ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၇ ရက် ညနေပိုင်း လေတပ် တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၂ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း သိရသည်။
ချောက်မြို့နယ် တောင်ပိုင်းသို့ ရွာမကျေးရွာအနီးမြေပြင်စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားစဉ် လေတပ်က ဗုံးကြဲရာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် သက်ကြီးရွယ်အို ပြည်သူ ၂ ဦး တော်လှန်ရေး တပ်ဖွဲ့ဘက်မှ အာဠာဝက မြို့ပြပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုပေတ အပါအဝင် ၃ ဦး ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Chauk Revolution Army (CRA) က ထုတ်ပြန်သည်။
ဝေးဝေးလံလံ မရှောင်တိမ်းနိုင်သည့် သက်ကြီးရွယ်အို အချို့မှာ ရွာမရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေစဉ် ထိုဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ရာ ရွာမရွာခံများဖြစ်သည့် အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားမှာ ပွဲချင်းပြီးသေဆုံးသည်၊ လက်၊ ဒူးနှင့် ပေါင်တို့တွင် ကျည်ထိခဲ့သည့် အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသားမှာ ဒဏ်ရာကြောင့် သေဆုံးသည်ဟု CRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ဘက်က အဘိုးကြီးတွေက တဘက်စောင်လေးတွေ ပါကြတယ်။ သူ့မှာပါတဲ့ တဘက်စောင်လေး နဲ့ သူ့ခြေထောက်ကို သူစည်းထားတာတွေ့သေးတယ်။ နောက်ပိုင်းကျမှ သွေးထွက်လွန်ပြီးသေတာ ဖြစ်နိုင်ချေရှိတယ်”ဟု သူက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၂၈) တွင် စစ်တပ်ပြန်ထွက်သွားပြီးနောက် သေဆုံးသူများကို ကောက်ယူ သင်္ဂြိုဟ်နိုင်ခဲ့ကြောင်းသိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ရွာမရွာ ဘုန်းကြီးကျောင်းတွင် ပင်မကျောင်းဆောင်မှ အပ ဇရပ်၊ ဓမ္မာရုံအပါအဝင် အဆောက်အဦးများ ပျက်စီးသွားကြောင်း CRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

တော်လှန်ရေးအင်အားစု အားကောင်းသည့် ချောက်မြို့ တောင်ဘက်ပိုင်းကို အောက်တို ဘာ ၂၅ ရက်နေ့က စပြီး စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများထိုးလာရာ ထိုနေ့ နေ့လယ်ပိုင်းက ထိန်စမ်းရွာ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်သည်၊ စစ်တပ်ဘက်တွင် လေကြောင်းပစ်ကူ ရှိခဲ့သည်ဟုလည်း သိရသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် စစ်တပ်မီးရှို့သဖြင့် နရွဲတောရွာမှ အိမ်ခြေ ၃၃ လုံး၊ ရွာမရွာမှ အိမ်ခြေ ၂၀ နီးပါး ပျက်စီးခဲ့ရ ကြောင်း ချောက်တော်လှန်ရေးတပ် CRA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကြောင်းဝင်ခဲ့ရာ ကျေးရွာများမှ ဒေသခံ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်၊ စစ်ကောင်စီကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ ထောက်ခံအားပေးသူ အချို့လည်း ရိုက်နှက်ခံခဲ့ရသည်ဟု ချောက်ဒေသခံများက ဆိုသည်။
အောက်တိုဘာ ၂၈ ရက်နေ့တွင် စစ်ကြောင်း ပြန်ဆုတ်သွားသော်လည်း အနီးဝန်းကျင်ကျေးရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဖြစ်သည့် ချောက်မြို့နယ်တွင်
ယခင်က စစ်ကောင်စီ တပ်ဖွဲ့ဝင်အနည်းငယ်ဖြင့် စစ်ကြောင်းထိုးခဲ့သော်လည်း ယခုအခါ စစ်တပ်က ပထမဆုံးအကြိမ် အင်အားအလုံးအရင်း သုံးသလို လေကြောင်းမှပါ
တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှ တော်လှန်ရေးအင်အားစုများ မြစ်အရှေ့ခြမ်းသို့ စိမ့်ဝင်ထိုးဖောက် လှုပ်ရှားလာမည်ကို ဟန့်တားလိုသဖြင့် ထိုသို့ အင်အားသုံးခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ မြစ်အနောက်ခြမ်းသည် AA ထိုးစစ်ဆင်နေသည့် ရခိုင်ပြည်နယ်နှင့် ကပ်လျက် တည်ရှိသည်။
အောက်တိုဘာ ၂၇ ရက်နေ့ကလည်း ချောက်မြို့ အနောက်ဘက် ဧရာဝတီမြစ် တစ်ဘက်ကမ်းရှိ စလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးအဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့သည်။
စလင်းမြို့နှင့် ဆင်ဖြူကျွန်းကြား ရထားသံလမ်းဖြတ်ကူးသည့်တံတား အနီးဖြစ်ပွားသည့် တိုက်ပွဲတွင် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဒေါင်းစစ်အောင် တပ်ဖွဲ့မှ အသက် ၁၇ နှစ်အရွယ် ကိုခန့်စည်သူလွင် (ခ) ရဲဘော်ဂျုတ်ကြီး သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရာစက်ရုံများရှိသည့် ဆိတ်ဖြူ၊ စေတုတ္တရာ၊ ပွင့်ဖြူတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် စလင်းမြို့နယ်တွင် နယ်မြေထက်ဝက်နီးပါးကို တော်လှန်ရေးအင်အားစုများက စိုးမိုးထားသည်။
နိုင်ငံတဝန်းတွင် လက်နက် စက်ရုံ ၂၅ ခုရှိသည့်အနက် ထက်ဝက်ကျော်မှာ မကွေးတိုင်းတွင် တည်ရှိသည်၊ စက်ရုံအများစုမှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် အခြေပြုတည် ဆောက်ထားသည်။
ရခိုင်ပြည်နယ် အမ်းမြို့ကို အာရက္ခတပ်တော် (AA) သိမ်းပိုက် ထိန်းချုပ်ပြီးပါက နယ်မြေ
ဆက်စပ်နေသည့်၊ တော်လှန်ရေးအင်အားစုများ စိုးမိုးမှုအားကောင်းသည့်
မကွေးတိုင်းတွင် လာမည့် ပွင့်လင်းရာသီတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ထားသည်။



