သတင်း

ဝိရောဓိဖြစ်လာသော စစ်ကောင်စီ၏ ၂၀၂၅ ရွေးကောက်ပွဲရက်စွဲ

စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် “၂၀၂၅ ဒီဇင်ဘာ ၃၁ တွင် ၁၈ နှစ် ပြည့်မည့်သူများ” ကိုကောက်ခံရန်ယမန်နေ့က သတ်မှတ်လိုက်သည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် “၂၀၂၅ ဒီဇင်ဘာ ၃၁ တွင် ၁၈ နှစ် ပြည့်မည့်သူများ” ကိုကောက်ခံရန် စစ်ကောင်စီလဝကဝန်ကြီးက ယမန်နေ့(ဇန်နဝါရီ  ၂၁) တွင်ပြောကြားလိုက်သည်။

ထိုသတ်မှတ်ချက်နှင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု မကြာခဏပြောဆိုခဲ့သည့် စစ်ကောင်စီ၏ ကတိကဝတ်တို့သည် ဝိရောဓိဖြစ်လာသည်။

စစ်ကောင်စီက ဆက်လက်ကိုင်ဆွဲထားသည့်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၁(က)အရ မဲပေးခွင့်ရှိသူသည် “ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက်(၁၈) နှစ်ပြည့်ရမည်” ဆိုသည့် ကန့်သတ်ချက်ပါရှိသည်။

“၂၀၂၅ ဒီဇင်ဘာ ၃၁ တွင် ၁၈ နှစ် ပြည့်မည့်သူများ” ကိုမဲစာရင်းတွင် ထည့်သွင်း ကောက်ခံထားသည့်အတွက် ၎င်းတို့အမှန်တကယ် မဲပေးခွင့်ရှိမည်ဆိုလျှင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပနိုင်သည့်နေ့ရက်သည်  “၂၀၂၅ ဒီဇင်ဘာ ၃၁” ထက်မစောနိုင်ကြောင်း နားလည်ရသည်။

မဲစာရင်းအတွက် အဆိုပါရက်စွဲကန့်သတ်ချက်ကို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်က နေပြည်တော်တွင်ပြုလုပ်သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းပြောဆိုချက်သည် စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် နေ့ရက်များကိုထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဥ်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့၏ အိမ်နီးချင်းနိုင်ငံများနှင့်အလွတ်သဘောအစည်းအဝေးတို့တွင် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု ဒေသတွင်းနိုင်ငံများကို စစ်ဗိုလ်ချုပ်များက အတိအလင်းပြောဆိုခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက် စစ်ကောင်စီသက်တမ်း ၆လ ပြည့်သောနေ့တွင် အများပြည်သူကို မိန့်ခွန်း ပြောခဲ့စဥ်က ၂၀၀၈ ခြေ/ဥအရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာမှုကို အချိန်ကာလ အများဆုံး ၂နှစ် ခွင့်ပြုထားသဖြင့်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု မင်းအောင်လှိုင် လူသိ ရှင်ကြား ကတိ ပေးခဲ့ဖူးသည်။ သို့သော် ထိုအချိန်ရောက်လာသည့်အခါ ရွေးကောက်ပွဲ မကျင်းဘဲ ကတိ ဖျက်ခဲ့ ဖူးသည်။

စစ်ကောင်စီလဝက ဝန်ကြီး၏အဆိုအရ  “၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင်ရှိမည့် အသက် (၁၈) နှစ်အထက် လူဦးရေစာရင်း” ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် (CVLMS) သို့ ထည့်သွင်းမည်ဟုဆိုသည်။

ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် (CVLMS) ထဲသို့ရောက်လာသည့် စာရင်းများသည် အခြေခံမဲစာရင်းများ ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်ဇူလိုင်လက နေပြည်တော်တွင်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လေတပ်အရာရှိဟောင်း ဦးကိုကိုကပြောကြားခဲ့သည်။စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏အဆိုအရ စစ်ကောင်စီသည် ရွေးကောက်ပွဲကို ကျင့်သုံးနေကျဖြစ်သည့် FPTP စနစ်အပြင် PR စနစ်ကိုပါ အသုံးပြုသွားမည်ဖြစ်ပြီး မဲလက်မှတ် (Ballot) ဖြင့် မဲထည့်ခြင်းအပြင် အချို့မဲဆန္ဒနယ်များတွင် EVM ဟု ခေါ်သည့် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနည်းကိုပါ ကျင့်သုံးမည်ဟုဆိုသည်။

Show More

Related Articles

Back to top button