ပြည်ပရောက်အလုပ်သမားများ စစ်တပ်ထိန်းချုပ်ထားသည့်ဘဏ်နှင့် ငွေလွှဲလမ်းကြောင်းများမှ လစာ ၂၅ ရာခိုင်နှုန်း ပြန်မလွှဲပါက နည်းမျိုးစုံဖြင့်အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာ ၆) နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်သည်။
အရေးယူမှုများမှာ နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးပေးခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံလက်မှတ် (OWIC) ထုတ်မပေးခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာအကူအညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ရငွေများ ကျဆင်းလာရာ နိုင်ငံခြားငွေရှားပါးလာသည့် စစ်ကောင်စီအတွက် ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ငွေများသည် အရေးပါသည့် နိုင်ငံခြားငွေအရင်းအမြစ်ဖြစ်လာသည်။ ဤအခြေအနေတွင် အလုပ်သမားတို့၏ပေးပို့ငွေများ စီးဝင်လာစေရန် နည်းမျိုးစုံဖြင့် တင်းကျပ်လာခြင်းဖြစ်သည်။
ငွေလွှဲသည့်အခါ ဘဏ်များ၊ ဘဏ်နှင့်ချိတ်ဆက်သည့် နိုင်ငံတကာငွေလွှဲနှင့် ပြည်ပအလုပ်သမားလစာ လွှဲပြောင်းခွင့်ရ ငွေလွှဲလုပ်ငန်းများထံ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ် လွှဲပြောင်းပေးပို့ရန်၊ ဟွန်ဒီဟုခေါ်သည့် လိုင်စင်မဲ့ငွေလွှဲလုပ်ငန်းများနှင့် ဆောင်ရွက်ခြင်း မပြုရန်လည်း စစ်ကောင်စီက ကန့်သတ်ထားသည်။
ထိုသို့လွှဲပြောင်းမှုကို အလုပ်သမားစေလွှတ်ခဲ့သည့် အလုပ်အကိုင်အေဂျင်စီများက ကူညီရမည်ဖြစ်ပြီး လစဉ်လွှဲပို့သည့်အထောက်ထားများကို စစ်ကောင်စီထံ တင်ပြရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သို့သော် လက်တွေ့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေဈေးနှုန်းနှင့် ပြင်ပပေါက်ဈေးကွာဟခြင်းကြောင့် ငွေလွှဲသည့် အလုပ်သမားနည်းပါးကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
“မြန်မာငွေကျနေတဲ့ တရားဝင်သတ်မှတ်ဈေးနဲ့ အပြင်ပေါက်ဈေး ကွာနေတယ်။ အဲ့ဒါကြောင့် ကလေးတွေက မလွှဲနိုင်တာ။ အဲ့ဒါကို သူတို့သေချာညီအောင်ချပေးရမှာ မညီလို့ဖြစ်နေတာပေါ့။ အဲ့ဒီတော့ လွှဲတဲ့သူက တော်တော်နည်းတယ်။ အဲ့ဒီကလေးတွေကိုလည်း ဒီကိုပြန်လာရင် သုံးနှစ်ပိတ်မယ်လို့တော့ ပြောနေတယ်။ ဆိုတော့ သက်တမ်းတိုးတယ်ဆိုရင်တော့ အလွှဲတော့ ပြရလိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
ယနေ့ (စက်တင်ဘာ ၆ ရက်) ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၅,၄၀၀ ဈေးပေါက်နေချိန် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်က အလုပ်သမားလစာငွေ တစ်ဒေါ်လာလျှင် ၄,၁၅၀ ကျပ်ဖြင့် ဝယ်ယူနေကြောင်း ထုတ်ပြန်ထားသည်။
ဤအခြေအနေတွင် အလုပ်သမားသည် စစ်ကောင်စီသတ်မှတ်ထားသည့် ဘဏ်များမှတစ်ဆင့် အမေရိကန် တစ်ဒေါ်လာလွှဲလျင် ကျပ် ၁၂၅၀ နစ်နာနေသည်။ အခြား ထိုင်းဘတ်၊ မလေးရှားရင်းဂစ် ငွေကြေးများကိုလည်း ပြင်ပပေါက်ဈေးထက်နည်းသောငွေလဲနှုန်းဖြင့် ဝယ်ယူနေသည်။ ထို့ကြောင့် ပြည်ပရောက် အလုပ်သမားများသည် လစာ၏ ၂၅ ရာခိုင်နှုန်းကို လွှဲပို့မည်ဆိုပါက ကျပ် ၆၀,၀၀၀ မှ သိန်းဂဏန်းအထိ နစ်နာနိုင်သည်။
ထိုအခြေအနေများကြောင့် နည်းလမ်းမျိုးစုံတင်းကျပ်၍ လစာငွေလွှဲခိုင်းနေသည့် စစ်ကောင်စီ၏ ညွှန်ကြားချက်များကို လိုက်နာသူနည်းပါးသည်ဟု နှစ်နိုင်ငံနားလည်မှုဖြင့် (MoU) ဖြင့် ထိုင်းနိုင်ငံ၊ ချန်ထဘူရီခရိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“MoU နဲ့လာတဲ့သူတွေ တော်တော်များများပေါ့၊ အကုန်လုံးနီးပါးပါပဲ၊ ဘဏ်ကနေ လုပ်ရိုးလုပ်စဉ်အတိုင်း သူတို့ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်လုပ်တဲ့သူက ရှားပါတယ်။ (ဟွန်ဒီနဲ့ ကျပ်ငွေလဲပြီး) အကုန်လုံးကတော့ Kpay ကနေ လွှဲတယ်။ Wave ကနေ လွှဲတယ်။ ဘဏ်ကနေတစ်ဆင့် သူတို့သတ်မှတ်ထားသလို လွှဲပေးတဲ့သူတော့မရှိဘူး” ဟု သူက ပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသည့် အလုပ်သမားတစ်ဦးသည် ရရှိသည့်အခြေခံလစာအပေါ် အခြေခံ၍ သုံးလစာအတွက် ထိုင်းဘတ်ငွေ ၆,၀၀၀ (ကျပ် ငါးသိန်းခွဲခန့်) ကို သတ်မှတ်ထားသည့် ဘဏ်များမှတစ်ဆင့် ပြည်တွင်းသို့ လွှဲပြောင်းထားကြောင်း အထောက်ထားပြသနိုင်မှသာ ဆက်လက်အလုပ်လုပ်ခွင့်ပြုမည်ဟုလည်း စစ်ကောင်စီက သတ်မှတ်ထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် ပြည်ပရောက် မြန်မာအလုပ်သမားများအတွက် အခွင့်အရေးရရန် မကူညီဘဲ ၎င်းတို့လုပ်အား ချွေးနှဲစာကို ဖြတ်ယူခြင်း၊ ဝင်ငွေခွန် အတင်းအကျပ် ဆောင်ခိုင်းခြင်းတို့ကြောင့်လည်း အလုပ်သမားရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ဝေဖန်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)၏ ထုတ်ပြန်ချက်အရ ၂၀၂၀ တွင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၄ သန်းကျော်ရှိသည်ဟု ဆိုသည်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းကြောင့် ပြည်ပနိုင်ငံများသို မြန်မာနိုင်ငံသား အများအပြားထွက်ခွာနေသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း နိုင်ငံခြားငွေလိုအပ်ချက်ရှိနေကြောင်း ဝန်ခံထားပြီး သုံးစွဲမှုထိန်းသိမ်းနေကြောင်း စက်တင်ဘာ ၁ တွင် ၎င်းခန့်ထားသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တွေဆုံပွဲတွင် ပြောဆိုထားသည်။



