ဆောင်းအကုန် နွေအကူးကာလဘက်သို့ရောက်လာလေပြီ။ နံနက်ပိုင်း လမ်းလျှောက်ထွက်လာလျှင် ပတ်ဝန်းကျင်တွင် နှင်းငွေ့များ၊ မြူခိုးများတွေ့ရသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ဟင်းသီးဟင်းရွက်တောင်းကို ခေါင်းပေါ်တင်ကာ မြူနှင်းငွေ့များကြား ခပ်သွက်သွက်လမ်းလျှောက် နေသော အသက် ၃၄ နှစ်အရွယ် မခိုင်သင်းကြည်အဖို့ ရင်ထဲတွင် လောင်နေသော အပူမီးကြောင့် ချမ်း အေးမှုဒဏ်ကို ဂရုမစိုက်နိုင်ပေ။
ဟင်းသီးဟင်းရွက်များ ရောင်းထွက်နိုင်ရေးမှာ သူ၏ ဦးစားပေးပင်ဖြစ်၏။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့က အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတို့ တိုက်ပွဲ စတင်ဖြစ်ပွားနေ့ကပင် စစ်ကောင်စီက ရခိုင်ပြည်နှင့် ပြည်မကြား ကုန်းလမ်း၊ ရေလမ်း အဆက်အသွယ် ဖြတ်တောက်လိုက်သောကြောင့် ကုန်စည်စီးဆင်းမှု လျော့နည်းသွားကာ ကုန်ပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်သွားသည်။
ထို့ကြောင့် ရခိုင်ပြည်သူများမှာ ကုန်စျေးနှုန်းဒဏ်ကို အလူးအလဲခံစားရပြီး စားဝတ်နေရေး အလွန်ခက်ခဲနေကြသည်။
ထိုအထဲတွင် သားသမီး လေးယောက်၏မိခင် မခိုင်သင်းကြည်လည်း တစ်ယောက်အပါအဝင် ဖြစ် သည်။
မြောက်ဦးမြို့ဇာတိ မခိုင်သင်းကြည်သည် မြေပုံမြို့တွင် နေထိုင်၍ ဟင်းသီးဟင်းရွက် ရောင်းချသည် မှာ ဆယ်နှစ်တစ်ခုကျော်ကြာမြင့်နေပြီဖြစ်သည်။ သူ့အမည်သည် ရန်ကုန်မှ အထင်ကရ ရုပ်ရှင်သရုပ်ဆောင်အမည်နှင့် တူလင့်ကစား သူ့ဘဝသည် သာယာသောခရီးကို ကာလရှည်ကြာ မလျှောက်လှမ်းလိုက်ရပေ။
တိုက်ပွဲမဖြစ်ပွားမီက စားဝတ်နေရေး အဆင်ပြေသော်လည်း ယခုအခါတွင် ဝင်ငွေနှင့်ထွက်ငွေ မမျှတ၊ မကိုက်ညီတော့ပေ။

သူသည် ရာသီမရွေး နေ့စဥ် နံနက် ၄ နာရီတွင် စျေးသို့သွားသည်။ ထို့နောက် ပဲသီး၊ ခရမ်းသီး၊ ငရုတ်သီး၊ အာလူး၊ ကန်စွန်း၊ ချဥ်ပေါင်စသဖြင့် ဟင်းသီး ဟင်းရွက်မျိုးစုံကို ဝယ်ယူကာ ရပ်ကွက်ထဲတွင် ပြန်ရောင်းချသည်။
“တခြားလူတွေမှာ အရင်းအနှီးတွေရှိကြတယ်။ ကျွန်မမှာက အရင်းအနှီးလည်းမရှိတော့ အကြွေး ဝယ်ပြီး ရောင်းချရတယ်။ ဟင်းတွေ (ကုန်စိမ်းတွေ) ရောင်းကုန်သွားရင် အရောင်းဒိုင်ကို ပိုက်ဆံ ပြန်ဆပ်လိုက်တယ်” ဟု သူက ပြောပြသည်။
မခိုင်သင်းကြည် စျေးရောင်းထွက်လျှင် တခြားသူများကဲ့သို့ စိတ်ချနှလုံးချ သွားနိုင်ခြင်း မဟုတ်ပေ။ ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ပြား နှစ်လမခန့်ခြားပြီး ခင်းထားသော ယိုင်တိယိုင်တိုင်အိမ်တွင် ကျန်ရစ်ခဲ့သော သားသမီးနှင့် အသက် ၅၀ အရွယ် လင်ယောက်ျားကို စိတ်မချနိုင်ပေ။
