ကျောင်းသား လူငယ် ၂၂ ဦး ဖြင့် စတင် ခဲ့သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF) သည် အင်အားထောင်ချီရှိလာပြီး စစ်ဒေသ ၃ ခု တွင် တိုက်ပွဲများ ဖော်ဆောင်နေသည်။
အာရက္ခတပ်တော်-AA ထံတွင် စစ်ပညာသင်ကြားကာ အမ်းမြို့နှင့်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF) သည် ယခုအခါ မြေလတ်စစ်ဒေသနှင့် အညာစစ်ဒေသများတွင် တိုက်ပွဲများဖော်ရန် ဦးတည်လာနေသည်။
ရခိုင်ပြည်နယ်ရှိ မြို့သိမ်းတိုက်ပွဲများ၊ စစ်တပ်၏ လက်နက်စက်ရုံများရှိရာ ဧရာဝတီမြစ် အနောက် ဘက်ကမ်းရှိ မြေလတ်စစ်ဒေသတွင် ဖော်ဆောင်နေသည့်တိုက်ပွဲများ အခြေအနေ၊ စစ်ကိုင်းနှင့် မကွေးတိုင်းများရှိ အညာဒေသတွင် ရင်ဆိုင်ရသည့် အခက်အခဲများ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၏ ရေရှည်ရည်မှန်းချက်တို့ကို SAF၏ စစ်ဦးစီးချုပ် ကိုမင်းလတ်ဥက္ကာကို Myanmar Now က မေးမြန်းထားသည်။
မေး။ ။ ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ ကျောင်းသားလက်ရုံး တပ်တော် (SAF) က အာရက္ခ တပ်တော် (AA) နဲ့ ပူးပေါင်း တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဘယ်နှစ်ပွဲလောက် ပါဝင်ခဲ့ပါသလဲ။
ဖြေ။ ။ အာရက္ခဒေသတွင်းမှာတော့ အဓိက ဆိုရင်တေ့ာ အမ်းပေါ့။ အမ်းဆိုရင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) မရောက်ခင်ပေါ့၊ အမ်းမြို့သိမ်း စစ်ဆင်ရေးပေါ့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အဓိက ကာထားတဲ့ ကာကင်းကြီးတွေရှိတယ်။ အဓိကတော့ ဗျူဟာကုန်းကြီးတွေ၊ အင်အား ၅၀၀၊ ၆၀၀ နဲ့ ၇၀၀ လောက်နဲ့ ကာထားတဲ့ ဗျူဟာကုန်းကြီးတွေရှိတယ်။ အဲဒီမှာဆိုရင်တော့ တောဟိန်းတောင်ဗျူဟာကုန်းဆို တော်တော်နာမည်ကြီးတယ်။ တောဟိန်းတောင် ဗျူဟာကုန်းမှာ ကျွန်တော်တို့ ပထမဦးဆုံး တိုက်ပွဲ အတွေ့အကြုံကို အဲဒီမှာ စပြီးယူရတယ်။ အစောပိုင်းမှာတော့ တိုက်ပွဲအတွေ့အကြုံရအောင်လို့ သူတို့နဲ့တွဲတိုက်တယ်။ ကျွန်တော်တို့ကို သပ်သပ်နယ်မြေတစ်ခုမှာ တာဝန်ပေးတာမျိုး မဟုတ်ဘဲ သူတို့နဲ့သက်ဆိုင်ရာ တပ်ရင်းတွေမှာ ကျွန်တော်တို့ ရဲဘော်တွေကို ဖြန့်ပြီးတော့ တိုက်ပွဲ အတွေ့အကြုံယူရတယ်ပေါ့။ တောဟိန်းတောင်၊ မဲတောင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပေါ့။ တစ်ဆင့်စီတစ်ဆင့်စီတော့ ကျွန်တော်တို့ အခြေခံစစ်ဆင်ရေးတွေကနေ စကြရတာပါ။
အခြေခံအားဖြင့်တော့ ကျွန်တော်တို့ လူစုဖွဲ့မှုတွေ လက်နက်ခဲယမ်း တပ်ဆင်မှုတွေ ဘယ်လိုလုပ်သလဲ၊ ရိက္ခာထောက်ပံ့မှု၊ အုပ်ချုပ်ထောက်ပံ့မှုတွေ ဘယ်လိုလုပ်သလဲပေါ့။ အဲဒီအပိုင်းတွေမှာ ကျွန်တော်တို့ ရဲဘော်တွေကို နေရာစုံအောင်ပေါ့။ အုပ်ချုပ်ထောက်ပံ့တပ်ဆိုလည်း အုပ်ချုပ်ထောက်ပံ့တပ်မှာ ကျွန်တော်တို့ ရဲဘော်တွေကို ထည့်ရတယ်။ စစ်ဆင်ရေး၊ဖြတ်တောက်ရေးဆိုရင်လည်း ကျွန်တော်တို့ရဲဘော်တွေကို အဲဒီမှာ ထည့်ရတယ်။ ချေမှုန်းရေးမှာလဲ ကျွန်တော်တို့ ရဲဘော်တွေပါရတယ်။ အဆင့်တိုင်း အဆင့်တိုင်းမှာ ဖြည်းဖြည်းစီပေါ့။ အမ်းမြို့သိမ်း စစ်ဆင်ရေး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးကို ထိုးစစ်ဆင်တဲ့ ထိုးစစ်မှာဆိုရင်တော့ ကျွန်တော်တို့က နေရာစုံအောင်တိုက်နေပြီ၊ ပြည့်စုံသွားပြီပေါ့။ ထိုးစစ်မှာလည်း ကျွန်တော်တို့ ရဲဘော်တွေပါပါတယ်။
