ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်သည့် ညီနောင်မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ဦးဆောင်သော ၁၀၂၇ စစ်ဆင်ရေးသည် အောက်တိုဘာလ ၂၇ ရက်တွင် တစ်နှစ်ပြည့်သွားပြီဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးကို ကိုးကန့်တပ်ဟု လူသိများသည့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ် တပ် (MNDAA)၊ အာရက္ခတပ်တော် (AA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ ဦးဆောင်သည်။
စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၊ ကရင်နီအမျိုသားများ ကာကွယ်ရေးတပ် (KNDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနှင့် အခြား သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းများ၊ တော်လှန်ရေးတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်ကြသည်။
တစ်နှစ်တာအတွင်း မြို့ပေါင်း ၃၈ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် လက်ရှိတွင်လည်း မပြီးသေးဘဲ ရခိုင်နှင့် ရှမ်းပြည်နယ် နောင်ချိုတောင်ဘက်တွင် ဆက်ဖြစ်နေသည်။
စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းပေါင်း ၁၀၀ ကျော်ကို ချေမှုန်းနိုင်သည့် နာမည် ကျော် ၁၀၂၇ စစ်ဆင်ရေး၏ သက်ရောက်မှုနှင့်ပတ်သက်၍ တော်လှန်ရေးခေါင်းဆောင်နှင့် နိုင်ငံရေးသမား အချို့က Myanmar Now ကို ပြောပြထားသည်။

၁။ ဒီးဒီ
KNDF အတွင်းရေးမှူး (၁)
မဟာမိတ်ဖွဲ့ခြင်း ၊ စုပေါင်းပြီး တစ်ချိန်တစ်ခါတည်းတိုက်ခြင်း၊ အပြန်လှန်လိုအပ်တာတွေကူညီခြင်းရဲ့ ရလဒ်လို့မြင်ပါတယ်။ ပြင်ဆင်စုဖွဲ့တည်ဆောက်ရေးကို အချိန်ယူပြီးလုပ်ရတယ်။ မြန်မာ့တော်လှန်ရေးမှာ ဒုတိယကမ္ဘာစစ်ပြီး အအောင်မြင်ဆုံးပါ။ စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်နိုင်တယ်ဆိုတာ ပြသသွားသလို ပြည်သူတွေကိုလဲအားတက်စေပါတယ်။ မြန်မာနိုင်ငံဆက်လက်တည်မြဲဖို့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရပါတော့မယ်။ မဟုတ်ရင်နိုင်ငံပြိုကွဲပြီး ဘေးကနိုင်ငံတွေရဲ့ ဩဇာခံ ရုပ်သေးဘ၀ရောက်ပါမယ်။ ကိုယ့်အားကိုယ်ကိုးတာက အဓိကဆိုတာပြသပါတယ်။
၂။ စိုင်းညွန့်လွင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ
ဒီစစ်ဆင်ရေးကိုတော့ အများပြည်သူသိရတဲ့ သတင်းတွေလိုမျိုးပဲ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ တိုက်ပွဲ ဖြစ်တဲ့အခါကျတော့ တော်တော်လေးထိခိုက်နစ်နာတဲ့ သူတွေကတော့ ကျွန်တော်တို့ ပါတီရဲ့ အမာခံတွေဖြစ်တယ်၊ ကျွန်တော်တို့မဲဆန္ဒရှင်တွေဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ကို ထောက်ခံအားပေးတဲ့ သူတွေ အများစုဖြစ်နေတယ်။ သူတို့တွေက အခုဆိုရင် စစ်ဘေးဒုက္ခသည်တွေ ဘ၀နဲ့ တစ်ကွဲတစ်ပြား ပေါ့ဗျာ။ မန္တလေး၊ ရန်ကုန် ၊ တောင်ကြီး ၊ တချို့ဆိုရင်လည်း နိုင်ငံခြားပေါ့ဗျာ။ စသဖြင့် ဒုက္ခရောက်နေ ကြရတာကို တွေ့ရတယ်။