အိမ်တွင် တစ်နှစ်သမီး၊ မူကြိုကျောင်းတက်နေသည့် သားငယ်၊ လေးတန်းကျောင်းသူတို့ရှိသည်။
ဆွေမျိုးများက သမီးကြီးဖြစ်သည့် ကိုးတန်းကျောင်းသူကို ပညာသင်ပေးမည်ဆိုကာ ရန်ကုန်မြို့သို့ ခေါ် ယူထားသည်။ လင်ဖြစ်သူလည်း မတော်တဆမှုတစ်ခုဖြင့် လက်တစ်ဖက် ပြတ်နေသောကြောင့် သန်စွမ်းသူ မဟုတ်ပေ။

သူ စျေးရောင်းသွားလျှင် လင်ယောကျ်ားဖြစ်သူက ကလေးထိန်းရသည်။ လေးတန်းတက်ရမည့် အရွယ်သာ ရှိသေးသော သမီးငယ်က ထမင်းချက်သည်။
မူကြိုအရွယ် ကျောင်းသား ကလေးကို စာသင်ကြားပေးနေသဖြင့် ငွေကြေးချို့တဲ့ခြင်းကြောင့် သမီးငယ်ကို ကျောင်းထုတ်ထားရသည်ဟု မခိုင်သင်းကြည်က မျက်ရည်စိုစိုရွှဲရွှဲဖြင့်ပြောသည်။
“သားငယ်လေးကို ကျောင်းထားတာလည်း တစ်လမှာ သုံးသောင်းလောက်ကုန်တယ်။ စာအုပ်၊ ဘောပင်ခတွေ မပါသေးဘူး။ သမီးလေးကိုကျောင်းထားဖို့ဆိုရင် ဘယ်လိုမှမတတ်နိုင်ဘူး”ဟု သူက ပြောသည်။
မခိုင်သင်းကြည်မှာ ဟင်းသီးဟင်းရွက်ရောင်း၍ တစ်ရက်လျှင် တစ်သောင်းခွဲခန့် အမြတ်ရသည်။
ထိုငွေကို တစ်နေ့တာစားဝတ်နေရေးအတွက် သုံးရသည်။ အသားငါးစျေးနှုန်းလည်းကြီးသဖြင့် ဟင်းသီးဟင်းရွက်တစ်မျိုးတည်းဖြင့်သာ စားသောက်ရသည့်နေ့လည်း များပြားသည်ဟု ဆိုသည်။
“ဆန်ကိုတော့ အကြွေးဝယ်ထားတယ်။ လကုန်ရင် အကြွေးပြန်ဆပ်ပေါ့။ အဲလိုမဝယ်ထားတဲ့နေ့တွေမှာ ဆန်လည်းသိပ်မရှိလို့ ဆန်နှစ်ဘူးကို တစ်ဘူးစီ၊ မနက်တစ်ခါ ညတစ်ခါ ဆန်ပြုတ် ကျိုသောက်ခဲ့ရတာလည်း ရှိတယ်”ဟု သူက ငိုနေသော အငယ်ဆုံးသမီးကို ချော့မော့နေရင်းပြောသည်။
လင်ယောကျ်ားဖြစ်သူ ကိုမောင်ထွန်းစိုး ခေါ် ကိုကြွက်နီလည်း မသန်စွမ်းသော်လည်း အလုပ်မလုပ်ဘဲ ထိုင်နေသူမဟုတ်ပေ။
ဘယ်ဘက်လက်ဖြင့် တွန်းလှည်း တွန်းပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ရေလိုက်ပို့သည်။
“မိုးရာသီဆိုတော့ ကျွန်တော့လုပ်ကွက် ဘာမှမရှိဘူး.. ရေပေါတာကို။ အခုဆောင်းရာသီ ရောက်လာပြီ ဆိုတော့ တချို့ရပ်ကွက်တွေမှာရေရှားနေလို့ ကျွန်တော် လိုက်ပို့ပေးရတယ်။ တစ်ရက်မှာ တစ်သောင်း လောက်တော့ရပါတယ်”ဟု ကိုမောင်ထွန်းစိုးက ပြောသည်။
ရေရောင်းရငွေကို စားသောက်စရိတ်ထဲ မထည့်ဘဲ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး စရိတ်အတွက် စုဆောင်းထားသည်။ ဇနီးဖြစ်သူ၏ ဝင်ငွေဖြင့်သာ မဝရေစာစား၍ ဝမ်းရေးကို ဖြေရှင်း နေရသည်ဟု ဆိုသည်။

