မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ကြား ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တို့ ယမန်နေ့(ဇန်နဝါရီ ၂၁) က စပြီး တိုက်ပွဲများပြန်ဖြစ်နေသည်ဟု သိရသည်။
ဖယောင်းတောင်၊ ထန်းပင်ကုန်းနှင့် မြို့ကုန်းကျေးရွာများသို့ ရောက်လာသည့် စစ်တပ်က လက်နက်ကြီး၊ ဗုံးတပ်ဒရုန်းတို့ကိုလည်း သုံးသည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။
“မနေ့ကစပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်တာမျိုး စလုပ်လာတယ်၊ အင်အားတွေ တောက်လျှောက်ဖြည့်လာတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
“လက်ရှိအချိန်အထိတော့ သွေးတိုးစမ်းတဲ့သဘောမျိုး၊ အနေအထားမျိုးပဲရှိသေးတယ်။ မကြာခင်မှာတော့ မတ္တရာကို အင်အားအလုံးအရင်းနဲ့ထိုးလာနိုင်တယ်”
ယနေ့ (ဇန်နဝါရီ ၂၂) တိုက်ပွဲ ပြင်းထန်နေသည်ဟု တိုက်ပွဲအခြေအနေကိုသိသည့် မတ္တရာမြို့နယ်နေ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
“တိုက်ပွဲကတော့ ပြင်းတယ်၊ PDF တပ်တွေဘက်လည်း အထိအခိုက်ရှိတယ်လို့တော့ကြားတယ်၊ လက်နက်ကြီးသံတွေ တော်တော်ကြားရတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေးမှ စတင်ကာ MDY-PDF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ္တရာမြို့နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ မြို့၏ အရှေ့တောင်ဘက် မန္တလေး-မြစ်ကြီးနား ကားလမ်းဘေး ကျောက်တံတားကျေးရွာအထိ နယ်မြေစိုးမိုးထားသည်။
ဒီဇင်ဘာလအတွင်း MDY-PDF က ကျောက်တံတားကျေးရွာတောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။
MDY-PDF နှင့် ပူးပေါင်းတပ်များ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ကြား ဒေသများကို ထိုးဖောက်ကာ နယ်မြေစိုးမိုးလာချိန် စစ်ကောင်စီကလည်း ထိုးစစ်ဆင် တုံ့ပြန်လာခြင်းဖြစ်သည်။
လတ်တလောတွင် မန္တလေးမြို့မြောက်ဘက်ရှိ စဉ့်ကူးမြို့နယ်ကို MDY-PDF နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက နယ်မြေစိုးမိုးထားသည်။
သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များကျန်ရှိနေသေးသည့် ခုနစ်မိုင်၊ ကျောက်ကြီးနှင့် တွင်းငယ်ကျေးရွာတို့အနီးတွင် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး မရှိကြသေးသော်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်နေသည်။



