နာရီပြန် နှစ်ချက်တီးသော်ငြား ကိုဟိန်း အိပ်မပျော်ပေ။ မျက်လုံးများ ကျိန်းစပ်၊ ခန္ဓာကိုယ် နွမ်းလျနေသော်ငြား အသိစိတ်တို့က မအိပ်စက်ရန်သာသတိပေးနေသည်။
လမ်းထဲရှိ ခွေးတစ်ကောင်က ဆွေးဆွေးမြေ့မြေ့အူလိုက်သည်။ သူလည်း ကြက်သီးထသွားပြီး အိမ်ထရံဘေးရေအိုးစင်မှ ရေအေးအေးတစ်ခွက် ယူသောက်လိုက်သည်။ ပြီးနောက် သက်ပြင်း ချသည်။
ခြောက်ခြားဖွယ်ညပေါင်းများစွာကို မန္တလေး၊ မဟာအောင်မြေမြို့နယ် ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ နေအိမ်အတွင်း သူဖြတ်သန်းနေရသည်မှာ လပေါင်းအတန်ကြာပြီဖြစ်သည်။ နိုင်ငံတော်အာဏာကို မတရားရယူထားသည့် စစ်ကောင်စီက လူငယ်လူရွယ်များ “စစ်မှုမထမ်းမနေရ”အမိန့် ထုတ်ပြန်လိုက်သည်မှာ တစ်နှစ်ပြည့်တော့မည် ဖြစ်သည်။
“နေ့တိုင်း နေ့တိုင်း မိုးလင်းပြီဆိုမှပဲ ရင်ထဲကအလုံးကြီးကျသွားတယ်၊ သက်ပြင်းချရတယ်ဗျာ”ဟု ကိုဟိန်းက ညည်းတွားသည်။
လူခြေတိတ်သည့် ညနက် သန်းခေါင်တွင် ကိုဟိန်းတို့ရပ်ကွက်မှ လူငယ်အများအပြား သေနတ်ထောက် အဖမ်းခံရပြီးနောက် စစ်မှုထမ်း အပတ်စဉ် (၁) တက်ရသည်။
သူ၏ ငယ်ပေါင်းကြီးဖော်သူငယ်ချင်း ၄ယောက်စလုံး ပါသွားခဲ့သည်။ သူနှင့် သက်တူရွယ်တူ အသက် ၂၅ နှစ်ဝန်းကျင် ထိုလူငယ်များက နွမ်းပါးသည့်မိသားစုများမှ ဖြစ်ကြသည်ဟု ကိုဟိန်းက ဆိုသည်။
“အုပ်ကြီးတွေက ရပ်ကွက်မျက်နှာဖုံးတွေတို့၊ ချမ်းသာတဲ့အိမ်တွေဆီက ကလေးတွေ စစ်မှုထမ်းမပါရေး လာဘ်စားထားကြတော့ သူတို့ကိုပြန်မလှန်နိုင်တဲ့မိသားစုတွေ၊ ပိုက်ဆံမရှိရှာတဲ့ လူငယ်တွေကို ပို ပစ်မှတ် ထားလာကြတယ်” ဟု ၎င်းက ပြောပြသည်။ အုပ်ကြီး ဆိုသည်မှာ စစ်သားသစ်ရရှိရန် ကွင်းဆင်းလုပ်ကိုင်ရသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သည်။
ကိုဟိန်း၏သူငယ်ချင်းလေးယောက်မှာ ဖိနပ်ချုပ်၊ ကျောက်သွေး၊ အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ကြပြီး တစ်ဦးမှာ အိမ်တွင် ကိုယ်ဝန်အရင့်အမာ ဇနီးသည် ကျန်ရစ်သည်။
၎င်းတို့အပါအဝင် ကိုဟိန်းတို့ရပ်ကွက်အတွင်းမှ လူငယ်လူရွယ်အများအပြား၏နေအိမ်များသို့ စစ်မှုထမ်း စာရင်းသွင်းရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းဆရာမများက နေအိမ်သို့ လာရောက်စာရင်း ကောက်ယူပြီးနောက် လများမကြာမီတွင် လူငယ်များ၏အိပ်မက်ဆိုးတစ်ခုလည်းဖြစ်သည့် လူဖမ်းပွဲကြီး များစတင်တော့သည်ဟု ကိုဟိန်းက ဆိုသည်။