အခြားရပ်ကွက်တစ်ခုတွင် နေထိုင်သူ အသက် ၇၈ နှစ်အရွယ် ဒေါ်စံနုသည် အိမ်ဆိုင်လေး ဖွင့်ထားပြီး စားသောက်ကုန်ပစ္စည်းအနည်းငယ်စီ တင်ထားသည်။ သူ့အိမ်သည် လမ်းကြိုလမ်းကြားတွင် ဖြစ်၍ စျေးဦးပေါက်မည့်အချိန်ကို နေ့တိုင်းလိုလိုစောင့်ဆိုင်းနေရသည်။
ထိုရပ်ကွက်တွင် နေထိုင်သူ အများအပြားမှာ ဒေသတွင်း တိုက်ပွဲများကြောင့် အလုပ်အကိုင် အဆင်မပြေတော့၍ တခြားမြို့၊ရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြရာ သူ၏ဆိုင်လည်းရောင်းအားကျသွားသည်။
“ဒီအိမ်မှာ ဆိုင်ရောင်းနေတာ အနှစ်နှစ်ဆယ်လောက်ရှိပြီ။ အခုက တစ်ရက်မှာ ငါးထောင်ဖိုးစေ့အောင်တောင် မစွံဘူး ဆိုတော့ စားဝတ်နေရေးက မဖူလုံဘူး”ဟု ဒေါ်စံနုက ပြောသည်။
စျေးနှုန်း ဆက်တိုက်တက်နေမှုကြောင့် ဆိုင်တွင် ကုန်ပစ္စည်းအများအပြား မတင်နိုင်ပေ။ တင်ထားသည့် ပစ္စည်း များကိုလည်း တက်စျေးကြောင့် ပြည်သူများဝယ်ယူမစားသုံးနိုင်ကြဟု ဆိုသည်။
“ရေသန့် (တစ်လီတာ)တစ်ဗူးကိုတောင် (ကျပ်) ၅၀၀၀ နဲ့ရောင်းနေရတော့ ရေသန့်ဘူးမသောက်ကြ တော့ဘူး” ဟု အဘွားအိုက ပြောသည်။
မြေးနှစ်ဦး၊ သားသမီးနှစ်ဦးက သူနှင့်နေသည်။ သားဖြစ်သူမှာ တည်းခိုခန်း တစ်ခုတွင် အချိန်ပိုင်း သန့်ရှင်းရေးဝန်ထမ်းလုပ်သည်၊ သမီးဖြစ်သူမှာလည်းကြုံရာကျပန်း လုပ်ကိုင်သည်ဟု ဆိုသည်။
“ဆန်တစ်ခု စျေးတန်လို့တော်သေးတယ်။ တခြားပစ္စည်းတွေက သောင်းဂဏန်းမပါရင် ဝယ်လို့မရဘူး” ဟု ဒေါ်စံနုက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် တစ်သိန်းခန့်၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ခန့်၊ ပဲဆီတစ်ပိဿာလျှင် ၂၅ ၀၀၀၊ကြက်သွန်နီတစ်ပိဿာလျှင် ၁၅၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာကို ၃၀၀၀၀ ခန့်အထိ ရှိသည်။
အခြားဒေသများထက် နှစ်ဆ၊ သုံးဆ များပြားသော ပမာဏ ဖြစ်သည်။
ထို့ပြင် ယခင်က လူတိုင်း လက်လှမ်းမီသော ကြက်ဥမှာ တစ်လုံးလျှင် ကျပ် ၁၀၀၀ နှင့် ၁၅၀၀ အကြား ဖြစ်လာသောကြောင့် ဆင်းရဲချို့တဲ့သူများမှာ ကြက်ဥကိုပင် မမြင်နိုင်သည့် အခြေအနေရှိသည်။

အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်၊ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီ ဆက်လက် ထိန်းချုပ်ထားသောမြို့များမှာ အိန္ဒိယရင်းနှီးမြှုပ်နှံမှုများရှိသည့် ပြည်နယ် မြို့တော် စစ်တွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသည့် ကျောက်ဖြူနှင့်မာန်အောင်မြို့တို့ ဖြစ်သည်။
