သတင်း

အဖမ်းခံရသည့် မောင်းမကန်ကမ်းခြေဒေသခံ ၂၀ ထဲမှ ၃ ဦး အသတ်ခံရ

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအနီး စစ်ကြောင်းထိုးနေသည့် တပ်က ဒေသခံများကို ဖမ်းဆီး၊ ၃ ဦးကို သတ်ပြီး အိမ်တချို့ကို မီးရှို့သည်ဟု သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအနီးတွင် စစ်တပ် ဖမ်းဆီးသွားသည့် ဒေသခံ ၂၀ ထဲမှ ၃ ဦး သတ်ဖြတ်ခံရသည်ဟု စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၂၇ ရက်နေ့တွင်  ဒေသခံများက   ၃၈ နှစ်အရွယ် ကိုမျိုး၊ ၂၃ နှစ် အရွယ်  သန်းဇော်ဖြိုး (ခ) ဘွန်တော၊ ၃၃ နှစ် အရွယ် ကိုကန်းကန်းတို့၏ ရုပ်အလောင်းများကို  လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာ၊ ကန်ယုံဘုန်းကြီးကျောင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ တတိယပတ်တွင် ကျောင်းတွင်း ဝင်ရောက်တပ်စွဲလာသည့် စစ်သားများက သတ်ဖြတ်ခြင်းဖြစ်သည်ဟု မောင်းမကန် ဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောသည်။

“သူတို့ ပြန်သွားပြီး လေးငါးရက်လောက်နေမှ ပြည်သူ ၃ ဦး ရေတွင်းထဲမှာ သတ်ပြီးထားခဲ့တာပေါ့။ ပုတ်ပွပြီး အနံ့ရမှပဲ သိရတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများမှာ မောင်းမကန်ကမ်းခြေအနီးရှိ မောင်းမကန်၊ ကျောက်ဆင်၊ ပြင်ကြီး၊ သဘော့ဆိပ်ရွာများမှဖြစ်ပြီး  အများစုမှာ ပြန်လည်လွတ်မြောက်လာပြီဟုလည်း သိရသည်။

ဖမ်းဆီး၊ သတ်ဖြတ်ရသည့် အကြောင်းရင်းကို မသိရသေးပေ။

ထိုစီမံကိန်း ပြန်လည်စတင်ရန် နယ်မြေစိုးမိုးရေး စစ်ကောင်စီတပ်သားများက လုပ်ဆောင်လာခြင်းဖြစ်သည်ဟု အထက်ပါ မောင်းမကန် ဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူက ပြောသည်။

“သူတို့က စီမံကိန်း ပြန်လုပ်ဖို့ပေါ့။ အဲဒီနားမှာရှိတဲ့ PDF တွေကို နယ်မြေရှင်းလင်းတာပေါ့ဗျာ။ ပြီးတော့ ဒီဘက်ရွာတွေကPDF တွေစိုးမိုးထားတဲ့ရွာတွေဖြစ်လို့ လာပြီးချေမှုန်းတာ” ဟု ၎င်းက ပြောသည်။

ဩဂုတ် ၁၇ က စပြီး လောင်းလုံးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၀၄  မှ အင်အား ၁၀၀ ကျော် ပါသည့် စစ်ကောင်စီတပ်က အုပ်စုနှစ်ခုခွဲကာ  မောင်းမကန်ကမ်းခြေဒေသသို့ စစ်ကြောင်းထိုးနေသည်ဟုလည်း သိရသည်။

ကမ်းခြေသို့ ဝင်ရောက်သည့် အဓိက ပင်မလမ်းမဖြစ်သော မောင်းမကန်-လောင်းလုံးလမ်း၊ မောင်းမကန်ကမ်းခြေဘေးရှိ မောင်းမကန်-ကျောက်ဆင်လမ်းတို့မှ  ထိုးဖောက်ဝင်ရောက်လာကြခြင်းဖြစ်သည်။