အဓိကတော့ အမ်းမှာပဲ စစ်ဆင်ရေး အတွေ့အကြုံယူတာပိုများတယ်။ ကျန်တဲ့နေရာတွေက ပါတယ်၊ ဒါပေမယ့် ထုနဲ့ထည်နဲ့ ပါတာမျိုး မဟုတ်ဘူး။ အမ်းမှာက မြို့နယ်အပြင် မြို့နယ်ခွဲလေးတွေရှိတယ်။ ဥပမာ တပ်တောင်တို့၊ ကမ်းထောင်းကြီးတို့ပါ ပေါင်းရင်တော့ မြို့သိမ်း စစ်ဆင်ရေးပါ ထည့်ပြောလို့ရတာပေါ့။ မြို့ကြီး အကြီးကြီး အနေနဲ့ဆိုရင် အမ်းပဲ ရှိတယ်။ အမ်းကိုပဲ အဓိကအားဖြင့်ပါဝင်ခဲ့တာပေါ့။ တချို့နေရာတွေမှာဆိုရင် လက်နက်ကြီးပစ်ကူတို့၊ တချို့နေရာတွေမှာဆိုရင် အုပ်ချုပ် ထောက်ပံ့တို့ အဲ့လိုမျိုးပုံစံမျိုးနဲ့ပဲ ပါခဲ့တာပေါ့။
လက်နက်ခဲယမ်းကိစ္စနဲ့ ရိက္ခာကိစ္စတွေမှာ အာရက္ခတပ်တော်ကပဲ တာဝန်ယူပြီးတော့ တိုက်ပွဲ အတွေ့အကြုံယူဖို့ ကူညီပေးတာ။ စစ်ဆင်ရေး ဖော်ဆောင်တဲ့အချိန်မှာ ဘယ်လိုလုပ်ရမယ်ဆိုပြီး စစ်ဆင်ရေး လမ်းညွှန်မှုပေးတာ ကွပ်ကဲတာတွေ အကုန်လုံးကို သူတို့ကနေပြီးတော့ ကူညီဆောင်ရွက်ပေးပါတယ်။
တိုက်ပွဲ အစအဆုံး တောက်လျှောက်မှာ ကျဆုံး၊ ဒဏ်ရာရရှိတဲ့ ရဲဘော်ဆိုရင် ၅၀ နီးပါးလောက် ရှိတယ်။ ဒဏ်ရာရရော ကျဆုံးရောပေါ့။ ဘာကြောင့် ကျွန်တော်ဒီလိုပေါင်းပြီး ပြောလိုက်ရသလဲ ဆိုတော့ တချို့ရဲဘော်တွေက ကျဆုံသွားသလိုဖြစ်တဲ့ ရဲဘော်တွေရှိတယ်။ ခြေထောက်ပြတ်တာ၊ လက်ပြတ်သွားတာမျိုး။ တချို့ဆိုရင် မျက်လုံးမရှိတော့တာမျိုး။

မေး ။ ။ အာရက္ခတပ်တော်က ရခိုင်ပြည်နယ်တွင်းမှာတော့ မြို့ကြီးတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေတော်တော်များများကို ထိန်းချုပ်နိုင်သွားပါပြီ။ အာရက္ခတပ်တော်က ရခိုင်ရိုးမကို ဖြတ်ကျော်ပြီးတော့ မြေပြန့်ဒေသကို ဆင်းလာဖို့ ကြိုးစားနေကြပြီ။ အဲဒီမှာလဲ ကျောင်းသားလက်ရုံးတပ်တော်က တစိတ်တဒေသအားဖြင့် ပါဝင်နေတာကို တွေ့ရတယ်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းက တိုက်ပွဲတွေမှာ ကျောင်းသားလက်ရုံးတပ်တော်က ဘယ်လိုပါဝင် တိုက်ခိုက်နေပါသလဲ။
ဖြေ။ ။ အခုလက်ရှိ မြေပြန့်ဒေသထိုးစစ်ပေါ့။ မြေပြန့်ဒေသလို့ ပြောရရင်တော့ အာရက္ခဒေသနဲ့ ထိစပ်နေတဲ့ တိုင်းသုံးတိုင်းရှိတယ်။ အဓိက ထိုးစစ်ရဲ့ ဝင်ရိုးပေါ့။ မကွေးတိုင်းဆိုရင် အမ်း-ပဒန်း လမ်းမကြီးပေါ့။ အမ်း-ပဒန်း လမ်းမကြီးရဲ့ အဆုံးမှာ မကွေးတိုင်း မင်းဘူးခရိုင်ထဲမှာ ရောက်တာ တစ်ခုရှိတယ်။ နောက်တစ်ခုက ပြည်-တောင်ကုတ်လမ်းပေါ့။ အဲဒါဆိုရင်တော့ ပဲခူးတိုင်းထဲကို ရောက်တဲ့ မဟာဗျူဟာလမ်းမကြီးဖြစ်တယ်။ ဥသျှစ်ပင်ပေါ့၊ ပြည်ခရိုင်ထဲကို ရောက်တယ်။ နောက်တခုက ဂွ-ငါးသိုင်းချောင်းလမ်းပေါ့။ အဲဒါကတော့ ဟင်္သတ ခရိုင်ထဲကို ရောက်မယ်။ အဲဒါက ဧရာဝတီတိုင်းဖြစ်တယ်။ အဲဒီလို သုံးခုရှိတယ်။ သုံးခုမှာ ကျွန်တော်တို့က အဓိကအားဖြင့် ကျွန်တော်တို့ အဓိက ပါဝင်ဆောင်ရွက်နေတာက ၂ ခု ရှိတယ်။ ပြည်-တောင်ကုတ်လမ်းနဲ့ မကွေးထဲကို ဝင်တဲ့လမ်းပေါ့။ အဓိကတော့ ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)တွေ ရှိတဲ့နေရာတွေကို အရင်ကတည်းက တည်ဆောက်ထားတယ်။ ကျွန်တော်တို့ မကွေးရဲ့ လှုပ်ရှား စစ်ဒေသတွေသည် အဓိကအားဖြင့် ကပစတွေမှာ အဓိအားဖြင့် ရှိတာပေါ့။ ကပစတွေရှိတဲ့နေရာတွေမှာ ကျွန်တော်တို့ လှုပ်ရှားဒေသတွေ အခြေခံဒေသတွေ တည်ဆောက်ထားတာပေါ့။ ကျွန်တော်တို့ အခုလိုမျိုး ထိုးနေတဲ့ ထိုးစစ်တွေမှာဆိုရင် အဲဒီဘက်ဒေသတွေကို ပိုအားစိုက်တယ်။ ပိုအားစိုက်ပြီးတော့ လှုပ်ရှားတယ်။ အတူတွဲပြီးတော့ စစ်ရေးအားဖြင့် ဖော်ဆောင်တာပေါ့။
မေး။ ။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ကပစ စက်ရုံတွေ အများစု တည်ရှိကြပါတယ်။ အဲဒီ ကပစ စက်ရုံတွေကို သိမ်းပိုက် တိုက်ခိုက်နိုင်ဖို့ အခြေအနေက ဘယ်လောက်ထိ နီးစပ်နေပြီလဲ။ ဒီလို သိမ်းပိုက်နိုင်ဖို့ဟာ တော်လှန်ရေး မဟာမိတ်တပ်တွေ အားလုံးအတွက် နိုင်ငံရေးအရရော စစ်ရေးအရပါ ဘယ်လောက်ထိ အရေးပါပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ အခြေခံဒေသကို တည်ဆောက်တဲ့ အချိန်မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းက ကျွန်တော်တို့က ကပစတွေကို အဓိကထားခဲ့တယ်။ ကျွန်တော်တို့ တပ်ရဲ့ မဟာဗျူဟာ အနေနဲ့ပေါ့။ ဘာကြောင့်လဲဆိုတော့ အနောက်ဘက် စစ်မျက်နှာရဲ့ အရေးကြီးမှုက ကပစ ဖြစ်တယ်။ ကပစတွေက ဧရာဝတီမြစ်ကို နဖူးတင်ပြီးတော့ တည်ရှိတာပေါ့။ ကျွန်တော်တို့ ကတော့ လွန်ခဲ့တဲ့ ၂၀၂၂ လောက်ကတည်းက ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ကပစ တွေရဲ့ ဒေသတွေမှာ အခြေခံ ဒေသတွေတည်ဆောက်ထားတယ်။ ဘာကြောင့် ကျန်တော်တို့ ကြိုပြီး တည်ဆောက်ထားလဲဆိုရင် ရန်သူသည် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ၂ ခု ရှိတဲ့ အထဲမှာ တိုက်စွမ်းရည်ဟာ အင်မတန်မှ အားနည်းလာပြီ။ တိုက်စွမ်းရည်မှာ စိတ်ဓာတ်အားဖြင့် အင်မတန်မှ ကျဆင်းလာပြီ။ သူတို့မှာ အားကောင်းတာက တိုက်စွမ်းအားပေ့ါ။ လက်နက်ကြီးတို့ လေယာဉ်တို့ပေါ့။ လက်နက်ခဲယမ်းကို အဓိကအားပြုတဲ့ ပစ်အားပေ့ါ။ ပစ်အားကို အဓိကအားပြုတဲ့ ဟာနဲ့ပဲ လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့ လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေမှာဆိုရင် သူတို့က တိုက်စွမ်းအားကိုပဲ အဓိကထိန်းချုပ်တယ်ပေါ့။ တိုက်စွမ်းအားနဲ့ပဲ အဓိက ထိန်းချုပ်ပြီးတော့ ပစ်အားသုံးပြီးတော့ ဆောင်ရွက်ကြတာပေါ့။
ကျွန်တော်တို့က ကပစတွေကိုသာ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နိုင်တယ်၊ သိမ်းပိုက်နိုင်တယ်။ ဖြိုချဖျက်ဆီးနိုင်တယ်ဆိုရင် ကပစတွေ မရှိတော့ရင် စစ်တပ်ဆိုတာ မရှိတော့ဘူး အဲဒီလောက်ထိကို အရေးပါတယ်။ ကပစတွေဆိုတာ စစ်တပ်ရဲ့ အသက်သွေးကြောပဲ။ ကပစတွေကနေပြီးတော့ ကျည်ဆန်ထုတ်တယ်။ လေယာဉ်ဗုံး ထုတ်တဲ့ဟာတွေရှိတယ်။ လက်နက်ကြီး ကျည်ဆံထုတ်တာရှိတယ်။ ယမ်းချက်တာတွေရှိတယ်။ အဲဒီ ကပစတွေ တစ်ခုနဲ့ တစ်ခုကလည်း ချိတ်ဆက်နေတာ။ တစ်ခုက