သတင်း

လက်နက်စက်ရုံများရှိသည့် မကွေးတွင် စစ်တပ်လှုပ်ရှားမှုများပြား၊ အမျိုးသား၂ ဦး အသတ်ခံရ

စစ်ကောင်စီ လက်နက်ကိုင်တို့က မကွေးတိုင်း ချောက်မြို့နယ်အတွင်း လှည့်ပတ် စစ်ကြောင်းထိုးနေရာ အရပ်သားတချို့ သတ်ဖြတ်ခံခဲ့ရပြီး ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ချောက်မြို့နယ်တောင်ပိုင်းရှိ ရွာတစ်ရွာကို ယမန်နေ့ (ဇန်နဝါရီ ၁၅) တွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး အရပ်သား ၂ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အင်အား ၈၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည်  မြို့တောင်ဘက် ၁၅ မိုင်ခန့် အကွာရှိ ထိန်စမ်းရွာကို နံနက် ၇ နာရီဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ 

စီးနင်းချိန်တွင် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးနှိပ်စက်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းလှုပ်ရှားသည့် အာဠာဝကပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“တစ်ယောက်ကကျတော့ ခြေထောက်ကိုအရင်ဆုံး သေနတ်နဲ့ပစ်ထားတာ။ သူက မပြေးနိုင်တော့ တခြားသူတစ်ယောက်က ကူညီလိုက်တာ။ အဲ့ဒီနှစ်ယောက်လုံးကို ဖမ်းသွားပြီးတော့ မျက်နှာကိုအဝတ်စည်းပြီးတော့ သေနတ်နဲ့ နောက်စေ့ကနေ ပစ်ထွက်သွားတာ။ နှစ်ယောက်လုံးကို အဲ့ဒီလိုပုံစံမျိုး ပစ်သတ်သွားတာ၊ ကျွန်တော်ကိုယ်တိုင် (အလောင်း)သွားကောက်ထားတာ” ဟု အထက်ပါ ပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။

စစ်တပ်၏ပစ်ခတ်မှုအတွင်း အသက် ၂၅ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး နောက်ကျောတွင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 ထိုစစ်ကြောင်း ရွာတွင် ၃ နာရီကြာ လှည့်လည် သွားလာပြီးနောက် ပြန်ထွက်သွားခဲ့သည်ဟု သိရသည်။

စစ်တပ်က ဒေသခံ ၂ ဦးကို သတ်ဖြတ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ရရန် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ချောက်မြို့နယ်တောင်ပိုင်း ကုန်းကြီးရွာတွင် အခြေစိုက်သည့် စစ်သားများ၊ ပြည်သူ့စစ်များ၊ ချောက်မြို့အခြေစိုက် အမှတ် (၃) ခြေလျင်တပ်ရင်းမှ စစ်သားများက ကျေးရွာများကို ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ချောက်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးရာ ဒေသများပြ မြေပုံ။

ဇန်နဝါရီ ၁၄ ရက်နေ့က လင်းတကိုင်းတိုက်နယ်‌ ဆေးရုံကို ဝင်ရောက်စီးနင်းပြီး ဆေးဝါးနှင့် ဆေးပစ္စည်းများ ယူသွားကြောင်းလည်း ဒေသတွင်း တော်လှန်ရေးအင်အားစုက ပြောသည်။

ထိုဒေသအတွင်း စစ်ကြောင်းထိုးစဉ် သတ်ဖြတ်မှု၊ အိမ်မီးရှို့မှုများ ကျူးလွန်နေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်း အွန်လိုင်း သတင်းများတွင် ရေးသားထားကြသည်။ 

စစ်ရုံး၏   ဇန်နဝါရီ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုတွင်မူ  ချောက်မြို့နယ်အတွင်း စစ်တပ်က မီးရှို့ ခဲ့ကြောင်း ဖော်ပြသည့် သတင်းများမှာ မှားယွင်းနေသည်ဟု တုံ့ပြန်ထားသည်။  

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် မိုင် ၂၀ ခန့် ကွာဝေးသည့် ‌ချောက်မြို့နယ် တောင်ဘက်ပိုင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစပြီး စစ်တပ်၏လှုပ်ရှားမှု တွေ့လာရသည်။

အနီးရှိ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်များကဲ့သို့ တော်လှန်ရေးအင်အားစု နယ်မြေထိန်းချုပ်မှု များလာမည်ကို စစ်တပ်က မလိုလားသဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်း စစ်ရေးလှုပ်ရှား သည့် ချောက်တော်လှန်ရေး တပ်ဖွဲ့ (Chauk Revolution Army CRA) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက သုံးသပ်သည်။ 

“စစ်ကြောင်းက အမြဲတမ်းလိုလိုကိုရှိတယ်။ ဒီဘက်မှာက နယ်မြေမပေးချင်တဲ့ သဘောမျိုးလည်းရှိတယ်၊ မြိုင်တို့၊ ပေါက်တို့လို။ ဒီဘက်ကိုလှိမ့်ထိုးနေတာ” ဟု သူက ပြောသည်။