“အဲဒီတုန်းက ပေါ့ပေါ့တန်တန်ဗျ။ အိမ်ကိုစာရင်းလာကောက်တော့ အမေနဲ့ညီမလေးပဲရှိတာ။ အမေက စာလည်းမတတ်ဘူး။ နားလည်းမလည်ရှာဘူး။ အကုန်အမှန်အတိုင်း ဖြေတယ်” ဟု ၎င်းက မချိတင်ကဲ ပြောသည်။
“အမေတင်မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ဒီလိုအခြေအနေကြီးဖြစ်လာမယ်မှန်း မသိခဲ့ဘူးလေ။ ကြောက်ရမယ်မှန်းလည်း မသိခဲ့ဘူး”

ကနဦးစုဆောင်းခံရသည့် သူငယ်ချင်းတစ်စုကို မိသားစုများက အဆက်အသွယ်မရ။ ထို့နောက် လအနည်းငယ် အကြာတွင် ထိုသူငယ်ချင်းတို့၏ နောက်ဆက်တွဲ သတင်းဆိုးများ ရပ်ကွက်အတွင်း တိုးတိုးကြိတ်ကြိတ် ကြားလာရသည်၊ စစ်မှုထမ်းစာရင်း သွင်းခံထားရသည့် ကိုဟိန်းလည်း အိပ်မပျော်သည့် ဝေဒနာဆိုး စွဲကပ်လာသည်။
“ပါသွားတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က မတ္တရာမှာ ခြေထောက်မှန်ပြီး အခု နန်းတွင်းထဲမှာလို့ သိရတယ်။ မိသားစုတွေက ပြန်ခေါ်ချင်တာကို ခွင့်မပြုကြဘူး။ ဆေးကုပေးနေတယ်။ ပြီးရင် တာဝန် ပြန်ထမ်းရမှာလို့ ပြောတယ်” ဟု ကိုဟိန်းက ပြောပြသည်။
“နောက်တစ်ဦးက ရခိုင်မှာ ကျတယ် (သေတယ်) လို့ သတင်းဆိုးသာကြားရတယ်။ တိတိကျကျ မသိရ ဘူး။ မိသားစုတွေဆီ ဗိုလ်တစ်ယောက်က ဖုန်းနဲ့အကြောင်းကြားလာတယ်လို့ပဲ ပြောတယ်။ အလောင်းလည်း မရဘူး။ မယုံကြည်နိုင်လို့ မိသားစုက ခုထိ စုံစမ်းနေတုန်းပဲ”
နေပြည်တော်သို့ ရောက်သွားသူ သူငယ်ချင်း၊ တိုက်ပွဲနယ်မြေနှင့် နီးကပ်သော ပြင်ဦးလွင်မြို့နယ်တွင် ရှိနေသော သူငယ်ချင်းတို့မှာ မိသားစုနှင့် အဆက်အသွယ်ရသည်ဟု ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းလိုက်သည့် စစ်တပ်က ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့ ခုခံတိုက်ခိုက်မှု ပေါ်ပေါက်လာသည်။ ခုခံသူတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလိုက်ရာ စစ်တပ်သည် နိုင်ငံအနှံ့စစ်မျက်နှာအများအပြားဖွင့်ထားရပြီး လက်နက်ကိုင်အင်အား လျော့နည်းလာနေသည်။ တိုက်ပွဲတွင် ထိခိုက်သူများ ရှိသလို စစ်တန်းလျားကို ကျောခိုင်းသွားသူများလည်း ရှိနေသည်။