ရပ်သွားပြီ ဆိုရင် နောက်တစ်ခုကလည်း ဆက်လုပ်လို့မရတော့ဘူး။ အဲဒီ ကပစ စက်ရုံက ဒီကုန်ပစ္စည်းကို မထုတ်ဘူးဆိုရင် ဟိုဘက်က အဲဒါ သပ်သပ်ထုတ်လည်း သုံးလို့မရဘူး။ ကျွန်တော်တို့သာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ ကပစတွေကို ထိန်းချုပ်နိုင်တယ်။ ဖြိုချဖျက်ဆီးနိုင်တယ်ဆိုရင် စစ်တပ် ရှိဖို့ဆိုတာ တော်တော်လေး ခက်ခဲသွားပြီ။ ရန်သူစစ်တပ်ပြိုကျဖို့ အနီးစပ်ဆုံး လမ်းက ကပစတွေ မရှိဖို့ပဲ။

မေး။ ။ လက်ရှိ ရခိုင်ရိုးမနဲ့ မကွေးတိုင်း၊ပဲခူးတိုင်း ဆက်စပ်တဲ့နေရာတွေက စစ်ပွဲတွေဟာ ကပစ စက်ရုံတွေနဲ့ဆိုရင် ဘယ်လောက် အကွာအဝေးကို ရောက်နေပြီလဲ။ တော်လှန်ရေး မဟာမိတ်တပ်တွေ အားလုံးအတွက် ဘယ်ဒေသမှရှိတဲ့ ကပစ စက်ရုံတွေဟာ အဓိက ပစ်မှတ်တွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ။ ။ ခုလက်ရှိ အမ်း-ပဒါန်းလမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေသည် ကပစ ၁၄ နဲ့ တော်တော်လေး နီးတယ်။ ၁၀ ကီလိုမီတာ လောက်မှာပဲရှိတယ်။ အဓိကအားဖြင့်တော့ ယမ်းချက်တယ်၊ သူ့ရဲ့ တာဝန်က။ ပြီးတော့ အထက်မင်းလှနဲ့ မင်းဘူးနယ်ကြားမှာ ကပစ (၂) နဲ့ ကပစ (၁၀)၊ ကပစ (၈) သုံးခုရှိတယ်။ အဲဒီကောင်တွေက လေယာဉ်ဆီ သိုလှောင်တာလည်းရှိတယ်။ လက်နက်ကြီးတွေနဲ့ လေယာဉ်ဗုံးတွေ အဓိက ထုတ်လုပ်တဲ့ စက်ရုံတွေပေါ့။ အဲဒီနေရာနဲ့ဆိုရင် ကျွန်တော်တို့ ခုရောက်နေတဲ့ အမ်း-ပဒန်းလမ်းနဲ့က မိုင် ၂၀ နဲ့ မိုင် ၃၀ လောက်ပဲရှိတယ်။ ခုလက်ရှိဖြစ်နေတဲ့ တိုက်ပွဲရဲ့ ထိုးစစ်ရဲ့ အရှိန်အဟုန်က အဲဒီနေရာအထိကို ဦးတည်နေတယ်။ လက်ရှိ ဦးတည်နေတဲ့ ဦးတည်ချက် တိတိပပရယ်တော့ မဟုတ်ဘူး။ ဒါပေမယ့် အနီးစပ်ဆုံးသည့် အဲဒီ ကပစ ၃ ခုပေါ့။
နောက်တစ်ခုက ပြည်-တောင်ကုတ်လမ်းနဲ့ အနီးစပ်ဆုံးမှာ ကပစတွေရှိတယ်။ ကပစ (၅)၊ ကပစ (၆)၊ ကပစ (၇)၊ ကပစ (၉)၊ ကပစ (၁၂) ဆိုပြီး ၅ ခုရှိတယ်။ ပြီးရင် သရက်၊ မင်းတုန်း၊ ကံမပေါ့။ အဲဒီ ၅ ခုက တော်တော်လေး အရေးပါတယ်။ ကျွန်တော်တို့ ခုလက်ရှိ မိုးထိတောင်ပေါ့နော်။ ပြည်-တောင်ကုတ် လမ်းမပေါ်မှာရှိတယ်။ မိုးထိတောင်ဆိုရင် ကျသွားပြီ။ ပြည်-တောင်ကုတ် လမ်းမပေါ်ကိုရောက်ဖို့ မိုင် ၂၀ လောက်ပဲလိုတော့တယ်။ ကြားထဲမှာ စခန်းတွေတော့ရှိတယ်။ ဒါပေမယ့် ဥသျှစ်ပင်ကို ရောက်ပြီဆိုရင် အဲဒီ ကပစတွေကိုရောက်တာပဲ။ အဲဒီ ကပစတွေသည် အဲလောက် ထိကို အနီးကပ်ဆုံး ခြိမ်းခြောက်ခံထားရတဲ့ အနေအထားမှာ ရှိပါတယ်။ ကျွန်တော်ခုနကပြောတဲ့ ကပစတွေဟာ လက်ရှိဆိုရင် ထိုးစစ်ရဲ့ မိုင် ၂၀ ပတ်ချာ လည်လောက်ကို ရောက်နေပြီဖြစ်ပါတယ်။
အနီးစပ်ဆုံးက ကပစ (၁၄) ဖြစ်တယ်။ ကပစ (၁၄) သည် ကျွန်တော်တို့ ထိုးစစ်ရောက်နေတဲ့နေရာနဲ့ ၄ မိုင် အလွန်ဆုံးမှာပဲရှိတယ်။ ကပစ (၅)၊ (၆)၊ (၇)၊ (၈) သည် ဒုတိယအဆင့် အနီးစပ်ဆုံးမှာရှိတယ်။ ကပစ (၁၂) သည် တတိယအဆင့်မှာရှိတယ်။

မေး။ ။ ခုနေက ပြောခဲ့တဲ့ဒေသတွေမှာ အားလုံးနဲ့ ဆက်စပ်နေတာက ပုသိမ်-မုံရွာ လမ်းပိုင်း ဖြစ်နေတယ်။ ဒီလမ်းက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတွေ ထိစပ်ထားတဲ့ ဗျူဟာမြောက်တဲ့ အရေးကြီးဆုံးလမ်းပိုင်း ဖြစ်နေတယ်။ ဒီလမ်းပိုင်းကိုရော ကျောင်းသားလက်ရုံးတပ်တော် အပါအဝင် မဟာမိတ်တပ်တွေက ဘယ်လောက် စိုးမိုးထားနိုင်ပါသလဲ။