တစ်ဖက်က ပြောသလို စစ်အာဏာရှင် တိုက်ဖျက်ရေး၊ စစ်တပ်ကိုတော့ တိုက်လို့ရတာပေါ့နော်၊ နောက်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို ကျွန်တော်တို့က ဆုံးဖြတ်ရမယ့် လူတွေ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ကတော့ စောင့်ကြည့်ရတဲ့ အနေအထားပဲ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူထုတွေရဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေကတော့ ကျွန်တော်တို့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ရတဲ့ အချိန်ကျရင်တော့ ဖြေရှင်းရမယ်။

၃။ ဦးဖေသန်း
ရခိုင်နိုင်ငံရေးသမား
ဒီနိုင်ငံက တရုတ်နဲ့ ဘယ်လိုမှ ကင်းကွာလို့မရတဲ့နိုင်ငံဖြစ်တယ်ပေါ့။ အဲဒီထဲကမှ ဟိုင်ဂင်သဘောတူညီ ချက်နဲ့ စစ်ပွဲရပ်ဖို့ သဘောတူညီမှု လုပ်ပေးခဲ့တယ်ပေါ့၊ နောက်ပိုင်းမှာ ပေါ်ပေါ်ထင်ထင် စစ်ကောင်စီဘက် က ရပ်လာတာတွေ့ရတယ်။ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ မဆက်သွယ်ဖို့ စစ်ကို ဆက်မတိုက်ဖို့ အဲဒီလိုဖိအားပေးတာတွေ တွေ့တယ်။ MNDAA ဆိုရင် လုံးဝကို စစ်ပွဲရပ်စဲသွားတယ်။ TNLA ကတော့ ဆက်တိုက်နေတယ်ပေါ့။ အဲဒီလိုအခြေအနေရှိတယ်။
ကျွန်တော်မြင်တာကတော့ တရုတ်က သာတဲ့ဘက်ကို လိုက်မှာပဲ။ NUG က အနောက်နိုင်ငံဘက်ကို ယိမ်းလို့ သူ မကြိုက်တာပေါ့။ အဲဒီလိုအခြေအနေက တော်လှန်ရေးအင်အားစုတွေ အပြတ်အသတ် အင်အား ကောင်းလာပြီဆိုရင် ချိန်ခွင်လျှာပြောင်းပြီးတော့ စစ်ကောင်စီကို ထောက်ခံမှု လျော့ကျသွားနိုင်တယ်။

၄။ ဒေါက်တာတေဇာစန်း
စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခေါင်းဆောင်
၁၀၂၇ စစ်ဆင်ရေးကြီးဟာ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံ တော်လှန်ရေးအတွက် စစ်ရေး သက်သက်မက တော်လှန်ရေးတစ်စုံလုံးအတွက် အင်မတန်မှ အရေးကြီးတဲ့ သမိုင်းတွင်၊ သမိုင်းဝင်တဲ့ အချိုးအကွေ့အလှည့်အပြောင်းကြီး တစ်ရပ်ဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ဒီစစ်ဆင်ရေးကြီးမတိုင်ခင်က ပြောကြတယ် … ဒီစစ်အာဏာရှင်က အင်မတန်မှ ရုပ်ဝတ္ထု အင်အား ကြီးမားတယ်၊ သူ့ကို စစ်ရေးအရ အနိုင်တိုက်ဖို့ မဖြစ်နိုင်ဘူး၊ စစ်အုပ်စုက ဘယ်လိုမှ မပြိုကွဲနိုင်ဘူးဆိုတဲ့ အပြောအဆိုတွေပေါ့၊ ပြည်တွင်းမှာရော ပြည်ပမှာပါ ရှိခဲ့ကြတယ်။ ဒီအပြောအဆိုတွေအပေါ်မှာ ၁၀၂၇ တော်လှန်ရေးလှိုင်းကြီးနဲ့ အကောင်းဆုံးအထိရောက်ဆုံး ရိုက်ချိုးနိုင်ခဲ့တယ်လို့ ကျွန်တော်တို့ ပြောရမှာ ဖြစ်ပါတယ်ဗျ။ ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးအောင်ပွဲ လှိုင်းတွေနဲ့အတူ ပြည်တွင်းပြည်ပ တော်လှန်ပြည်သူတွေ အားလုံးရဲ့ ယုံကြည်စိတ်တွေ တော်လှန်ရေးအပေါ်မှာ ထက်သန်စိတ်တွေ ၊ သန္နိဋ္ဌာန်တွေက ပိုပြီးခိုင်မာလာတယ်။ ပြင်းပြလာတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။