ယမန်နေ့ (စက်တင်ဘာ ၃၀)တွင် မောင်းမကန်ကမ်းခြေနှင့် ထားဝယ်ကြားရှိ  စခန်းကြီးကျေးရွာအုပ်စုအနီး စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် တပ်စွဲခဲ့သည်၊ ဖွားဘုတ်ပြင်ရွာရှိ နေအိမ် ငါးလုံးကိုလဲ မီးရှို့သွားသည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ဖမ်းဆီးထားသူ ၃ ဦးကို သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှု ကျူးလွန်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူ ဖော်ပြနိုင်ခြင်း မရှိသေးပေ။

 မောင်းမကန်ကမ်းခြေအနီးရှိ မောင်းမကန်၊ ကျောက်ဆင်၊ ပြင်ကြီး၊သဘော့ဆိပ်၊ ကမ်းပါးနီ ၊ ကရင်ကြီး ၊ ဖွားဘုတ်ပြင် ကျေးရွာများမှ ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ တိုက်ပွဲများ

မြန်မာ-ထိုင်း အဓိက ကုန်သွယ်လမ်းမကြီးဖြစ်သည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်တွင် တည်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်မှာ  ၁၉၅ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သည်။ 

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ရန် ယခင် စစ်ဗိုလ်ချုပ်များက  အီတာလျံထိုင်း ကုမ္ပဏီနှင့် ၂၀၀၈ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြပြီးနောက်ပိုင်း စီမံကိန်းကို ဆက်လက် အကောင်မဖော်နိုင်ခဲ့ခြင်း မရှိပေ။

လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း   စီမံကိန်းကို ရုရှားနိုင်ငံနှင့်ပူးပေါင်းပြီး ပြန်လည်အကောင်အထည်ဖော်မည်ဟု ရုရှားသတင်းဌာန တစ်ခုသို့ ယခုနှစ် မတ်လတွင် ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုခဲ့ပြီးနောက် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိရာ ကပ္ပလီပင်လယ်ပြင် ကမ်းရိုးတန်း တလျှောက် လောင်းလုံး၊ ရေဖြူနှင့် ထားဝယ်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပိုမိုပြင်းထန်လာခဲ့သည်။

စစ်ကောင်စီတပ်သည် လောင်းလုံမြို့နယ် မျှော့ကင်းတံတား၊ ထားဝယ်မြို့ပေါ်တို့တွင်သာမက ထားဝယ်မြစ် တစ်ဘက်ကမ်း သရက်ချောင်းမြို့နယ်အထိ စစ်အင်အားများဖြန့်ကျန့်ထားပြီး ဒေသတွင်း စိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုသော်တာက ပြောသည်။

“တပ်တွေတော့ တော်တော်လေးဖြန့်ထားတယ်။ ကျွန်တော်တို့ လှုပ်ရှားမှုတွေ ရပ်သွားအောင် ပြည်သူလူထုနဲ့ အနီးကပ်နေရာယူနိုင်အောင် သူတို့လုပ်စရာရှိတာလုပ်လို့ရအောင် လုံခြုံရေး တော်တော်ကျယ်ကျယ်ပြန့်ပြန့် ချထားတယ်လို့ပဲမြင်တယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း၏ တောင်ဘက် ရေဖြူမြို့နယ်၊ နဘုလယ် တိုက်နယ်ရှိ ကျေးရွာများကို ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့သည်။ ဩဂုတ်လအတွင်းတွင်မူ ရေနက်ဆိပ်ကမ်း၏ မြောက်ဘက် လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေဒေသရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အနီးဆုံးတွင်တည်ရှိသည့် ရေဖြူမြို့နယ်၊ နဘုလယ်တိုက်နယ်ရှိ ကျေးရွာများကို စစ်ကြောင်း ဝင်ရောက်သွားရာ ဇူလိုင်လဆန်းပိုင်းတွင် ဒေသခံ လေးဦး သတ်ဖြတ်ခံခဲ့ရသည်။

ထားဝယ်ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ − PDF Dawei District Battalion 2)

Show More

Related Articles

Back to top button