်ကောင်စီကို ဝိုင်းဝန်းတောင်းဆိုမှုကြောင့် အလုပ်လုပ်ခွင့်ပြန်ရသော်လည်း အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်ကိစ္စ မပြေလည်သေးကြောင်း၊ ပတ်စပို့လျှောက်ထားသူများထဲတွင် တော်လှန်ရေးသမားများ ပါနေသည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ (စစ်ကောင်စီ) ဘက်က မပေးတာ။ အမှန်မှာက ဒါ ဘာမှမဆိုင်ဘူး”

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် လွယ်လွယ်ကူကူပြုလုပ်နိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာရန် ရည်ရွယ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ တွင် ထိုင်းနှင့် မြန်မာနယ်စပ်ရှိ မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့နယ်တို့တွင် ပတ်စ်ပို့ရုံးများ ဖွင့်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြဝတီတွင် ပတ်စ်ပို့လျှောက်ထားသူ အများအပြားရှိခဲ့သလို ပွဲစားများက မြဝတီရုံးမှ ရဲအရာရှိများနှင့် ပူးပေါင်းကာ သတ်မှတ်ပမာဏကျော်သည်အထိ စာအုပ်များ ထုတ်ပေးခဲ့သဖြင့် လာဘ်စားမှု အကြီးအကျယ်ဖြစ်ခဲ့ကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်နှင့် အခြားတိုင်းနှင့် ပြည်နယ်ရုံးများတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ပုံမှန် ပြန်လည်ခွင့်ပြုနေပြီဖြစ်သော်လည်း မြဝတီရုံးတွင် လျှောက်ထားမိသူတို့ကို စစ်ကောင်စီက ဒုက္ခပေးထားခြင်းဖြစ်သည်။

ပတ်စပို့လျှောက်ထားပြီး ရက်ပေါင်း ၉၀ အတွင်း စာအုပ်ထုတ်ယူရမည်ဟု သတ်မှတ်ထားသော်လည်း မြဝတီရုံးတွင် လျှောက်ထားပြီးမှ ကြန့်ကြာနေသူတို့မှာ အထက်ပါ သတ်မှတ်ကာလကို ကျော်လွန်နေပြီဖြစ်၍ မည်သို့ဆက်လုပ်ရမည်ကို ဝေခွဲရခက်နေကြခြင်းဖြစ်သည်။

ထိုသို့ အခက်တွေ့နေသည့် အလုပ်သမားများထဲတွင် ဝင်ငွေနှင့် အခွင့်အလမ်းကောင်းများရှိသည့် ဂျပန်၊ ကိုးရီးယားကဲ့သို့ နိုင်ငံများသို့ အလုပ်သွားလုပ်ခွင့်ရပြီးသူများ ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ရုံးချုပ်ထံ Myanmar Now က ဖုန်းဖြင့် မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပါ။ 

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ စစ်ဖြစ်နေခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်၍ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် ပြည်ပထွက်လိုသူ များနေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက ပတ်စပို့ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို မကြာခဏ အပြောင်းအလဲလုပ်နေ၍ ပြည်သူတို့မှာ ငွေကုန်လူပန်း ဖြစ်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။