၅။ ဆလိုင်းယောမန်
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ပြောရေးဆိုခွင့်ရှိသူ
နိုင်ငံတကာအကူအညီဘာညာမရှိဘဲနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်၊ ကိုယ့်အားကိုယ်ကိုး ရုန်းကန်ပြီးမှ အာဏာရှင်တွေကို တိုက်ထုတ်နိုင်တယ်။ ဘယ်သူမှ မယှဉ်နိုင်၊ မတိုက်နိုင် မတတ်သာလို့ အလျှော့ပေး ၊ အဆင်ပြေအောင် နေရုံပဲဆိုတဲ့ လက်နက်ကိုင်ကြီးတွေရဲ့ ရာစုတစ်ခုနီးပါးကြာလာတဲ့ ပြည်တွင်းစစ်ကို လုံးဝ လှုပ်နှိုးလိုက်တာပေါ့။ တကယ့်တော်လှန်ရေးကို အသက်သွင်းလိုက်တဲ့ ၊ နောက်တစ်ဆင့် အရှိန်မြှင့်လိုက်တဲ့ စစ်ဆင်ရေးတစ်ခုပေါ့။
စစ်အာဏာရှင်ပြုတ်ကျရေးကို Facebook ပေါ်မှာပြောနေရမယ့်၊ UN မှာ ဆော်ဩနေရမယ့်၊ ဆန္ဒပြရုံ၊ ခြုံခိုတိုက်ခိုက်ရုံ၊ မိုင်းဆွဲရုံပဲမဟုတ်ဘဲ ရှင်းရှင်းပြောရင် တစ်နိုင်ငံလုံးက တော်လှန်ရေးတပ်တွေကို မြို့သိမ်းတိုက်ပွဲဆီကိုပါ ပေးလိုက်နိုင်တဲ့ စစ်ဆင်ရေးကြီးပေါ့။

၆။ ရဲဘော်နီနီကျော်
အထွေထွေအတွင်းရေးမှုး
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA
၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်တိုက်တဲ့အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာဆိုရင် ရဲဘော်ရဲဘက် စိတ်ဓာတ်အပြည့်နဲ့ သစ္စာရှိရှိနဲ့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပြီး သူ့တာဝန် သူကျေအောင် တိုက်ခဲ့တယ်။ ဘယ်သူ့အဖွဲ့အစည်းအောက်ကိုမှ ဘယ်သူကမှ ဝင်ပြီးတိုက်တာမဟုတ်ဘူး။ အားလုံးက တန်းတူညီမျှ တလေးတစားနဲ့ ဆက်ဆံပြီး သူ့စစ်ဦးစီးနဲ့သူ သေသေချာချာနိုင်နိုင်နင်းနင်း တာဝန်ကျေကျေ တိုက်နိုင်လို့ ဒီပွဲက အောင်မြင်သွားတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ဗမာပြည်မှာ ရှေ့ဆက်တိုက်ရမယ့် အရေးကြီးတဲ့ တိုက်ပွဲတွေမှာလည်း ငါ့အဖွဲ့အောက် ဝင်မှ လက်ခံမယ်၊ အသိအမှတ်ပြုမယ်၊ မဝင်ရင် အသိအမှတ် မပြုဘူး၊ ဘေးဖယ်မယ်၊ ချောင်ထိုးမယ်ဆိုတာတွေ မလုပ်ဘဲနဲ့ လေးလေးစားစား ဆောင်ရွက်မယ် ဆိုရင် နောက်ထပ်လှိုင်းလုံးတွေ တစ်လိမ့်ပြီး တစ်လိမ့်ဆင်းလာတဲ့ ဆူနာမီလိုလှိုင်းလုံးတွေ တော်လှန်ရေးလှိုင်းလုံးအောက်မှာ ဒီစစ်အုပ်စုဟာ မကြာခင်စုံးစုံးမြှုပ်တော့မယ်ပေါ့။ အဲဒီလိုမျိုး ယုံကြည်ပါတယ်။ အဲဒီလိုမလုပ်နိုင်ရင် ၊ တစ်ယောက်နဲ့ တစ်ယောက်လက်တွဲမညီရင် နည်းနည်း ကြန့်ကြာ နေလိမ့်မယ်။