ဖြေ။ ။ ပုသိမ်-မုံရွာ လမ်းကတော့ အင်မတန်ရှည်တယ်။ မုံရွာကနေပြီး ပုသိမ်ထိရှိနေတယ်။ လမ်းပိုင်းတွေမှာ ကျွန်တော်တို့ စိုးမိုးမှုကတော့ ပုသိမ်-မုံရွာလမ်း တောက်လျှောက်မှာ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကတော့ ရှိနေတယ်။ စိုးမိုးမှုဆိုတာက လက်ရှိအခင်းအကျင်းမှာတော့ ထိုးစစ်ကမရှိသေးတဲ့အတွက်ကြောင့် စိုးမိုးမှုဆိုတဲ့နေရာမှာ လုံးဝကြီး စိုးမိုးထိန်းချုပ်လို့တော့ မရသေးဘူးပေါ့။ သို့ပေမယ့် အချိန်မရွေး ပုသိမ်-မုံရွာ လမ်းပေါ်ကို တော်လှန်ရေး အင်အားစုတွေက တက်လာနိုင်တယ်။ စစ်ဆင်ရေးလဲ ဖော်ဆောင်လာနိုင်တယ်။ ပုသိမ်-မုံရွာ လမ်းတောက်လျှောက်မှာ စစ်ဆင်ရေးရှိတယ်။ လက်ရှိမှာတော့ မဟာဗျူဟာမြောက်ဖြစ်တဲ့ ပုသိမ်-မုံရွာလမ်းကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက စီးမိပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် ထိန်းသိမ်းထိမ်းချုပ်နိုင်တဲ့ အဆင့်တော့ မရောက်သေးဘူး။
ပြီးတော့ ရန်သူက ကျွန်တော်တို့ လှုပ်ရှားနေတဲ့ နေရာတွေကို သွားမှာပဲ၊လာမှာပဲ။ ကျွန်တော်တို့ကတော့ လာပါလို့ပဲ ပြောချင်တယ်။ လာကြည့်ပေါ့ဗျာ ကြိုးစားပါ။ သူတို့ကလည်း သူတို့အလုပ် သူတို့လုပ်မှာပဲ။ ကျွန်တော်တို့ကတော့ သူတို့ကိုတော့ ထဲထဲဝင်ဝင်ကြီး ဘာလုပ်မှာလို့တော့ မပြောချင်ဘူး။ သူတို့လည်းပဲ ကျွန်တော်တို့ကို ပြောချင်တာပြောပေ့ါ။ ကျွန်တော်တို့လဲ သူတို့ကိုဘာမှ ပြောနေမှာမဟုတ်ဘူး။ အဓိကအားဖြင့်တော့ ကျွန်တော်တို့ ဘယ်လောက်ထိ ကြိုးစားနေတယ်။ အလုပ်လုပ်နေတယ်ဆိုတာကို သူတို့သိချင်တယ်ဆိုရင်တော့ လာကြည့်ပေါ့ဗျာ။
မေး။ ။ ကျောင်းသား လက်ရုံးတပ်တော်ရဲ့ နောက်ထပ် စစ်ဒေသ တစ်ခုဖြစ်တဲ့ အညာဒေသမှာရော ကျောင်းသားတပ်တော်က ဘယ်လိုရင်ဆိုင် ကျော်လွှားနေရသလဲ။ ဒီဒေသမှာက NUG ရဲ့ PDF တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ အများစုရှိနေတော့ ဘယ်လိုညှိနှိုင်း ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့က ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ကြားထဲမှာတော့ စစ်ဆင်ရေးဖော်ဆောင်မယ့် ဒေသတွေရှိရင် သူတို့ကို ကျွန်တော်တို့ ကြိုပြောထားတယ်။ အဲဒီဒေသမှာရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို သတင်းပို့တယ်။ သူတို့က တစ်ခုခုဆောင်ရွက်တယ်ဆိုရင် ကျွန်တော်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပါ။ ကာကွယ်ရေးဝန်ကြီးတို့ ကာကွယ်ရေးအတွင်းဝန်တို့နဲ့ စကားပြောပြီးတော့ ညှိနှိုင်းထားတယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ကျွန်တော်တို့ကြားမှာလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီးရှိတယ်။ အညာဒေသရော မြေလတ်ဒေသမှာရော MOD ရဲ့ တပ်ရင်းတွေနဲ့ တွဲပြီးတော့စစ်တိုက်တယ်။ တခြား လုပ်ငန်းဆောင်တာတွေလဲ အတူတကွဆောင်ရွက်ပါတယ်။ အဓိကတော့ ပ သုံးလုံး ယန္တရားနဲ့ ကျွန်တော်တို့ ကြားထဲမှာလည်း ကြီးမားတဲ့ပွတ်တိုက်မှုမရှိဘူး။ ဒါပေမယ့် တချို့သော နေရာတွေပေါ့ ကျွန်တော်တို့ လှုပ်ရှားစစ်ဆင်ရေး ဆောင်ရွက်တဲ့ နေရာတွေမှာ ပ သုံးလုံး ယန္တရားနဲ့ ပြည်သူနဲ့ ပဋိပက္ခပေါ့ တချို့ အခင်းအကျင်းတွေမှာ အမြင်မတူတာတွေ လုပ်နည်းလုပ်ဟန်မှာ လွဲမှားတာတွေပေါ့။
