သတင်း

လားရှိုးမြို့ အီနိုင်းရွာကို စစ်ကောင်စီဗုံးကြဲ၊ ဒေသခံ သုံးဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို ယနေ့(အောက်တိုဘာ ၁၄) တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ ဒေသခံအမျိုးသား သုံးဦးသေဆုံးသွားသည်။

ကိုးကန့်တပ်(MNDAA)သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို ယနေ့(အောက်တိုဘာ ၁၄) နံနက် ၁ နာရီ မထိုးမီတွင် စစ်ကောင်စီလေတပ်က ဗုံးကြဲရာ ဒေသခံအမျိုးသား သုံးဦးသေဆုံးသွားသည်ဟု သိရသည်။

မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိသည့် ထိုရွာကို  ဗုံး ၇ လုံး ချခဲ့သည်၊  အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနှင့် လေးနှစ်အရွယ် ကလေးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု MNDAA ဖွဲ့စည်းထားသည့် လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ထံက သိရသည်။

ထိခိုက်သွားသူတို့၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးပေ။ လားရှိုးမြို့ကို မသိမ်းခင်က အီနိုင်းကျေးရွာတွင် MNDAA  တပ်စွဲခဲ့ဖူးသော်လည်း ယခု  တပ်စွဲခြင်း မရှိဟု MNDAA အဖွဲ့နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“တပ်တွေတော့ မရှိပါဘူး၊ ဒီအတိုင်း ပြည်သူကိုလာကြဲတာပဲဖြစ်နိုင်တယ်၊ ဒလန် (သတင်းပေး)ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒီမှာကတော့ (ဖုန်း၊ အင်တာနက်) လိုင်းတွေ အားလုံးလည်း ဖြတ်ထားတယ်၊ သူတို့ကြဲတဲ့နေရာတွေကလည်း ပြည်သူတွေရဲ့ နေအိမ်တွေပဲ ဖြစ်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဗုံးကြဲမှုကြောင့် အီနိုင်းရွာ ကချင်နှစ်ခြင်းခရစ်ယာန်  ဘုရားကျောင်းဝန်း အတွင်းရှိ ခန်းမတစ်ခု၊ မူကြိုကျောင်းတစ်ကျောင်း၊ နေအိမ် ၅ လုံးခန့်  ပျက်စီးခဲ့သည်။

လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးသည့် ဩဂုတ်လဆန်းမှ ယနေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးသူ ၁၁ ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရသူ ၅၀ ခန့်ရှိနေပြီဖြစ်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများမှာ လားရှိုးမြို့တွင် ဆက်လက်နေထိုင်နေသည့်စစ်တပ်ထောက်ခံသူ သတင်းပေးများကြောင့် ဖြစ်သည်ဟု MNDAA ကယူဆသည့်အတွက် Starlink အင်တာနက်အသုံးပြုခွင့်ကို ပြန်လည်ပိတ်ပင်ခဲ့သည်။

MNDAA လက်အောက်ခံ လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့က စစ်တပ်သတင်းပေးဟု ယူဆရသူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေသည်ဟု  အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ဖမ်းဆီးထားသူများကို စစ်ဆေးနေပြီး အပြစ်မရှိပါက ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့ပြင် စစ်တပ်သတင်းပေးများကို တွေ့ရှိပါက လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပေးရန် ဒေသခံများကို တိုက်တွန်းထားသည်။

လတ်တလော လားရှိုးမြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး Starlink အင်တာနက်ကိုလည်း MNDAA မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များကသာ သုံးစွဲခွင့်ရနေသည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း မြို့ပေါင်းများစွာကိုသိမ်းပိုက်ထားနိုင်ခဲ့သည့် MNDAA တပ်က စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇူလိုင်လဆန်းတွင် ဆက်လက်တိုက်ခိုက်ခဲ့ရာ လားရှိုးမြို့ကို တစ်လအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

တောင်ကြီးနှင့် မန္တလေးမြို့များကို ဆက်လက် သိမ်းပိုက်မည်မဟုတ်ဘဲ စစ်ကောင်စီတပ်နှင့်လည်း ဆွေးနွေးရန်အသင့်ရှိသည်ဟု MNDAA က ထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီတပ်က MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို ဆက်လက် ဗုံးကြဲနေသည်။

ထို့အပြင် လားရှိုးမြို့၏ တောင်ဘက် မိုင် ၅၀ ကျော်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ပြန်လည်ဖွင့်လှစ်ထားသည့် မိုင်းရယ်မြို့တွင်စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြသည်ဟု သိရသည်။

Show More

Related Articles

Back to top button