ထိုင်းနိုင်ငံနှင့်နယ်မြေထိစပ်နေသော မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံသားများကို လှည့်ဖျားခေါ်ဆောင်၍ ငွေလိမ်လုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေမှုများ ပေါ်ထွက်လာပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၁၅) တွင် ကရင်နှစ်တပ်က လူကုန်ကူးမှု၊ ငွေလိမ်လုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအရေး အရေးပေါ်ဆွေးနွေးခဲ့ကြသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လာရောက် လုပ်ကိုင်နေကြသော တရုတ်လုပ်ငန်းရှင်များကို ဒီမို ကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က တွေ့ဆုံခဲ့သည်ဟု ထိုင်းသတင်းများနှင့် ကရင်သတင်းစဉ် (KIC) တို့တွင် ဖော်ပြထားသည်။
မြဝတီဒေသတွင် ကြီးထွားနေသည့် ငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနှင့် ရာဇဝတ်လုပ်ငန်းများ ရပ်တန့်ရေး အပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအား စေခိုင်းခြင်း၊ ငွေညှစ်ခြင်းများ၊ နှိပ်စက် ညှဉ်းပန်းခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း BGF က သတိပေးခဲ့သည်ဟု သိရသည်။
အဆိုပါ အစည်းအဝေးကို BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီးစောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်း၊ DKBA DKBA ဒု စစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ စိုင်းကျော်လှနှင့် အခြားအရာရှိများအပါအဝင် တရုတ်စီးပွားရေးသမား ၆၀ ဦးခန့် တက်ရောက်ခဲ့သည်။
DKBA ဒု စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက “ဗိုလ်ချစ်သူက ဒီမြဝတီလား၊ ကျောက်ခက်လား၊ ကုက္ကိုလ်လား အဲ့မှာ လာလုပ်နေတဲ့ တရုတ်တွေကို ညှဉ်းပန်းနှိပ်စက်တာမလုပ်ဖို့၊ အသက် ၁၈ နှစ် မပြည့် ရင် အလုပ်မပေးဖို့ သက်ကြီးရွယ်အိုတွေရဲ့ ငွေတွေကို လိုက်မလိမ်ဖို့ အဲ့ဒါတွေကို လုပ်တာသိရင် အရေးယူ မယ်။ အဓိက ကတော့ တရုတ်ကိစ္စပါပဲ” ဟု KIC သတင်းဌာနကို ပြောသည်။
လတ်တလောတွင် မြဝတီမြို့နယ်အတွင်းရှိနေသည့် လောင်းကစားရုံများ၊ လောင်းကစားဝိုင်းများကို ၃ လ အတွင်း ပိတ်သိမ်းရန် DKBA က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောထားသည်။
တရုတ်နိုင်ငံသား သရုပ်ဆောင် အမျိုးသားတစ်ဦး ဇန်နဝါရီ ၃ တွင် ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရပြီး မြန်မာနိုင်ငံဘက် ရောက်ရှိသွားရာ ဇန်နဝါရီ ၇ တွင် ထိုင်းအာဏာပိုင်တို့က အဆိုပါ သရုပ်ဆောင် ပြန်လွတ်လာရေး ဆောင်ရွက်ခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံသား ၅ ဦးထက်မနည်း ကယ်ဆယ်ထားရပုံများကို ထိုင်းသတင်းဌာနများက ဝေဝေ ဆာဆာဖော်ပြခဲ့ကြပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနကလည်း ထိုကိစ္စများအား ကိုင်တွယ်မည်ဖြစ် ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ထိုင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Civil Society Network for Victim Assistance in Human Trafficking ၏ ယခုလဆန်းပိုင်းမှာ ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူ ၆၀၀၀ ခန့်သည် ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းရှိ ငွေလိမ်လုပ်ငန်းများတွင် လူကုန်ကူးခံထားရကာ ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခံနေရလျက်ရှိသည်ဟု ဆိုသည်။