စစ်တပ်၏ရန်ကြောင့် ထိန်စမ်း၊ ကံသစ်ကုန်း၊ ကတိုင်တောင်၊ ကတိုင် မြောက်ရွာတို့မှ ရာနှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟုလည်း သိရသည်။

ချောက်မြို့နယ်သည် အရှေ့ဘက်တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် ထိစပ်နေပြီး အနောက်ဘက်မှာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် စလင်းမြို့နယ်နှင့် ထိစပ်နေသည်။

အောက်တိုဘာလကုန်ပိုင်းက ချောက်မြို့တောင်ဘက်ပိုင်း ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးစဉ် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၂ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ ဝင် ၃ ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီသည် မကွေးတိုင်း အနောက်မြောက်ဘက်တကြောရှိ ရခိုင်ရိုးမနှင့် ချင်းတောင်ပိုင်းတစ်ခုလုံးကို လက်လွှတ်လိုက်ရပြီးနောက် လက်နက်စက်ရုံ  ၁၅ ခု တည်ရှိရာ မကွေးတိုင်းတွင်  စစ်အင်အားတိုးချပြီး စစ်ရေးပြင်နေကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ဒီဇင်ဘာလအတွင်း လက်လွှတ်လိုက်ရပြီးနောက် ကပ်လျက်တွင်ရှိသည့် မကွေးတိုင်း ငဖဲနှင့် မင်းဘူးမြို့နယ်များတွင် စစ်ရေးအရှိန်မြင့်လာသည်။

တော်လှန်ရေးအင်အားစုသာမက စစ်ကောင်စီတပ်ကလည်း ငဖဲမြို့နယ်အတွင်းရှိ အမ်း – ပဒါန်းလမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေရာ တိုက်ပွဲများ ဖြစ်နေကြောင်း၊ ငဖဲနှင့်ကပ်လျက်ရှိ မင်းဘူးမြို့နယ်တွင်လည်း စစ်တပ်က စစ်အင်အားတိုးချဲ့နေကြောင်း သိရသည်။

မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော် ဘုရားအနီးဝန်းကျင်နှင့် ကျေးရွာများတွင်လည်း စစ်တပ်က ခံစစ်ပြင်ထားသည်ဟု ထိုဒေသတွင်းလှုပ်ရှားသည့် မင်းဘူးခရိုင် အမှတ် (၆)တပ်ရင်း တာဝန်ရှိသူက ပြောသည်။ 

၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါကူးစက်မှု ပြင်းထန်သည့်ကာလမှအပ စစ်တပ်အာဏာသိမ်းပြီနောက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရွှေစက်တော်ဘုရားပွဲကိုလည်း ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ပြီး   နှစ်လကျော်ကြာ ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေသည်။ 

ရွှေစက်တော်ပွဲတော်တွင် တည်းခိုဆောင် ၆၀၀ ကျော်၊ ဈေးဆိုင်ခန်း ၈၀၀ ကျော်ဖွင့်ရန် စီစဉ်ထားသည်ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ယခုလဆန်းပိုင်းက ဖော်ပြသည်။ 

စစ်ကောင်စီက ရွှေစက်တော်ဘုရားပွဲကို အကြီးအကျယ်ကျင်းပရန် ပြင်ဆင်နေချိန်တွင်   ဒီဇင်ဘာလဆန်းပိုင်းကစပြီး ပွဲတော်အနီးဝန်းကျင် ကျေးရွာများတွင် အင်အားတိုးချကာ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံ ၁,၀၀၀ ကျော် တိမ်းရှောင်နေရကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီ တပ်ချထားသည့် နေရာများတွင် ဘန်ကာများ တည်ဆောက်ထားသည်၊  ကျားလန် ခေါ် ဝါးချွန်ဖြင့်ပြုလုပ်ထားသော အလွယ်တကူ တိုးဝင်၍မရသည့် ခြံစည်းရိုးများ၊ သစ်တုံးများ ကာရံထားသည်ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူကပြောသည်။

“အင်အားအများကြီးတိုးချဲ့ပြီးတော့ အခိုင်အမာ ပုံစံမျိုးလုပ်ထားတယ်။ မန်းရွှေစက်တော်အဝင် သုံးမိုင်ဂိတ်မှာဆိုရင် ခံစစ်ကိုအကြီးအကျယ် ပြင်ထားတယ်။ ဘန်ကာတွေ၊ ကျားလန်တွေ၊  သစ်တုံးတွေလည်း ကာထားတယ်”ဟု သူကပြောသည်။

  မင်းဘူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်သည့်အတွက် ပုသိမ် – မုံရွာလမ်းပိုင်း၊ လက်ပတော – အိုင်းမ – ကိုင်းမကြီးလမ်းပိုင်းကို အသုံးမပြုရန်၊ ရွှေစက်တော်ဘုရားအနီးသို့ ပြည်သူများ သွားလာခြင်းမပြုရန် မင်းဘူးခရိုင်အမှတ် ၆ ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ဇန်နဝါရီ ပထမပတ်အတွင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button