မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန်စည်ရှားပါးနေသည့် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် တအာင်းတပ် (TNLA) တို့က နှစ်ဖက်တပ်ထိန်းချုပ်ထားရာဒေသများသို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန် အပြန်အလှန်ပိတ်ဆို့ထားကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်တို့မှ မြန်မာဘက်သို့ တင်သွင်းမည့် သွင်းကုန်များကို ယခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် တရုတ်အစိုးရက ကန့်သတ်ခဲ့ခြင်းကြောင့် တရုတ်ကုန်စည်များရှားပါးလာချိန် ဒေသတွင်းလှုပ်ရှားနေသော စစ်ကောင်စီတပ် နှင့် TNLA တို့က ထိုသို့ အပြန်အလှန်ပိတ်ဆို့မှု ဖြစ်ပေါ်လာသည်။
စစ်ကောင်စီသည် ပြင်ဦးလွင်မြို့မှ ရှမ်းမြောက်ဒေသသို့အထွက်လမ်းနှင့် ရှမ်းတောင်ပိုင်းမှ မြောက်ပိုင်းသို့ ကွေ့ပတ်ဝင်ရောက်နိုင်သည့် လမ်းပိုင်းကိုလည်း ပိတ်ဆို့ထားလိုက်သည်။
စစ်ကောင်စီတပ်၏ ပိတ်ပင်မှုများ ပြုလုပ်လာချိန် တအာင်းတပ်ကလည်း စစ်ကောင်စီ ထိန်းချုပ်သည့် မူဆယ်မြို့သို့ စက်သုံးဆီမဝင်ရန် တန်ပြန်ပိတ်ဆို့ထားခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်များကို ကိုးကား၍ သိရသည်။
“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း တအာင်းတပ်(TNLA)၊ ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်တော် (AA)နှင့် တော်လှန်ရေးတပ်များက မူဆယ်၊ မိုင်းရယ်နှင့် တန့်ယန်းမြို့တို့မှလွဲ၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့အပါဝင် စတုရန်းမိုင် ၂၃,၃၉၇ ခန့် ကျယ်ဝန်းသည့် ရှမ်းမြောက်ဒေသကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
တစ်နှစ်အတွင်း နယ်မြေအများအပြား လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် ရှမ်းပြည် တောင်ပိုင်း နှင့် မြောက်ပိုင်းကို ဆက်သွယ်သည့် ရပ်စောက် (ဗထူး) – ကျောက်ဂူလမ်းကို ယခုလ(နိုဝင်ဘာ ၁၂ ရက်) ပိတ်လိုက်ကြောင်း အမည်မဖော်လိုသည့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြော သည်။
“ရပ်စောက်လမ်းက သွားလို့တော့မရတော့ဘူး။ အဲ့ဘက်က ပိတ်ပစ်လိုက်ပြီ။ သူတို့က (စစ်ကောင်စီ) ခရီးသည်တင်တဲ့ကားတွေကိုတော့ (ဖြတ်သန်းခွင့်) ပေးတယ်။ ဒါပေမယ့် မန္တလေးကနေ ရှမ်းမြောက် ဘက်ကိုလာမယ် ဆိုရင် (ရှမ်းပြည်နယ်မှန်ပုံတင်) ၁၃/ တွေပဲ လာလို့ရမယ်။ ကျန်တဲ့မှတ်ပုံတင် ကိုင်ဆောင် ထားတဲ့လူတွေ လာလို့မရဘူး။ ခရီးသည် သီးသန့်ပဲရမယ်။ ကုန်က လုံးဝပေးမသွားတော့ဘူး”
