သတင်း

ရွှေဘိုနယ်တွင် စိတ်မကျန်းမာသူ အပါအဝင် အရပ်သား ၂ ဦးကို စစ်တပ်ပစ်သတ်

မြစ်တစ်ဖက်ကမ်းရှိ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို လက်လွှတ်လိုက်ရသည့် စစ်တပ်က မြစ်တစ်ဖက်ကမ်း ရွှေဘိုမြို့နယ်အတွင်း တပ်ဖြန့်၊ စစ်ကြောင်းထိုးနေစဉ် ဒေသခံ ၂ ဦးကို သတ်ဖြတ်ကာ ၃ ဦးကို ဖမ်းသွားသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်းသို့ ယမန်နေ့ (ဇူလိုင် ၂၃) နံနက်ပိုင်းတွင် ဝင်ရောက်လာသည့် စစ်တပ်၏ပစ်ခတ်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

၅ နာရီဝန်းကျင်တွင် ရွှေဘိုမြို့ တက္ကသိုလ်မှ ထွက်လာသည့် စစ်ကြောင်းနှင့် ကျောက်မြောင်းမြို့ ခြေမြန်တပ်ရင်း ခမရ ၁၂ တပ်မှ ထွက်လာသည့်မှ စစ်ကြောင်းတို့သည် ရွှေဘို – ကျောက်မြောင်းလမ်းပေါ်ရှိ အုန်းပေါက်ရွာသို့ ဦးတည်လာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထိုစစ်ကြောင်းများက နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် အုန်းပေါက်ရွာခံ အသက် ၃၉ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အနီးဝန်းကျင်ကျေးရွာများကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ရာ မောက်တက်ကျေးရွာမှ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ရွှေဘိုမြို့နယ် အရှေ့ခြမ်း လူသားစာနာတာဝန်ခံက ပြောသည်။

“မောက်တက်ရွာက ဈေးဆိုင်လေး နှစ်ဆိုင်ကြားကို ကျတယ်။ အဲ့ဒီမှာ အသက်ကြီးပါပြီ၊ ၆၀ ကျော် မိန်းမကြီးတစ်ယောက် သေသွားတယ်။ (လက်နက်ကြီးက) တစ်လုံးနှစ်လုံးမကဘူး၊ အများကြီး ပစ်ကြတာ၊ အဲ့ဒီမှာ ပြေးရင်းနဲ့ ထိတာ၊ အားလုံးပေါင်း ၅ ယောက်။ တစ်ယောက်က နည်းနည်း စိုးရိမ်ရတယ်” ဟု အထက်ပါ တာဝန်ခံက ပြောသည်။

အုန်းပေါက်ရွာတွင် ရောက်ရှိနေသည့် စစ်တပ်ကို တော်လှန်ရေးအင်အားစုက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သည်၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေဘိုနှင့် ကျောက်မြောင်းမြို့သို့ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားသည်၊ ဒေသခံအမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

စစ်သားများက အရပ်သားတို့ကို ဖမ်းဆီးခြင်းမှာ တော်လှန်ရေးအင်အားစုနှင့် ဆက်စပ်သည်ဟု သံသယရှိခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချလိုခြင်းတို့ကြောင့် ဖြစ်သော်လည်း ယခုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အကြောင်းရင်းကို မသိရသေးပေ။

ထိုစစ်ကြောင်း၏လှုပ်ရှားမှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

ရွှေဘိုမြို့နှင့် မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းရှိ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်တပ်က လက်လွှတ်လိုက်ရပြီးနောက် စစ်တပ်က‌ ရွှေဘိုနယ်၊ ကျောက်မြောင်းတွင် အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံတော်လှန်ရေးအင်အားစုက ပြောသည်။

ကျေးရွာတချို့တွင် စစ်တပ်ချထားသည်ဟု သိရကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း MDF (ရွှေဘို) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရွှေဘိုဘက်မှာဆိုရင် ကျောက်မြောင်းပတ်ပတ်လည်မှာ ရှိနေတဲ့၊ မြစ်အနောက်ဘက်မှာရှိနေတဲ့ မလား၊ မခေါက်၊ ဆယ်ပင်ကျွန်း၊ ကုလားမ၊ လက်ကောက်ကျရွာတွေမှာ အင်အားအလွန်အကျွံ ထည့်ထားတယ်” ဟု သူက ပြောသည်။

“မန္တလေး နန်းတွင်းကနေ MI 17 နဲ့ ၅ ခေါက်ထက်မနည်း ခမရ ၁၂ ထဲကို ထောက်ပို့ပစ္စည်းတွေ အများကြီး ပို့နေတယ်”

ထို့ပြင် ရွှေဘိုနယ်အနောက်ခြမ်း မူးမြစ်ကမ်းဘေးအနီးရှိ ဆင်အင်း၊ မြင်းဆိပ်၊ ကူးတို့ဆိပ်ကျေးရွာတို့တွင် အထိုင်ချထားသော ပြည်သူ့စစ် ခေါ် ပျူစောထီးများကို မြို့အနီး ဇီးဖြူကုန်းရွာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော်လှန်ရေးအင်အားစုက ဇွန်လကုန်ပိုင်းတွင် စတင်တိုက်ခိုက်ပြီးနောက် ဇူလိုင် ၁၇ ရက်နေ့တွင် MDY PDF နှင့် ပူးပေါင်းတပ်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်ထားဆဲဖြစ်သည်။

စဉ့်ကူးမြို့သည် မန္တလေးတိုင်းအတွင်း စစ်တပ်က လက်လွတ်ဆုံးရှုံးလိုက်ရသည့် ပထမဆုံးမြို့ဖြစ်ပြီး စစ်တပ်က မြို့ကို ပြန်လည်ရရှိရေး မြစ်ကြောင်းနှင့် လေကြောင်းကို အားပြုပြီး ကြိုးပမ်းနေသည်။

စဉ့်ကူးမြို့နယ်အတွင်း ဇွန်လကုန်ပိုင်းက စတင်ပြီး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စဉ့်ကူး၊ ဒိုးနွယ်၊ ကျည်တောက်ပေါက်စသည့် ဒေသများတွင် နေထိုင်သူတို့သည် ရွှေဘိုနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရာ အရေအတွက် ၅၀၀ ကျော်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button