ပြီးခဲ့သည့် ၄ နှစ်အတွင်း စစ်ကောင်စီတပ်သား ၁၄,၀၉၃ ဦး သေဆုံးပြီး ၇,၃၆၃ ဦး ဒဏ်ရာရသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီလ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ထိုကိန်းဂဏန်းနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း စစ်ပန်းနေသည့် စစ်တပ်သည် ကရင်၊ ကချင်၊ ရခိုင် စသည့် ဒေသများတွင် စိတ်ဓာတ်တက်ကြွဆဲဖြစ်သော တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသဖြင့် သေဆုံး၊ ဒဏ်ရာရမှုကို နေ့စဉ် ကြုံတွေ့နေရသည်။

အာဏာသိမ်းတပ်သည် စစ်စခန်းအများအပြားကို စွန့်ခွာခဲ့ရပြီး ထိန်းချုပ်နယ်မြေ အများအပြား ဆုံးရှုံးခဲ့သဖြင့် စစ်သားသစ်စုဆောင်းမှုကို ၎င်းတို့၏အုပ်ချုပ်ရေးယန္တယား လည်ပတ်နိုင်သော မြို့ပြဒေသတွင်သာ ပြုလုပ်နေရသည်။
စစ်ကောင်စီက တပ်သားသစ် စုဆောင်းရ လွယ်ကူစေရန် စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်စဉ်က ကနဦး သင်တန်းများအတွက် ရပ်ကွက်များအတွင်း ပွင့်လင်းမြင်သာစွာမဲနှိုက်၊ အကြောင်းကြား ခေါ်ဆိုလေ့ရှိသည်။ ထို့နောက် စစ်သင်တန်းအပတ်စဉ် (၃) မှစ၍ အိမ်ထဲဝင်ဖမ်းတော့သည်။
မြို့ပြ လူငယ်များ ရှောင်တိမ်းပုံ
တပ်သားသစ်သင်တန်း အပတ်စဉ်တစ်ခုလျှင် တက်ရောက်ရသူ အရေအတွက် ၅,၀၀၀ ရှိသည်၊ သင်တန်းများမှာ အပတ်စဉ် (၉) အထိ ရောက်နေပြီ ဖြစ်သောကြောင့် တပ်သားသစ် ၄၅,၀၀၀ စုဆောင်းပြီးဖြစ်နိုင်သည်၊ အပတ်စဉ်တိုင်း အတွက် မန္တလေးမှ လူငယ်ရာနှင့်ချီကာ ဖမ်းဆီးခေါ်ဆောင်ခံရသည်ဟု မန္တလေးအခြေစိုက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
စစ်သားသစ်စုဆောင်းနေမှုကို မြို့ခံလူငယ်များမပေါ့ဆသင့်ကြောင်း၊ ပြီးခဲ့သည့် ၄၅ ရက်အတွင်း မန္တလေးမြို့မှ လူငယ် ၅၀၀ ခန့် အဖမ်းခံရကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားသည်။
ထိုအခြေအနေတွင် စစ်မှုထမ်းမပါရေး စိုးရိမ်သောကရောက်နေရသော်လည်း အထူးတလည် ထွက်ပြေး ရှောင်တိမ်းရန် အခွင့်အရေးနည်းပါးနေသည်ဟု ကိုလတ် ဟု သူ့ကိုယ်သူမိတ်ဆက်သော မြို့ခံလူငယ်က ပြောပြသည်။
“မကြောက်တာတော့မဟုတ်ပါဘူးဗျာ။ စားဝတ်နေရေးရုန်းကန်နေရတာ။ ပြေးရအောင်လည်း နောက်ဆံတင်းစရာတွေနဲ့” ဟု ၎င်းက သက်ပြင်းချ၍ ပြောပြသည်။
“ကျွန်တော်အပါအဝင် မိသားစုအရေးရုန်းကန်နေရတဲ့သူတွေက တချို့ အလုပ်သာလုပ်နေကြတာ၊ ဘယ်သူပါသွားပြီတဲ့ဆိုတဲ့ သတင်းတွေကြားလာရင် အကုန်လုံးက စိတ်ညစ်ပြီး ဘယ်လိုလုပ်ရမလဲမသိတော့ပါဘူးဗျာဆိုပြီး ဖြစ်နေကြတာပဲ”

ပြည်သူများကို နည်းမျိုးစုံ သတ်ဖြတ်နေသဖြင့် နာမည် အကြီးအကျယ်ပျက်နေသော စစ်တပ်တွင် ဝင်ရောက်အမှုထမ်းရမည်ကို လူငယ်အများစုက မနှစ်သက်ကြပေ။ တပ်ထဲရောက်သွားပြီး ရင်ဆိုင်တိုက်ခိုက်ရမည်ကလည်း အများစု ထောက်ခံနေသော တော်လှန်ရေးအဖွဲ့များ ဖြစ်သည်။
