သတင်း

ပလက်ဝတွင် CDF ထောက်ပံ့သံသယဖြင့် ဒေသခံ ၅ ဦး အဖမ်းခံရ 

AA အုပ်ချုပ်ရေးအောက်တွင် ရှိနေသည့် ပလက်ဝတွင် ချင်းတော်လှန်ရေးအဖွဲ့ကို ထောက်ပံ့မှု သံသယဖြင့် အဖမ်းခံရသည့် ဒေသခံတချို့ ပျောက်ဆုံးနေသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အရပ်သား အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် (AA ) က ဖမ်းဆီး သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။ 

ဆမီးမြို့၊ ဝက်မကျေးရွာမှ  အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံများဖြစ်သည့် ဦးအေး လွင်၊ ဦးကြာလုံး၊  ဦးဝင်းကြည်၊ ဦးကြာဝှက်၊ ဦးမန်းနှေးတို့သည် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ခုကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ခံနေရသည်ကို မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ 

ဇန်နဝါရီလဆန်းကတည်းက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် သုံးပွင့်ဆိုင် နယ်နိမိတ်ထိစပ်နေသည့်၊ ကုလားတန်မြစ် ဖြတ်သန်းစီးဆင်းနေပြီး အချက်အချာကျသည့် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထိန်းချုပ် ထားသည်။  

AA ပြောခွင့်ရသူ ဦးခိုင်သုခက ထိုအမှုနှင့် ပတ်သက်ပြီး  မသိရသေးကြောင်း တုံ့ပြန်သည်။ 

“ ဒီလူတွေဖမ်းထားတာဟုတ်မဟုတ် ကျွန်တော် မသိသေးပါဘူး။ သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးဌာနကို မေးကြည့်ပြီးမှ အကြောင်းပြန်ပေးပါ့မယ်” ဟု သူက ဆိုသည်။ 

ပလက်ဝမြို့နယ်ကို AA ထိန်းချုပ်ထားပြီးနောက် ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့နှင့် ချိတ်ဆက်မှု ရှိကြောင်း အကြောင်းပြချက်ဖြင့် လူလတ်ပိုင်းအရွယ်အမျိုးသားများ ဖမ်းဆီးခံရမှုမှာ စက်တင်ဘာနှင့် အောက်တိုဘာအတွင်း အများဆုံးဖြစ်သည်ဟု  ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံနောက်တစ်ဦးက ပွင့်လင်းမြင်သာမှု ရှိစွာ ကိုင်တွယ်ဖြေရှင်းပေးရန်  AA ကို တောင်းဆိုလိုသည်ဟု ပြောသည်။ 

“ဖမ်းဆီးထားတဲ့သူတွေကိုလည်း ဘာကြောင့်ဖမ်းဆီးလဲ၊ ဘယ်နေရာမှာ ထားသလဲ၊ ဘာဖြစ်လို့လဲ။ ထောင်ကျနေတယ်ဆိုရင်လည်း တွေ့ခွင့်မရနိုင်တဲ့အနေအထားမှာရှိတဲ့အတွက်ကြောင့် တရားမျှတမှု ကတော့ မရှိဘူး” ဟု သူက ဆိုသည်။

“အဲ့ဒီအပြင် စကစ ထက်တောင် ပိုဆိုးနေတဲ့သဘောမှာ သက်ရောက်နေတယ်” 

ငရှားရွာ၊ အောက်ဘလိုင်ရွာ၊ ချမ်းသာရွာနှင့် ချင်းဒေါက်ရွာမှ ဒေသခံ ၁၄ ဦးကို လည်း  ချင်းအမျိုးသားတပ်ဦး (CNF) နှင့် နီးစပ်သော ချင်းဒေသကာကွယ်ရေးအဖွဲ့- ပလက်ဝ (CDF-Paletwa) ကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စက်တင်ဘာအတွင်း AA က ဖမ်းဆီးခဲ့ကြောင်း Global Khumi Organization အဖွဲ့ က ထုတ်ပြန်သည်။

