စီးပွားရေးသတင်း

ထိုင်းက ဓာတ်အားဖြတ်တောက်သော်လည်း ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ 

အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပစ်မှတ်ထားသည့် အရေးယူမှု အစီအစဉ် အစပြုလိုက်ရာ အဆိုပါ ဂိုဏ်းများ ယိုင်လဲမသွားသေးသော်လည်း သိသိသာသာ ခက်ခဲသွားသည်မှာ ဒေသခံများ ဖြစ်ကြသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသများရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတို့၏ လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေမည့်  ဓာတ်အားပေးပို့နေခြင်းကို ထိုင်းအစိုးရက ရပ်ဆိုင်းလိုက်သည့်တိုင် ထိုရာဇဝတ်လုပ်ငန်းများသည် ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။ 

ထိုလုပ်ငန်းများသည် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်ဓာတ်အားမဖြတ်တောက်မီ ရက်ပိုင်းကတည်းက ဒီဇယ်သုံး မီးစက်များ၊ ဆိုလာများကို ကြိုတင်ဝယ်ယူထားလျက်ရှိသည်၊ ယခုအခါ  ဒေသခံများ နှင့် အသေးစားလုပ်ငန်းများသာ ဒုက္ခကြုံတွေ့ရပြီး ကျားဖြန်လုပ်ငန်းများ ဆက်လက် လည်ပတ်နေလျက်ရှိသည်ဟု ဘုရားသုံးဆူ နှင့် မဲဆောက်မြို့တို့မှ ဒေသခံများက Myanmar Now ကို ပြောသည်။ 

ထိုင်းဝန်ကြီးချုပ်က မီးဖြတ်ရန် အမိန့်ထုတ်ခဲ့ပြီးနောက် ယမန်နေ့(ဖေဖော်ဝါရီ ၅) ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ ထိုင်းနှင့် နယ်မြေချင်းထိစပ်နေသော ကရင်ပြည်နယ် မြ၀တီ နှင့် ဘုရားသုံးဆူမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်မြို့တို့ကို ဓာတ်အားပေးပို့မှု ရပ်လိုက်ခြင်းဖြစ်သည်။ 

ထိုင်းက ထိုဒေသများသို့ လျှပ်စစ်ဓာတ်အားအပြင် အင်တာနက် နှင့် လောင်စာဆီတင်သွင်းမှုများကိုလည်း ကန့်သတ်ထိန်းချုပ်ထားသေးသည်။ 

သို့သော် ကျားဖြန့်လုပ်ငန်းများသည် လျှပ်စစ်မီးအတွက် မီးစက်များကို အသုံးပြုသကဲ့သို့ အင်တာနက် အတွက်ကိုမူ ဂြိုလ်တုအင်တာနက် Star Link နှင့် မြန်မာဘက်အခြမ်းမှ အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများရှိရာ သောင်းရင်းမြစ်အနီး နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

ထို့အပြင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ်(BGF)က ထိန်းချုပ်ထားသော ကရင်ပြည်နယ်၊ မြ၀တီမြို့မြောက်ဘက်ရှိ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေချရာ ရွှေကုက္ကိုလ် မြို့သစ် နှင့် KK Park မှ ကျားဖြန့်လုပ်ငန်းများသည် ယခုအခါ မြ၀တီတောင်ဘက်ရှိ ကျောက်ခက်ဒေသ သို့ ပြောင်းရွှေ့နေသည်ဟု သူက ဆက်ပြောသည်။ 

“KK Park နဲ့ ရွှေကုက္ကိုလ်က အရမ်းနာမည်ထွက်လာတော့ ဘုရားသုံးဆူ နဲ့ ကျောက်ခက်ကို လုပ်ငန်းတွေ ဖြန့်ခွဲ လိုက်တယ်။ သောင်ရင်းမြစ်ကမ်းနားတစ်လျှောက်ကို ဖြန့်လိုက်တာလို့ ပြောလို့ရတယ်” သူက ပြောသည်။ 