ထိန်းချုပ်နယ်မြေများတွင် AA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ကိုဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊တရားစီရင်ရေး စသည့်ယန္တရားများကို လည်ပတ်နေသည်။
AA က ဒေသတွင်း စစ်ရေးအခြေအနေများကို သတင်း မကြာခဏ ထုတ်ပြန်သော်လည်း ဒေသခံတို့၏ ကျန်းမာရေး၊ စီးပွားရေး အခြေအနေများကို ထုတ်ပြန်ခြင်း မရှိသေးပေ။


ဖေဖော်ဝါရီလဆန်းက ထိန်းချုပ်မြို့တစ်ခုတွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-APM)
မြို့သိမ်းတိုက်ပွဲများစတင်စဥ်က ရခိုင်ဒေသတွင် ဓာတ်ဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ ပြတ်လပ်မှုနှင့်ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိတွင် ထိုအခက်အခဲနည်းပါး လာသည်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ဘက် မှ ကုန်ပစ္စည်းများဝင်ရောက်လာခြင်းနှင့် ပြည်မဘက်မှ ကုန်ပစ္စည်းများမှောင်ခိုလမ်းကြောင်းဖြင့် ဝင်ရောက်လာနိုင်ခြင်းတို့ကြောင့် ပြည်သူများ အနည်းငယ် အသက်ရှုချောင်စေသည်။
သို့သော် ကုန်စျေးနှုန်း မကျပေ။ ကုန်စျေးနှုန်း ကျဆင်းရေး၊ ကုန်စည်များ ရခိုင်ပြည်သို့ ဝင်ရောက်နိုင်ရေးအတွက် အာရက္ခပြည်သူ့အစိုးရက ကိုင်တွယ်ဖြေရှင်းပေးရမည်ဟု ဒေသခံ အများအပြားက ယူဆကြသည်။
စစ်ကောင်စီက ရခိုင်ဒေသကို ပြည်မနှင့်ကုန်းလမ်း၊ ရေလမ်း အဆက်အသွယ်ဖြတ်ထားရာ
ရခိုင်ပြည်သို့ ကုန်ပစ္စည်းဝင်ရောက်နိုင်ရေးမှာ အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်အစိုးရတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျှင် ရနိုင်ကြောင်း ပေါက်တောမြို့နယ် လူငယ်အမျိုးသားတစ်ဦးက ယူဆသည်။
“ကုန်သည်တွေတော့ အိန္ဒိယတို့၊ ဘင်္ဂလားဘက်တွေကနေ ကုန်ပစ္စည်းချနေတာတွေ့ရတယ်။ ဒါပေမယ့် AA အနေနဲ့ အဲဒီကအစိုးရတွေနဲ့ချိတ်ဆက်ပြီး ပိုကောင်းအောင် လုပ်ဆောင်သင့်တယ် “

ရခိုင်ပြည်နယ်တွင် ယခင်က အဆင်မြင့်ဆေးရုံ၊ ဆေးခန်းကြီးများမှာ စစ်တွေ၊ ကျောက်ဖြူမြို့ကြီးများ တွင်သာ တည်ရှိသည်။ ပြည်နယ်အတွင်း နေထိုင်သူတို့ ထိုမြို့များကို ဝင်ထွက် သွားလာ၍မလွယ်ကူပေ။