၂၀၂၃ ဖေဖော်ဝါရီက ကုလားတန်မြစ်တွင် တွေ့ရသော ပလက်ဝ -ကျောက်တော်သွား ရေယာဉ် တစ်စင်း။ (ဓာတ်ပုံ-စစ်ကောင်စီ ပြန်ကြားရေး)

CDF ပလက်ဝသည် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဦးဆောင်သည့် ချင်း ပြည်ကောင်စီ (Chinland Council) တွင် ပါဝင်သည်။

ပလက်ဝအရေးနှင့်ပတ်သက်ပြီး ချင်းတော်လှန်ရေးတပ်တချို့နှင့်  AA ကြား ပွတ်တိုက်မှုများ ရှိနေသည်။ 

နယ်စပ်ကုန်သွယ်ရေးတွင် အချက်အချာကျသည့် ပလက်ဝမြို့ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် CNF နှင့် AA အကြား အငြင်းပွားမှုများ ပိုဖြစ်လာသည့်အပြင် နှစ်ဖက်တပ်နှင့် နီးစပ်သည့် ချင်းတပ်ဖွဲ့များ အကြား ပဋိပက္ခအချို့ ဖြစ်ခဲ့သည်။  

ဩလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား အချင်းချင်းဖမ်းဆီးခြင်းမှာ စိတ်မကောင်းစရာအခြေအနေဖြစ်ပြီး ထိုဖြစ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန်လိုကြောင်း ချင်းနိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းဒိုခါရ်က မှတ်ချက်ပြုသည်။ 

ထိုကဲ့သို့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်နေပါက နှစ်ဘက်စလုံးအကျိုးယုတ်စေ သည့်အခြေအနေသို့သာ ဦးတည်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ 

“ ဒီလိုအမြဲတမ်း လုပ်တယ်ဆိုရင် AA အနေနဲ့ အာရကန်အိပ်မက် အကောင်အထည် ဖော်နိုင်ဖို့ အတွက် ပလက်ဝမှာ AA အခြေချတာကို အကောင်းမြင်နေသေးတဲ့ ချင်းအုပ်စုတွေကလည်း အကောင်းမမြင် ဖြစ်သွားလာနိုင်ချေ ရှိတယ်။ ဒီတော့ ဒီလိုဟာမျိုးဖြစ်လာတယ်ဆိုရင် ရခိုင်အတွက်လည်း မလွယ်ဘူး။ ချင်းအတွက်လည်း မလွယ်ဘူး” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။ 

“ အနည်းဆုံး ပလက်ဝဟာမျိုးမှာ အပြင်းအထန် သွေးမြေကျတာတွေ ဖြစ်လာနိုင်တယ်။ ဒါမျိုးဖြစ်လာရင် တော့ နှစ်ဘက်အကျိုးယုတ်ပြီးတော့ ရန်သူကပဲ အကျိုးမြတ်ရရှိတဲ့အခင်းအကျင်းဖြစ်သွားမှာ”

ပလက်ဝဒေသကို ထိန်းချုပ်ပြီးနောက် စစ်တပ်သတင်းပေးနှင့်အမာခံတချို့ကို လိုအပ်ချက်အရ ယာယီ ထိန်းသိမ်း စစ်ဆေးခဲ့သည်၊  ပြစ်မှုကျူးလွန်သူအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်၊ ထိုသို့ ကိုင်တွယ်ရာတွင် လူမျိုးရေး၊ ဘာသာရေးနှင့် သက်ဆိုင်မှုမရှိဘဲ ပြစ်မှုကျူးလွန်သူများ၏ တစ်ဦးချင်း ကျူးလွန်သည့် အခြေအနေနှင့်သာ သက်ဆိုင်သည်ဟု ဦးခိုင်သုခက Myanmar Now ကို ယမန်နေ့က ပြောသည်။

Show More

Related Articles

Back to top button