နိုဝင်ဘာ ၁၆ ရက်နေ့က ပဲခူးတိုင်းအရှေ့ခြမ်း၊ ဝေါမြို့နယ်မှ ဒေသခံ အမျိုးသား ၂ ဦး တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်သည်ဟူသော စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း၊ အောင်ဇေယျကျေးရွာသို့ သွားရောက်ကာ အသက် ၅၀ ကျော်အရွယ် ဦးဝင်းမြင့်ကို ဖမ်းဆီးခဲ့ပြီး ၎င်း၏ လယ်တဲအနီး ရှာဖွေခဲ့ရာ လက်နက်ခဲယမ်း တချို့ တွေ့ရှိခဲ့သည်ဟု သိရသည်။
မကြာသေးခင်ရက်များက ထိုလယ်တဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ တည်းခိုခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“Mission (စစ်ဆင်ရေး) လုပ်ဖို့သွားရင်း စစ်ကြောင်းနဲ့တွေ့လို့ အဖွဲ့တွေက လယ်ကွင်းထဲမှာ မြှုပ်ထားခဲ့တာ၊ အဲဒါကို လယ်တဲပိုင်ရှင်ကို စစ်ရင်း ပစ္စည်းတွေပေါ်သွားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
“လူစိမ်းတွေ ဝင်ထွက်သွားတာကို မသင်္ကာလို့ သူတို့ရဲ့အသွင်ယူ လှုပ်ရှားနေတဲ့ သတင်းပေး တွေကပဲ သတင်းပေးလိုက်တဲ့အချိန်မှာ လယ်တဲပိုင်ရှင်ကို မေးခံရတာ”
ဦးဝင်းမြင့် အဖမ်းခံရပြီးနောက် ကိုအောင်ကိုကို ဆိုသူ ဒေသခံတစ်ဦးလည်း ဆက်စပ်ဖမ်းဆီးခံထားရ ကြောင်း ဒေသခံတချို့နှင့် ကာကွယ်ရေးအဖွဲ့များထံက စုံစမ်းသိရှိရသည်။
ထိုအမျိုးသားနှစ်ဦးသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ခြင်းမရှိဟု ယုံကြည်ရကြောင်း ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
“ရိုးရိုးလယ်လုပ်တဲ့သူတွေပါပဲ၊ သူတို့လုပ်နေကျအတိုင်း လက်နက်တွေ့တော့ အနီးမှာတွေ့တဲ့သူ ဖမ်းခေါ် သွားတာ၊ လက်နက် မတွေ့လည်း မသင်္ကာရင် ဖမ်းနေတာပဲ” ဟု ထိုသူက ပြောသည်။
တစ်ချိန်တည်းတွင်ပင် အောင်ဇေယျကျေးရွာနှင့် အနီးနားရွာများမှ ဒေသခံများနှင့် ဖုန်းများကို အစစ်အဆေး တင်းကျပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ထိုအမျိုးသား ၂ ဦးကို ဝေါမြို့နယ် ရဲစခန်းမှတဆင့် ပဲခူးတိုင်း အမြန်လမ်း၄၁ မိုင်နားရှိ တည် ရှိသော အမှတ် (၉၀၁) အမြောက်တပ် ဘောနပ်ကြီးစစ်ကြောရေးစခန်းသို့ ပို့ဆောင်ထားသည်ဟု သိရှိရ ကြောင်း အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်ထံမှ သိရသည်။
စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထို၂ ဦးကို ဖမ်းဆီးထားကြောင်း ဓာတ်ပုံများနှင့်တကွ နိုဝင်ဘာ ၁၇ ရက် တွင် ထုတ်ပြန်ထားကြပြီး အကြမ်းဖက်သမားများဖြစ်သည်ဟု စွပ်စွဲထားသည်။
သတင်းအရ လယ်စောင့်တဲသို့ သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ရာ လယ်တဲအနောက်ဘက် လယ်ကွင်းထဲ တွင် မြေမြှုပ်ထားသည့် ရှော့တိုက်ဒုံး ၃ လုံး၊ စီပီပိုက်ဖြင့်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်ခု၊ ပွိုင့်၂၂ ကျည်ဆန် ထည့်ပစ်၍ရသည့် ဘောလ်ပင်သဏ္ဌာန် လက်လုပ်သေနတ်တစ်ချောင်း၊ ပွိုင့်၂၂ ခဲကျည် အတို ၄၇ တောင့်တို့ကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားကြသည်။
ပဲခူးတိုင်းအနောက်ခြမ်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများနှင့်ထိစပ်နေကာ KNU တပ်များသာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးအဖွဲ့များလည်း စစ်တောင်းမြစ်တလျှောက် လှုပ်ရှားကြသည်။
အောက်တိုဘာလအတွင်းက ရေတာရှည်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ လက်နက်နှင့် အတူ ဖမ်းဆီးခံရမှု ၂ ကြိမ် ဖြစ်ပွားထားသည်။ အောက်တိုဘာ ၂၃ တွင်လည်း ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း ပေါ်ရှိ ညောင်ခါးရှည်ဂိတ်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ အမျိုးသား တစ်ဦးကို သေနတ် ၁၆လက် ၊ ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယမန်နှစ် ဧပြီအတွင်းကလည်း ညောင်ခါးရှည်ရဲစခန်းကို “နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် တိုက်ခိုက် မှုတွင် ဒေသခံများ ဖမ်းဆီးခံရပြီး ဒေသခံ ၅ ဦး စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သည်။