ကုသမှုခံယူလိုလျှင် AA ထိန်းချုပ်ထားသည့်မြို့နယ်များရှိ ဆေးရုံငယ်များကိုသာ အားကိုးနေရသည်။ ထိုဆေးရုံများ တွင်လည်း ဆေးဝါး၊ ကျန်းမာရေးဝန်ထမ်း အပြည့်အဝမရှိသောကြောင့် ကုသမှုပိုင်းတွင်အခက်အခဲ များပြားနေသည်ဟု ကျောက်တော်မြို့နယ်မှဒေသခံတစ်ဦးက ပြောသည်။
“အရင်တုန်းက ကျန်းမာရေးဆိုးဝါးလာရင် ရန်ကုန်တို့ကိုသွားလို့ရပါသေးတယ်။ အခုက စစ်တွေကို သွားလို့မလွယ်တော့ ကျန်းမာရေးဆိုးဝါးလာရင်လည်း ဒီအတိုင်းပဲ နေရတယ်။ ဒါကြောင့် AA အနေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ အဆင့်မြင့်ဆေးရုံတွေဖွင့်ပြီး ဆေးဝါးကိရိယာအစုံအလင်ရှိအောင် ကြိုးစား သင့်တယ် “ဟု ၎င်းက မှတ်ချက်ပြုသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ၂၀၂၄ နိုဝင်ဘာ ၇ ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ခုတွင် နိုင်ငံတွင်း တိုက်ပွဲများကြောင့် ကုန်သွယ်စီးပွားလုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက် ကာ ၂၀၂၅ နှစ်လယ်တွင် ရခိုင်ပြည်နယ်၌ လူ ၂ သန်းခန့် အငတ်ဘေးကျရောက်တော့မည် ဟု ဖော်ပြ ထားသည်။
ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ဆို့ထားခြင်း၊ တိုက်ပွဲ ဖြစ်ပွားနေခြင်းအပြင် ရခိုင်ပြည်နယ်တွင် နေထိုင်သူများသည် “ဝင်ငွေမရှိ၊ ငွေဖောင်းပွ၊ ဒေသတွင်း အစားအစာထုတ်လုပ်နိုင်မှု သိသိသာသာ လျော့ကျလာခြင်း”နှင့် ကြုံတွေ့နေရသည်၊ “ရခိုင်ပြည်နယ်၏ စီးပွားရေး ရပ်တန့်သွားပြီဖြစ်သည်” ဟု အစီရင်ခံစာက သတိပေးထားသည်။
အလားတူ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ယခုနှစ်တွင်း မြန်မာနိုင်ငံမှ လူ ၁၅ သန်းခန့် အငတ်ဘေး ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ သတိပေးထားသည်။
နိုင်ငံအနှံ့ စစ်ပွဲဇုန်ဖြစ်နေကာ ချင်း၊ ရခိုင်၊ ရှမ်းမြောက်ဒေသတချို့၊ ကချင်၊ ကယား (ကရင်နီ)၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ကရင်ပြည်နယ်ဒေသတချို့တို့တွင် တိုက်ပွဲများ ဆက်ရှိနေသည်။
မြေပုံမြို့နယ်မှ ဟင်းရွက်သည် မခိုင်သင်းကြည်ကမူ မည်သို့ပင်အခက်အခဲရင်ဆိုင်နေရသည်ဖြစ်စေ ၎င်းတို့ ယုံကြည်အားကိုးသည့် AA တပ်ဖွဲ့က ရခိုင်တစ်မျိုးသား လုံးလွတ်မြောက်ရေး ဆက်လက် တိုက်ပွဲဝင်နေသောကြောင့် သူလည်း တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံနိုင်အောင် ကြိုး စားနေသည်ဟု ဆိုသည်။
“ဆင်းရဲနေပေမယ့် ကိုယ့်ပြည်လွတ်မြောက်တော့မယ်ဆိုရင် ပျော်တယ်” ဟု သူက ပြောလိုက်သည်။