အဆိုပါလူကုန်ကူးခံရသူများအနက် ၃၉၀၀ ခန့်မှာ တရုတ်နိုင်ငံသားဖြစ်သည်ဟု ဖော်ပြထားသည်။
နိုင်ငံခြားသားများကို လူကုန်ကူးရာတွင် တရုတ်ရာဇဝတ်ဂိုဏ်များက ထိုင်းနယ်စပ် မဲဆောက်မြို့ကို သယ်ယူပို့ဆောင်ရေးဗဟိုချက်အဖြစ် အဓိကအသုံးပြုနေပြီး ထိုရာဇဝတ်ဂိုဏ်းများမှာ BGF ၏ အထောက်အပံ့ရရှိလျက်ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားသည်။
ငွေလိမ်လုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးအတွက် ဆွေးနွေးပွဲနှင့်ပတ်သက်၍ BGF ခေါင်းဆောင် စောချစ်သူကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။
အဆိုပါအစည်းအဝေးမှာ တက်ရောက်ခဲ့ကြသည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ် သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် DKBAမှ စိုင်းကျော်လှ သည် ငွေလိမ်လုပ်ငန်းအပါဝင် တရုတ်ရာဇဝတ်ဂိုဏ်း များ၏ တရားမဝင်လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသူများဖြစ်သည်ဟု ယမန်နှစ် (ဧပြီ ၂၂)က အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP)ကလည်း ထုတ်ဖော်ရေးသားဖူးသည်။
DKBA အရာရှိ ဗိုလ်ချုပ်စောဆန်းအောင်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပေ။
ဗိုလ်ချုပ်စောဆန်းအောင်မှာ မြဝတီခရိုင်၊ ဆုံဆည်းမြိုင်ဒေသတွင် ၂၀၂၀ ခုနှစ် မတ် ၁၂ ရက်နေ့က စစ်တပ်ထံ လက်နက်ချအညံ့ခံခဲ့ပြီးနောက် ၎င်း၏ မိခင်တပ်ရင်းမှာ ပြန်လည်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ရွှေကုက္ကိုလ်မြို့အပါဝင် မြဝတီမြို့နယ်အတွင်း ငွေလိမ်လုပ်ငန်း၊ လောင်းကစားနှင့် လူကုန်ကူးမှုများမှာ တွင်တွင်ကျယ်ကျယ် ကြီးထွားနေခြင်းဖြစ်ပြီး ထိုလုပ်ငန်းများလည်ပတ်နိုင်ရန် စောချစ်သူ ဦးဆောင်သည့် BGF က အထောက်အပံ့ပေးထားခြင်းဖြစ်သည်ဟု USIP က ဆိုသည်။
ထိုလုပ်ငန်းများကို လက်ခံနေရာချထားပေးခြင်း၊ လုပ်ငန်းများလည်ပတ်နိုင်ရန် လျှပ်စစ်မီးနှင့် အင်တာနက် ရရှိရေးဆောင်ရွက်ခြင်းနှင့် လုံခြုံရေးယူပေးထားခြင်းအတွက် BGF ခေါင်းဆောင်များမှာလည်း တရုတ် ရာဇဝတ်ဂိုဏ်းများထံကနေ အကျိုးအမြတ်များရနေကြောင်းဖော်ပြထားသည်။
ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGF က ရရှိသည်၊ ထိုငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်တပ်က ရရှိနေသည်ဟု USIP က ဆိုထား သည်။
မကြာသေးခင် ဇန်နဝါရီ ၁၃ ရက်က တရုတ်ရှေ့နေအဖွဲ့များက အစည်းအဝေးလုပ်ကာ ငွေကြေးလိမ်လည် မှုများကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာန အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော်၍ အွန်လိုင်းမှတဆင့် ပြုလုပ်နေသော ငွေကြေးလိမ်လည်မှုများကို တိုက်ဖျက်သွားရန် ဆွေးနွေးခဲ့ကြသည်။