အဲဒီလိုဆိုရင် ပြည်သူက ကျွန်တော်တို့ ဆီကိုလာပြောတယ်။ လာပြောတဲ့ အခါကျရင် ကျွန်တော်တို့က ပ သုံးလုံး ယန္တရားက ခေါင်းဆောင်တွေကို ကျွန်တော်တို့က ပြောတယ်။ ပသုံးလုံးယန္တရားနဲ့ ပြည်သူနဲ့ကြားမှာ ညှိနှိုင်းဆောင်ရွက်ပေးတယ်။ မြို့နယ်အဆင့် ချိတ်ဆက်ဆောင်ရွက်လို့ရရင် မြို့နယ်အဆင့် ချိတ်ဆက်ဆောင်ရွက်ပေးတယ်။ ခရိုင်အဆင့် ချိတ်ဆက်ညှိနှိုင်းလို့ရရင် ခရိုင်အဆင့် ချိတ်ဆက်ဆောင်ရွက်ပေးတယ်။ တိုင်းအဆင့် ညှိနှိုင်းဆောင်ရွက်ဖို့လိုရင် တိုင်းအဆင့်အထိ ကျွန်တော်တို့သွားတယ်။ နောက်ဆုံး ပြည်ထောင်စုအဆင့်ထိ သွားရမယ်ဆိုလည်း ပြည်ထောင်စုအဆင့်ထိသွားပြီး အဲဒီကိစ္စကို ကျွန်တော်တို့ တာဝန်ယူ ဆောင်ရွက်ပေးတယ်။ အဓိက အားဖြင့်တော့ အဲဒီလို လုပ်တဲ့ အခါမှာ မြေပြင်မှာရှိနေတဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေပေါ့ ပ သုံးလုံးတွေက ကျွန်တော်တို့ အပေါ် အမြင်မကြည်တာရှိ တယ်။ အဲဒီလိုမျိုး အမြင်မကြည်တာရှိရင်တော့ မိတ်ဖက်တွေဖြစ်တဲ့အတွက်ကြောင့် ညှိနှိုင်း ဆောင်ရွက်ပြီးတော့ သွားပါတယ်။ တချို့ အခင်းအကျင်းတွေမှာ အထင်လွဲစရာတွေရှိနိုင်တယ်။ ဒါပေမယ့် ပြေလည်အောင်လို့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ပဲ ဖြေရှင်းနေရတယ်။
မေး။ ။ ကျောင်းသားလက်ရုံး တပ်တော် အဖွဲ့ဝင်အများစုက အာဏာသိမ်းပြီးကာစ ကျောင်းသားဘဝမှာ လက်နက်မဲ့ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။ လက်နက်မကိုင်ဘဲ ဆန္ဒပြတောင်းဆိုရတဲ့ အခြေအနေနဲ့ အခုလို လက်နက်ကိုင်ပစ်ခတ်ပြီး မြို့ သိမ်းတိုက်ပွဲတွေမှာပါ ပါဝင် ဆင်နွှဲနိုင်တဲ့ အခြေအနေတွေမှာ ဘယ်လိုခံစားချက်တွေ ပြောင်းလဲ သွားပါသလဲ။
ဖြေ။ ။ ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ခဲ့တဲ့သူတွေပေါ့။ ကျွန်တော်တို့ခု ဖမ်းမိတဲ့ အထဲမှာ သူတို့ပါတယ်။ ဥပမာ မန္တလေးလိုနေရာမျိုး ရန်ကုန်လို နေရာမျိုးမှာ တပ်မတွေ အနေနဲ့ဆိုရင် တပ်မ ၉၉ တို့ တပ်မ ၆၆ တို့ တပ်မ ၇၇ တို့ပေါ့။ သူတို့က ရဲဘော်တွေပါတယ်။ ကျွန်တော်တို့က သုံ့ပန်းအနေနဲ့ ပြန်လည် ဖမ်းဆီးရမိတဲ့ အခြေအနေမှာ သူတို့ပါတယ်။ ကံအနေနဲ့ တဖန်ပြန်ပြီးတော့ လည်တယ်ပေါ့။ ခံစားချက် အားဖြင့်တော့ လက်တုန့်ပြန်တဲ့ဟာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ အနေနဲ့ ပြည်သူကို ပိုပြီး ကာကွယ်နိုင်ပြီဆိုတဲ့ ဟာကိုတော့ အများကြီး ဝမ်းသာတယ်။ ရန်သူက ကျန်တော်တို့ကို ဖိနှိပ်ထားတဲ့ ဟာကိုမှ ရိုက်ချိုးလိုက်နိုင်ပြီ။ သူတို့ဆိုရင် အရင်တုန်းက သူတို့ကိုစစ်နေတဲ့ အချိန်မှာဆိုရင် သူတို့ပြောတယ်။ အဲဒီ အချိန်တုန်းက သူတို့ပစ်ခဲ့တယ်ပေါ။ ကျွန်တော်တို့က သူတို့ကိုပြန်ပြီး ဆုံးမလို့ ရပြီပေါ့။ လက်တုန့်ပြန်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာအားဖြင့်ဆိုရင်တော့ ကံတရားပေါ့။ ကံတရားက ပြန်လည်လာတယ်ဆိုတဲ့ သဘောကို ထဲထဲဝင်ဝင်ပိုင်ပိုင်နိုင်နိုင် ခံစားလာရတယ်။ စခန်းကုန်းတစ်ခု သိမ်းပြီးတိုင်း သိမ်းပြီးတိုင်းမှာ တစ်ခုပြီး တစ်ခု ရပြီးတိုင်းမှာ ဒါက အမှန်တရားပေါ့။ တရားကပဲ နိုင်တယ်ဆိုတဲ့ဟာကို ပိုပြီးတော့ ခံစားလာရတယ်။

မေး။ ။ မြန်မာပြည်မြောက်ပိုင်းမှာတော့ မြန်မာပြည်နဲ့ နယ်မြေထိစပ်နေတဲ့ တရုတ်နိုင်ငံရဲ့ ဖိအားတွေကို မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေက ရင်ဆိုင်နေရတယ်။ ကျောင်းသားလက်ရုံးတပ်တော်ကလည်း မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ အဖွဲ့ဝင် အာရက္ခ တပ်တော်ရဲ့ မဟာမိတ်ဖြစ်နေတော့ ဒီဖိအားတွေဟာ ကျောင်းသားလက်ရုံးတပ်တော် အပေါ်မှာ ရော သက်ရောက်မှု ရှိနေပါသလား။
ဖြေ။ ။ ကျွန်တော်တို့ လက်ရှိ တော်လှန်ရေး ပုံသဏ္ဍန်ကနှစ်ခုရှိပါတယ်။ အာဏာသိမ်းပြီးမှ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးပေါ့။ ဒီမိုကရက်တစ် အင်အားစုတွေရဲ့ တော်လှန်ရေး တစ်ခုရှိတယ်။ နောက်တစ်ခုက အာဏာမသိမ်းမီ လွတ်လပ်ရေးရပြီးကတည်းက စပြီးတော့ ဖြစ်တည်နေတဲ့ လူမျိုးစုလက်နက်ကိုင်တွေရဲ့ အမျိုးသားတော်လှန်ရေးရှိတယ်။ တော်လှန်ရေး ၂ ခု ပေါ့။ လက်ရှိက တော်လှန်ရေးနှစ် ခုက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်ခုတည်းဖြစ်တည်ဖို့ကို အတူတကွ ကြိုးစားကြတယ်။ လက်ရှိ အခင်းအကျင်းသည် အတူတကွနီးပါးအထိကို ကျောခြင်းကပ် ရင်ခြင်းအပ်ထားတယ်ဆိုတဲ့ အခင်းအကျင်းအထိကို ရောက်လာခဲ့ပြီဖြစ်တယ်။ အခြေအနေကို ပြောရရင် တရုတ်နိုင်ငံမှ မဟုတ်ဘူး။ ကျန်တဲ့ အိမ်နီးခြင်း နိုင်ငံတွေပဲဖြစ်စေ။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေပဲဖြစ်စေ ကျွန်တော်တို့ နွေဦးတော်လှန်ရေး အင်အားစုတွေကိုပဲ ဖြစ်စေ။ လူမျိုးစု လက်နက်ကိုင်တွေကိုပဲ ဖြစ်စေ။ ဖိအားတစုံတရာ ပေးတယ်ဆိုရင် ကျွန်တော်တို့ကိုပဲ ပေးပေး။ လူမျိုးစု လက်နက်ကိုင်တွေကိုပဲ ပေးပေး ဘယ်သူ့ကိုပဲ ပေးပေး ကျွန်တော်တို့ကို ထိခိုက်မှုရှိပါတယ်။ ကျွန်တော်တို့ ခုသွားနေတဲ့ တော်လှန်ရေးသည် ခုနက ပြောတဲ့ ရေစီးကြောင်း ၂ ခု ဆုံ တယ်ဆိုတဲ့ မြစ်ကြီး တစ်ခုလိုသွားနေတာပေါ့။ အမျိုးသား တော်လှန်ရေးရော ဒီမိုကရေစီ တော်လှန်ရေးရော ၂ ခုလုံးက ဆုံပြီးတော့မြစ်ကြီးတစ်ခုလို ပုံစံမျိုးကြီး စီးဆင်းနေတဲ့ အခင်းအကျင်းမှာ အဲဒီ မြစ်ကြီးကို တားတဲ့ ဘယ်ဆည်ကာတာ ဘယ်လုပ်ရပ်မျိုးမဆို အဲဒီဟာက ကျွန်တော်တို့ အင်အားစုတွေ အသီးသီးကို အနည်းနဲ့အများ တိုက်ရိုက်ထိခိုက်မှုရှိသလို သွယ်ဝိုက်ထိခိုက်မှုရှိတယ်။ အဲဒီလိုပုံစံမျိုးနဲ့တော့ ရှိပါတယ်။