စစ်မှုထမ်းစာရင်း မဖြစ်မနေ သွင်းထားရသူ၊ အောင်မြေသာစံတွင် နေထိုင်သူလူငယ်တစ်ဦးကလည်း နေရပ်စွန့်ခွာရန် အခွင့်မသာသေးသည့်အတွက် စစ်မှုထမ်းခြင်းရှောင်ရှားရေးသည် ၎င်းအတွက် အဖြေမထွက်သည့် ပုစ္ဆာဟု ဆိုသည်။
“ဘဝကိုဖြစ်ချင်ရာဖြစ် ဆိုပြီးတော့ပဲ တွေးထားတော့တယ်။ ဘယ်လိုစခန်းသွားရမလဲ ခုထိ အဖြေ မထွက်ပါဘူးဗျာ။ ဘယ်နေ့ ကိုယ့်အလှည့်လဲ။ လာခေါ်မလဲ။ နေ့စဉ် စိတ်သောကနဲ့ပဲ နေနေရတာ”ဟု ၎င်းက ညည်းတွားသည်။
လူငယ်အများစုက နေရာပြောင်းအိပ်သည့်နည်းလမ်း အသုံးပြုကြသည်၊ အိမ်နှင့်ဝေးရာသို့ ကာလရှည်တိမ်းရှောင်ခြင်းမပြုကြဟု ၎င်းက ပြောပြသည်။
ငွေကြေးတတ်နိုင်သူတို့က ပြည်ပအထိ သွားရောက် တိမ်းရှောင်သည်၊ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေသို့ သွားရောက်ခိုလှုံခြင်းမှာ ပိုမို လွယ်ကူသော်လည်း ထိုသို့ သွားရောက်သူ အနည်းငယ်သာရှိသည်၊ စစ်ကောင်စီက မိသားစုကိုပါ ခြိမ်းခြောက် ရန်ရှာလာချိန်တွင် မိသားစုလိုက်ရှောင်တိမ်းနိုင်ခြင်း မရှိသေးသည့်အတွက် စိတ်သောကဖြင့်ပင် နေမြဲ နေနေရသည်ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းခေါ်ဆောင်ခံရပြီး လွတ်မြောက်လာသည့်လူငယ်တစ်ဦး
စစ်ကိုင်းမြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးသည်လည်း ပြီးခဲ့သည့်ဩဂုတ်လအတွင်းက ည ၇ နာရီခန့် တွင် နေအိမ်ပြင်ပသို့ ဆိုင်ကယ်မောင်းကာ ဈေးဝယ်ထွက်စဉ် စစ်ကိုင်းတံတားအနီး ထွေအုပ်၊ ရဲ တို့ ပါဝင် သည့် အင်အား၂၀ ပါ လူတစ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
“လမ်းမှာတားတယ်။ အသက်မေးပြီးတော့ဖမ်းတာ။ လက်ထဲမှာလည်း မှတ်ပုံတင်ကလည်းပါနေတော့ လိမ်မရဖြစ်သွားတာ။ ကျွန်တော်အပါအဝင် သုံးဦး ဖမ်းခံခဲ့ရတယ်” ဟု အသက်၂၀ ကျော်ဝန်းကျင်အရွယ် ကိုနိုင်(အမည်လွှဲ)ကပြောသည်။
ရောက်ခဲ့ရသည့်ရဲစခန်းနှင့် တပ်စခန်းအမည်၊ စစ်မှုထမ်းအပတ်စဉ်တို့ကိုမူ ၎င်းနှင့် မိသားစု၏ လုံခြုံရေးအရ ထုတ်ဖော် မပြောလိုဟု ဆိုသည်။
“စစ်မှုထမ်းထဲပါသွားပြီဆိုတာ သိလိုက်ရတော့ စိတ်ထဲစိုးရိမ်စိတ်တွေ ဖြစ်သွားတယ်။ တွေးမိတာက သေဖို့ရာ ရာခိုင်နှုန်းများသွားပြီလို့တွေးလိုက်တယ်”