ကျောက်ခက်ဒေသသည် မြ၀တီမြို့တောင်ဘက် ဝေါလေမြို့အနီးတွင်တည်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်ကို ပိုင်းခြားထားသော သောင်းရင်းမြစ်၏ မြစ်ကမ်းနဘေးတွင် တည်ရှိသော ဒေသတစ်ခုဖြစ်သည်။ ထိုဒေသကို ကရင့် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)က ထိန်းချုပ်ထားပြီး DKBA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က စီမံကွပ်ကဲလျက်ရှိသည်။ 

အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားပြီး အကြီးအကျယ် လိမ်လည်လှည့်ဖြားနေသည့် ကျားဖြန့်ဂိုဏ်းများ ခိုအောင်းရာဟု နာမည်ဆိုးဖြင့် ကျော်ကြားသော KK Park နှင့် Huanya Project တို့တွင် BGFမှ ဗိုလ်မှူးတင်ဝင်းနှင့် အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)လက်အောက်ခံ KNLA တပ်မဟာ (၇) အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ စောရော်ဂျာခင်နှင့်အတူ ပါဝင်ပတ်သက်နေသည်ဟု အမေရိကန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် USIP က ၂၀၂၄ ဧပြီ ၂၂ ထုတ်အစီရင်ခံစာတစ်စောင်တွင် ရေးသားထုတ်ပြန်ထားသည်။ 

BGF နှင့် KNU တို့က ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဓာတ်အားအဖြတ်ခံရသဖြင့်  လာအိုနိုင်ငံဘက်မှ ဝယ်ယူသုံးစွဲနေသော လျှပ်စစ်ဓာတ်အားများကို ထပ်မံတိုးမြှင့်ဝယ်ယူဖြန့်ဖြူးသွားမည်ဟု တာချီလိတ်မြို့ မီးလင်းရေး ဦးဆောင်ကော်မတီက ယမန်နေ့ (ဖေဖော်ဝါရီ ၅)က ထုတ်ပြန်သည်။

တာချီလိတ်မြို့ကို ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား ၂၀ မဂ္ဂါဝပ်၊ လာအိုနိုင်ငံကနေ ၃၀ မဂ္ဂဝပ်ဝယ်ယူ၍ ဖြန့်ဖြူးပေးခဲ့သည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ခရိုင် နှင့် ထိုင်းနိုင်ငံ ဆန်ခပူရီခရိုင်တို့ နယ်မြေချင်းထိစပ်သော ဘုရားသုံးဆူမြို့ တွင်လည်း  တရုတ်နိုင်ငံသားလုပ်ငန်းရှင်တို့၏ အနှိပ်ခန်းများ၊ ဆံပင်ညှပ်ဆိုင် နှင့် Spa လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ အပါအဝင် ကျားဖြန့်လုပ်ငန်းများသည် မီးစက်များဖြင့် ဆက်လက်လည်ပတ်နေကြသည်ဟု ထိုမြို့ခံ အမျိုးသမီးတစ်ဦးက Myanmar Now သို့ ပြောသည်။ 

ဒေသခံများမှာ အစားအသောက်ချက်ပြုတ်ရေးမှသည် သောက်သုံးရေ ရရှိမှု အခက်အခဲများအထိ ကြုံတွေ့နေရပြီး စက်ချုပ်လုပ်ငန်းကဲ့သို့ တစ်နိုင်တစ်ပိုင်အသေးစားလုပ်ငန်းများသည် ယာယီပိတ်ထားရသည်ဟု သူက ဆိုသည်။ 

“ ဆိုလာတွေ၊ ဘက်ထရီတွေ၊ ဖယောင်းတိုင်တွေကအစ မီးပြတ်ပြီး တစ်နာရီအတွင်းကို စျေးတွေက နှစ်ဆလောက် လိုက်တက်ကုန်တယ်”  ဟု ထိုအမျိုးသမီးက ပြောသည်။ 

