သတင်း

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုပိုင်ဖြိုးမင်း ဖမ်းဆီးခံရ

ဧည့်စာရင်း အကြောင်းပြကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY) ၏ ဦးဆောင်သူတစ်ဦး ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေကို ယမန်နေ့ (အောက်တိုဘာ ၉) ညပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။ 

ကိုပိုင်ဖြိုးမင်း နေထိုင်သော ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ နေအိမ်တစ်လုံးကို ဧည့်စာရင်း စစ်နိုင်ကြောင်း ည ၁၁ နာရီခန့်တွင် မိတ်ဆွေတစ်ဦးနှင့် တယ်လီဖုန်းပြောဆိုပြီးနောက်ပိုင်း အဆက်သွယ်ပြတ်သွားရာ စစ်တပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY)  ဦးဆောင်သူ ကိုနန်းလင်းက Myanmar Now ကို ပြောသည်။ 

“ဧည့်စာရင်းအကြောင်းပြ၊ ဧည့်စာရင်းအယောင်ပြပြီးတော့မှ သူတို့နေထိုင်တဲ့နေရာကို ဝင်ရောက် စီးနင်းတာလို့ ကျွန်တော်တို့က သုံးသပ်တယ်။ ဒီလိုပဲ ကောက်ချက်ချရမှာဖြစ်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် သန်းခေါင်စာရင်း ကောက်ယူနေသည့်အချိန်ဖြစ်သလို ရန်ကုန်မြို့လုံခြုံရေးမကျိုးပေါက်ရန် စစ်ခေါင်းဆောင်ကိုယ်တိုင် အောက်တိုဘာ ၈ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရန်ကုန်မြို့တွင်း အင်အား အလုံးအရင်းဖြင့် လုံခြုံရေးတိုးမြင့်ထားသည်ဟုလည်း ကိုနန်းလင်းက ပြောသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုအစီစဉ်သည် တော်လှန်ရေးအင်အားစုများ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) မိသားစုဝင်များကို ရှာဖွေဖမ်းဆီးရန် ရည်ရွယ်သည့်အပြင် အဓမ္မစစ်မှုထမ်းခိုင်းရန် အသုံးချခြင်း လည်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ရှုမြင်သည်။ 

 ထိုအခြေအနေတွင် ကိုပိုင်ဖြိုးမင်းအပါဝင် လူထုတော်လှန်ရေးသပိတ်လှုပ်ရှားမှုများတွင်ပါဝင်နေသည့် သပိတ် တော်လှန်ရေးအဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ကိုနန်းလင်းက ဆက်ပြောသည်။

“ရန်ကုန်ရဲ့သပိတ်တွေကို ဦးဆောင်နေတဲ့ ရန်ကုန်သပိတ်ခေါင်းဆောင်ဆိုတာကို ရန်သူက ပစ်မှတ်ထား သည်းကြီး မည်းကြီး လိုက်နေတယ်ဆိုတဲ့အချက်အလက်တွေ ကျွန်တော်တို့ရတယ်။ ဆိုတော့ အဲလိုအခြေအနေတွေ ကြုံကြိုက်သွားတဲ့အခါမှာ ကိုပိုင်ဖြိုးမင်းသည် လူထုတိုက်ပွဲကိစ္စ၊ လူထုသပိတ်လှုပ်ရှားမှုတွေ ပိုအားကောင်းဖို့ ကြိုးစားရင်းနဲ့ ဒီလိုမတရား ဖမ်းဆီးခံရတာဖြစ်ပါတယ်” 

စစ်ကောင်စီသည် ၎င်းတို့ကို အန်တုဖီဆန်သူများကို အပြင်းထန်ဆုံး ဖိနှိပ်ဖြိုခွင်းနေပြီး ဖမ်းဆီးသူများကို နှိပ်စက်မှု မျိုးစုံ ပြုလုပ်ကာ ပုဒ်မကြီး၊ ပုဒ်မငယ် တပ်၍ အရေးယူနေခြင်းကြောင့် သပိတ်ရဲဘော်များ၏ အသက်ဘေး အန္တရာယ်လုံခြုံမှုကို စိုးရိမ်ကြောင်းလည်း ကိုနန်းလင်းက ဆိုသည်။ 

ကိုပိုင်ဖြိုးမင်း ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ 

ကိုပိုင်ဖြိုးမင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဦးဆောင်သူဖြစ်သလို ၂၀၁၄ ခုနှစ်အတွင်း ပညာရေး ပြုပြင်ပြောင်းလဲရန် ဆန္ဒပြပွဲများ နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သူ ဖြစ်သည်။

သူသည် စစ်တပ်ကျူးလွန်နေသည့် မတရားမှု၊ နိုင်ငံရေးတွင် ဗိုလ်ကျစိုးမှုများနှင့်ပတ်သက်၍ ဝေဖန်ထောက်ပြသည့် “ ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ဝင် ပါဝင်ခဲ့ကာ ၂၀၁၉ ခုနှစ်အတွင်း စစ်တပ်၏ တရားစွဲဆို ထောင်ချမှုများခံခဲ့ရသူ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်ကလည်း လူထုသပိတ်လှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည့် တကသ ကျောင်းသား ဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူနှင့် အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) ၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့ လေးဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ သည်။

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒမှုများကို လူထုသပိတ်အင်အားစုများမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက် လာပြီး စစ်ကောင်စီက တန်ပြန်စစ်ဆေးဖမ်းဆီးမှုများကို ယခင်ထက်ပိုမိုပြုလုပ်လာကြောင်း AJAY က ထုတ်ပြန်ထား သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ လက်လှမ်းမီသမျှကောက်ယူ ထားသည့် စာရင်း များအရ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် အောက်တိုဘာ ၉ ထိ အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ ၂၇၅၂၅ ဦး ရှိပြီး ထိုအထဲမှ(၂၁၀၂၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅၇၉၅ ဦး ရှိသည်။

Show More

Related Articles

Back to top button