ကိုနိုင် ဖမ်းဆီးခံရသည့် စစ်စခန်းတွင် မန္တလေး၊ မတ္တရာ၊ စစ်ကိုင်း၊ လားရှိုး၊ ပုဂံ စသည်ဖြင့် နယ်စုံမှ လူငယ်၂၀ ကျော်ခန့် ရောက်နှင့်ကြသည်ဟု ဆိုသည်။
“ငါတို့လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုပြီး တိုင်ပင်ကြတယ်။ မိသားစုတွေဆီကလည်း ဆက်သွယ် မရ။ ရှေ့တန်းပို့ခံရမှာကို စိုးရိမ်ပြီး သောကကိုယ်စီနဲ့ ငိုတဲ့သူတွေကငိုလို့” ဟု ကိုနိုင်က ဆက်ပြောသည်။
စစ်သင်တန်းကျောင်းသို့ မသွားရသေးခင် ထိုစခန်းမှ ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားသူတို့ကို သံခြေကျင်း ခတ်ထားသည်။ ထွက်ပြေးလျှင်ပစ်သတ်မည်ဟု အားလုံးကို ခြိမ်းခြောက်ထားသည်။ တစ်ရက်လျှင် ထမင်းသုံးနပ်လာကျွေး၍ အိပ်ရေးဝဝ အိပ်စေသော်လည်း မည်သူမျှမစားနိုင် မအိပ်နိုင်ကြောင်း ကိုနိုင်က ပြောပြသည်။

စစ်ကောင်စီကမူ တပ်သားသစ်များ တပ်ထဲတွင် ပျော်ရွှင်နေကြကြောင်း ရုပ်သံနှင့် ဓာတ်ပုံများ ထုတ်ပြန်ထားသည်။
လက်တွေ့တွင်မူ တပ်သားသစ်အဖြစ် အဖမ်းခံထားရသည့်လူငယ်များသည် ငရဲတမျှစိတ်ဆင်းရဲမှုများဖြင့် နေထိုင်နေကြရကြောင်း ကိုနိုင်က ဆိုသည်။ ယခင်က စစ်သားသစ်များသည် စစ်ကျောင်းတွင် ၆ လကြာပြီး နောက်တန်းစခန်းများတွင် တစ်နှစ်ခန့် အတွေ့အကြုံ ယူကြရသည်။ ယခုအခါတွင်
စစ်သင်တန်းက ၃ လသာ ကြာတော့သည်၊ သင်တန်းပြီးသည်နှင့် ရှေ့တန်းထွက်နေကြရသည်။
စစ်သားသစ်အဖြစ် စုဆောင်းခံရသူများထံသို့ ညပိုင်း၌ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦး ရောက်လာတတ်ပြီး စစ်တပ်၏ ဝါဒဖြန့်သတင်းစာများတွင် ပါဝင်သည့် အရေးအသားများအတိုင်း ဟောပြောတတ်သည်ဟု ကိုနိုင်က ပြောပြသည်။
ကိုနိုင်သည် အဆိုပါတပ်အတွင်း ရက်ပိုင်းသာ နေခဲ့ရသည်။ မိသားစုက သူမည်သည့်နေရာတွင် ရောက်နေသည်ကို သတင်းရသွားရုံသာမက အရေးပါသည့် တပ်အရာရှိတချို့နှင့် အဆက်အသွယ်ရခဲ့သဖြင့် ငွေလမ်းခင်းပြီး လွတ်မြောက်ခဲ့ရသည်ဟု ဆိုသည်။
“သိန်း ၅၀ ပေးခဲ့ရတယ်။ လူစားထိုးတာ မထိုးတာတော့မသိဘူး။ ပိုက်ဆံပေးရပြီး ကျွန်တော် ပြန်လွတ်ခဲ့ တယ်။ သူတို့က အဓိက ပိုက်ဆံပဲ”ဟု ကိုနိုင်က ပြောသည်။
ပြည်သူများကို ညှဉ်းပန်းသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို ရွှံရှာမုန်းတီးမိသည်၊ မဖြစ်မနေ စစ်တိုက်ရမည် ဆိုလျှင်လည်း စစ်ကောင်စီနှင့်ဆန့်ကျင်ဘက် အဖွဲ့အစည်းတစ်ခုခုဘက်မှသာ ရပ်တည်လိုသည်ဟု ကိုနိုင်က အံကြိတ်ကာ ပြောလိုက်သည်။