“ဒေသခံတွေက ဒီလိုအခက်အခဲတွေကြုံနေပေမဲ့ တစ်ဖက်က တရုတ်တွေ အိမ်တွေ၊ လုပ်ငန်း တွေကျတော့ လင်းထိန်နေတယ်၊ ရေဆိုရင် ဗုန်းပေါလအောသုံးနေကြတယ်။ ပတ်ဝန်းကျင်က အမြင်မကြည် လောက်အောင် သုံးပြနေသလိုတောင် ခံစားရတယ်”

ကရင် BGFနှင့် အာဏာသိမ်းစစ်တပ်တို့အကျိုးမြတ်ရနေသည့် မြဝတီ၊ ရွှေကုက္ကိုဒေသရှိ ငွေလိမ်ဂိုဏ်းများသည် နိုင်ငံတကာ ၏ အနီးကပ်စောင့်ကြည့်ခံမှုကြောင့် ဘုရားသုံးဆူမြို့သည် ၎င်းတို့ ခြေကုပ်ယူရာ ဒေသအသစ်ဖြစ် နေသည်။ 

ဘုရားသုံးဆူမြို့မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် BGF တို့၏တပ်များ အခြေစိုက်ရာမြို့ ဖြစ်သော်လည်း အဓိကထိန်းချုပ်ထားသူမှာ DKBA ၏ အမှတ် ၂ အမှတ် (၂) စစ်နည်းဗျူဟာဌာန၏ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းဖြစ်သည်။  

ကရင်ပြည်နယ် နယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများ အဓိကလုပ်ကိုင်ရာ ဒေသများ ဓာတ်အားအဖြတ်ခံရပြိး  မရှေးမနှောင်းပင်မှာပင် ထိုဒေသများကို အဓိကထိန်းချုပ်ထားသော BGF နှင့် DKBA တို့က ၎င်းတို့နယ်မြေများအတွင်း လူကုန်းကူးမှု၊ မသမာမှုပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း လိမ်လည်လှည့်ဖျားခြင်း ကဲ့သို့ ရာဇဝတ်မှုများကို လက်မခံသလို အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်းနှိမ်နင်းသွားမည်ဟု ထုတ်ပြန်ထားကြသည်။ 

BGF အနေဖြင့် လူကုန်းကူခံရသည့် ဖြစ်စဉ်များကို အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း ဆောင် ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ယနေ့အချိန်အထိ လူကုန်ကူးခံရသူပေါင်း ၂၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ၎င်းတို့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

ယနေ့ (ဖေဖော်ဝါရီ ၆)တွင်လည်း ရွှေကုက္ကိုလ်မြို့သစ်မှ အွန်လိုင်းငွေလိမ်ဂိုဏ်းများဆီသို့ အဓမ္မဖမ်းဆီးခေါ် ဆောင်ခံခဲ့ရသော နိုင်ငံခြားသား ၆၁ ဦးကို ကရင် BGF က ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြလာကြသည်။  

ထိုင်းနိုင်ငံဘက်က ထိုဒေသများကို လျှပ်စစ်မီးဖြတ်တောက်လိုက်မှုကြောင့် တစ်နှစ်လျှင် ဘတ်ငွေ သန်း ၆၀၀ ( အမေရိကန်ဒေါ်လာ ၁၇.၈၄ သန်း) ကျော် ဆုံးရှုံးနစ်နာမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သော The Nation သတင်းတစ်ပုဒ်က ဆိုသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဓာတ်အားပေးပို့မှု ဖြတ်တောက်စဉ် တွေ့ရသည့်  ထိုင်းအစိုးရ ဌာနပေါင်းစုံ အရာရှိများ။ (ဓာတ်ပုံ – မဲဆောက်မြို့ အုပ်ချုပ်ရေးဌာန)

Show More

Related Articles

Back to top button