သတင်း

ကော့ကရိတ်ရှိ  KNU အချုပ်စခန်းမှ အကျဥ်းသားသုံးဦး လွတ်မြောက်သွား 

KNU အချုပ်ခန်းတွင် မူးယစ်မှု စွဲချက်ဖြင့် ထိန်းသိမ်းခံထားရသူတချို့ လက်နက်နှင့်အတူ ထွက်ပြေးသွားသည်ဟု သိရသည်။ ယခင်ကလည်း စစ်သုံ့ပန်းတချို့ ထွက်ပြေးခဲ့ဖူးသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ၊ တပ်မဟာ (၆)  ကော့ကရိတ်မြို့နယ်မှ အချုပ်စခန်းတစ်ခုအတွင်းရှိ အကျဥ်းသားအချို့ အစောင့်ကိုသတ်ဖြတ်၍ ယမန်နေ့ (အောက်တိုဘာ ၂၇( တွင်    ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။ 

လွတ်မြောက်သွားသူသုံးဦးမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု စွဲချက်ဖြင့် ဖမ်းခံထားရသူများဖြစ်ကြောင်း၊ ဖြစ်စဥ်အတွင်း အစောင့်အရာရှိမှာ ၎င်း၏ သေနတ်လုယူခံရပြီး ထိုသေနတ်ဖြင့်ပင် အကျဥ်းသားများက ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ 

“မနေ့က ညနေပိုင်းလောက်ဖြစ်တာ။ ကာဘိုင်တစ်လက်၊ ပစ္စတို တလက် ယူပြီး ထောင်ဖောက်ပြေးတယ်။ ထောင်မှူးအဝတ်တွေပါ ယူသွားတယ်” ဟု KNU ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ တစ်ဦးက အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြောသည်။

ဩဂုတ်လအတွင်းကလည်း KNU နယ်မြေ တပ်မဟာ(၆) တွင် ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ ထွက်ပြေးမှုများ ရှိခဲ့ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

“KNU လူကြီးပိုင်းက အပြင်မှာ အလုပ်ခေါ်ခိုင်းထားတဲ့ သုံ့ပန်းထဲက ၄ ယောက်၊ အခြား ၂ ယောက်၊ ရက်ပိုင်းပဲ ခြားပြီး ထွက်ပြေးတယ်။ ဆိုင်ကယ်ပါယူပြီးပြေးတာ။ ရဲဘော်( PDF ) နဲ့ ရောထားတဲ့ သုံ့ပန်းတွေဆို ရဲဘော်တွေရဲ့ ဖုန်းတွေပါယူပြီး ပြေးတာ” ဟု KNU အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများသည် KNU သိမ်းထားသည့် စစ်စခန်း အသီးသီးမှနေ၍ ကာလရှည် ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်း   သိရသည်။
KNU တပ်မဟာ (၆) နယ်မြေတွင် စခန်းသိမ်းတိုက်ပွဲများ ဆက်ရှိနေပြီး မကြာသေးမီကလည်း လေးကေကော် ဒေသရှိ စွယ်တော်ကုန်း စစ်ကောင်စီ စခန်းကို KNLA နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button