ထိုလမ်းကြောင်းပိတ်ထားခြင်းကြောင့် တောင်ကြီး-ဟိုပုံး-လဲချား-ကျေးသီး-မိုင်းရယ် လမ်းကြောင်းမှ ပတ်၍ရှမ်းပြည်မြောက်ပိုင်းကို သွားလာမှုများရှိသော်လည်း မြို့အဝင်အထွက် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များက ကုန်ပစ္စည်းသယ်ခွင့်မပြုပေ။
ထို့ကြောင့် တပ်အာင်းတပ်(TNLA) ကလည်း ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီထိန်းချုပ်ထားသော နယ်စပ် မြို့ကို တန်ပြန်ပိတ်ဆို့ခြင်းဖြစ်ကြောင်း ၎င်းက ယူဆသည်။
“တန်ပြန်ပိတ်ဆို့တဲ့သဘောပါပဲ။ သူတို့(စစ်ကောင်စီ) ဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့ဘက်ကို ပိတ်သလိုမျိုး လွတ်မြောက်နယ်မြေကလည်း မူဆယ်ကိုသွားမယ့် အရေးကြီးပစ္စည်း လိုဟာမျိုးတွေပိတ်ပစ်လိုက်တယ်။ အဓိကကတော့ စက်သုံးဆီကို ပိတ်တာပေါ့”

တရုတ်ဘက်မှ ကုန်ပစ္စည်းများကန့်သတ်ထား၍ စက်သုံးဆီ ရှားပါးပြတ်လပ်နေသည့် မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာလျှင် ၁၂,၀၀၀ ကျပ်ကျော် ဈေးပေါက်ပြီး တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေမှ ထိုမြို့သို့ ဆီတစ်လီတာမှ ပြန်မဝင်ရန် TNLA က ပိတ်ဆို့ထားကြောင်း နယ်စပ်ဒေသရှိ အမည်မဖော်လိုသူ ကုန်သည်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
”လိုသလောက်ဝယ်မရဘူး။ ကျန်တဲ့ကုန်စည်ရောပေါ့။ ဆီက မူဆယ်က မထွက်ဘဲ မဟာမိတ်ဘက်က ပြန်ထွက်နေတော့ မူဆယ်ကို ဆီတစ်လီတာမှ မသွားရဆိုပြီး ပိတ်လိုက်တာ” ဟု ၎င်းက ဆိုသည်။
မြောက်ပိုင်းမဟာမိတ်များထိန်းချုပ်နယ်မြေတွင် ကုန်သည်များက တရုတ်ကုန်သည်များနှင့် ညှိနှိုင်း၍ စက်သုံးဆီတင်သွင်းနေပြီး ပြည်မဘက်မှ ဝင်ရောက်သည် ဆီများလည်းရှိနေသည်ဟု ကုန်သည်များက ဆိုသည်။
စက်သုံးဆီများသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့များထိန်းချုပ်ထားသည့် နမ့်ခမ်း၊ နမ့်ဖက်ကာ၊ ကွတ်ခိုင် မြို့ဘက်မှ မူဆယ်ကို ပြန်ဝင်နေခြင်းဖြစ်သည်။
လတ်တလောအနေဖြင့် မူဆယ်တွင် စက်သုံးဆီ ရှားနေကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဆီဆိုင်တွေအားလုံးကတော့ လောလောဆယ်ပိတ်ထားတယ်။ အပြင်ရောင်းတဲ့ဥစ္စာတွေပဲရှိတာပေါ့ဗျာ။ ရောင်းတဲ့ဟာလည်း ကိုယ်လိုချင်သလောက်ဝယ်လို့မရဘူး။ ဟိုလူ့ဆီမှာ တပုံးရှိတယ်။ ဒီလူဆီမှာ တစ်ပုံး ရှိတယ်။ အဲ့လိုပဲ မှောင်ခိုသယ်လာပြီးမှ ပြန်ရောင်းတဲ့သဘောပေါ့။ အဲ့လိုဆီပဲရှိတယ်” ဟု သူက ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့ပေါ် ကုန်ပစ္စည်းမပြတ်လပ်ရန် တရုတ်ဘက်က နယ်စပ်ဂိတ်များပြန်ဖွင့်ကာ ကုန်စည်ကို အကန့်သတ်ဖြင့်ဖွင့်ပေးနေသည်ဟု သိရသည်။
မူဆယ်မြို့နှင့် ယူနယ်ပြည်နယ် ကျယ်ဂေါင်မြို့နှင့်ထိစပ်နေသည့် ဂိတ်သုံးခုအနက် ကုန်တင်ကားကြီးများ ဝင်ထွက်နိုင်သည့် မန့်ဝိန်းဂိတ်ကို ယခုလ ၁၁ ရက်တွင် ပြန်ဖွင့်ခဲ့ပြီး ယမန်နေ့တွင်လည်း ဆင်ဖြူဂိတ်ပေါက် မှ စားသောက်ကုန်များဝယ်ယူခွင့်ပြုခဲ့သည်ဟု အထက်ပါမူဆယ်ဒေသခံက ပြောသည်။
“ဆင်ဖြူပေါက်က အရင်ရက်က လူပဲအဝင်အထွက်လုပ်လို့ရတာလေ။ ဒီနေ့တော့ အာလူးကားလေးတွေ ထွက်လို့ရတယ်။ နောက်ပြီး ဆိုင်ကယ်နဲ့ တစ်နိုင်တစ်ဆွဲတစ်ထုတ်လေးတွေပေါ့။ စားသောက်ကုန်တွေ ထွက်တာရှိတယ်” ဟု သူက ပြောသည်။
ပိတ်ပင်မှုများကြောင့် ရှမ်းမြောက်ဒေသတွင် စက်သုံးဆီနှင့် စားသုံးဆီ ရှားပါးပြီး ဆန်၊ အသီးအရွက်၊ အသားငါးများမှာ ဒေသတွင်း ထွက်ရှိခြင်းကြောင့် အလွန်အကျွံမရှားပါးနိုင်ကြောင်း သိရသည်။
ရှမ်းမြောက်ဒေသသည် တရုတ်သွင်းကုန်များကို အဓိကမှီခိုသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်ရန် နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်များကို တရုတ်အစိုးရက ဖိအားပေးခဲ့ပြီး မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေသော နယ်စပ်မျဉ်းပေါ်ရှိ ကုန်သွယ်ရေးဂိတ်များတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုကို တစ်ဆင့်ပြီးတစ်ဆင့် ကန့်သတ်လာသည်။
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ချိန် အောက်တိုဘာ ၂၇ တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်ထားသည့် “ဝ” ဒေသ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာ၊ ကိုးကန့်နှင့် မိုင်းလားဒေသစသည့်နယ်စပ်ဂိတ်များအပါအဝင် ရှမ်းနှင့် ကချင်ပြည်နယ်တို့မှ နှစ်နိုင်ငံကုန်သွယ်နေသည့် နယ်စပ်ဂိတ်များကိုပါ ကန့်သတ်ထားသည်။
ထိုဒေသများတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် အဝင်အထွက်ပြုလုပ်နိုင်သည့် နယ်စပ်ဂိတ် ၁၅ ခု ထက်မနည်းရှိကြောင်း၊ ဂိတ်ထက်ဝက်ခန့်ကို ပိတ်ထားကာ ကျန်ဂိတ်များမှ မြန်မာဘက် တင့်ပို့ရောင်း ချမည့် ကုန်စည်များကန့်သတ်ကြောင်း ယူနန်ပြည်နယ်အခြေစိုက် Myanmar Now ၏ သတင်းရင်းမြစ် များက ဆိုသည်။
သို့သော် မြန်မာနိုင်ငံမှထွက်ရှိသည့် အဖိုးတန်ကျောက်စိမ်း၊ မြေရှားနှင့် သတ္ထုသယံဇာတထုတ်ကုန်များကို တရုတ်က တံခါးမရှိဓားမရှိဆက်လက်ဝယ်ယူနေကြောင်း နယ်စပ်အခြေစိုက် ကုန်သည်များက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အကြား ကျေးရွာများတွင် အောက်တိုဘာ တတိယပတ်က တိုက်ပွဲများဖြစ်နေကတည်းက စစ်ကောင်စီသည် ရှမ်းမြောက်ဘက်သို့ သွားမည့် ကုန်တင်ကားများ နှင့် ခရီးသွားကားများ၊ အိမ်စီးကားများပါမချန် ပြင်ဦးလွင်မြို့အထွက် ဝက်ဝံ စစ်ဆေးရေးဂိတ်မှ စ၍ အဝင်အထွက်ကန့်သတ် ထားသည်။