လက်ရှိ ပုံသဏ္ဍန်အားဖြင့်တော့ လက်နက်ခဲယမ်းလို့ပြောပြီဆိုရင် လက်နက်ခဲယမ်းနဲ့ သက်ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေပေါ့။ မြင်သာအောင် ပြောရရင်တော့ ဒရုန်းလို ပစ္စည်းမျိုးတွေရှိတယ်။ အဲလို ပစ္စည်းတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ ထိခိုက်တာပဲ။ အမျိုးသားတော်လှန်ရေးနဲ့ ဒီမိုကရေစီ တော်လှန်ရေးက မြစ်တစ်ခုလိုမျိုးကျောခြင်းကပ်ပြီး နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ပင်လယ်ထဲ သမုဒ္ဒရာထဲကို အတူတကွ စီးဆင်းနိုင်ဖို့က တော်လှန်ရေးရဲ့ အရေး အကြီးဆုံး နိုင်ငံရေးအရ အရေးအကြီးဆုံးအချက်ဖြစ်တယ်။ အဲဒီဟာကို အိမ်နီးခြင်း နိုင်ငံတွေက မင်းတို့ဘယ်သူနဲ့တော့ မပေါင်းနဲ့ ဘယ်သူနဲ့တော့ ပေါင်းပါဆိုပြီးတော့ ကျွန်တော်တို့ အတူတူဖန်တီးရမယ့် အတူတူ တည်ဆောက်ရမယ့် အနာဂတ် နိုင်ငံတော်သစ် အတွက်၊ နိုင်ငံရေး ဘုံရည်မှန်းချက်အတွက် တားဆီးတယ်ဆိုတဲ့ ကိစ္စမျိုးက ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် တော်တော်လေး ထိခိုက်မှု ပြင်းထန်တယ်။ ကျွန်တော်တို့ အတူပေါင်းလုပ်မှပဲ ဒီရည်မှန်းချက်ကရမှာ။ ဘယ်အဖွဲ့အစည်းကမှ ချွန်ပြီးတော့ လုပ်လို့မရဘူး။ တစ်ခုနဲ့တစ်ခုက ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ ဖြစ်တာပေါ့ ။ အဲ့လိုမျိုးဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံရေးအားဖြင့်ရော စစ်ရေးမှာ ပါဝင်ပတ်သက်နေတဲ့ ပစ္စည်းတွေပေါ့ လက်နက်၊ခဲယမ်း အစစအရာရာပေါ့ အားလုံးမှာလည်းပဲ ထိခိုက်မှုသွားရှိပါတယ်။ တိုက်ရိုက်ထိခိုက်တာနဲ့ နိုင်ငံရေးအားဖြင့်ထိခိုက်တာပေ့ါ။ အဲဒီဟာကြီးကတော့ တော်တော်ကြီးမားပါတယ်။
မေး ။ ။ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ကျောင်းသား လူငယ်တွေနဲ့ ဖွဲ့စည်းထားသလို ကိုမင်းလတ်ဥက္ကာကိုယ်တိုင်လဲ လူငယ်တစ်ယောက်ဖြစ်တော့ အခုလို မိဝေး၊ ဖဝေး အိမ်နဲ့ ဝေးနေရတဲ့ အချိန်မှာ မိသားစုကို လွမ်းတဲ့စိတ်၊ ကိုယ့်မြို့ ကိုယ့်ရွာကို လွမ်းတဲ့စိတ်တွေက ဖြစ်ပေါ်မှာပဲ။ ဒါကိုရော လူငယ်တစ်ယောက်အနေနဲ့ ဘယ်လို ကျော်လွှားနေလဲ။ တခြားသော တော်လှန်ရေး ရဲဘော်တွေကိုရော ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ ။ ။ တစ်နိုင်ငံလုံးက ကျွန်တော်တို့ လူငယ်တွေ တော်တော်များများသည် အခုလက်ရှိမှာတော့ မိဝေး၊ ဖဝေး၊ အိုးပစ်၊ အိမ်ပစ် ဘဝကို ဖြတ်သန်းနေကြရတာပေါ့။ ကျွန်တော်ကတော့ လက်ရှိအခင်းအကျင်းမှာ အိမ်ကိုလဲလွမ်းတယ်။ ကိုယ့်ရဲ့ ဌာနေ၊ ကိုယ့်ရဲ့ ချက်မြုပ်ရာဒေသတွေ၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ နေရာဒေသ အတွေ့အကြုံတွေ၊ ပတ်ဝန်းကျင်တွေကို ပြန်လိုချင်တာပေါ့။ အခုအချိန်မှာ ရှိနေတဲ့ ကျွန်တော်နဲ့ဘဝတူ တော်လှန်ရေး ရဲဘော်၊ ရဲဘက်တွေကို ပြောချင်တာက ကျွန်တော်တို့က အခုချိန်မှာ သူများကို အလင်းပေးဖို့ ကြိုးစားနေရတဲ့ဘဝပါ၊ ပြည်သူကိုကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူကို အလင်းပေးဖို့ ကြိုးစားနေရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဘဝတွေကတော့ အလောင်ကျွမ်း ခံရမှာပါပဲ။ ကျွန်တော်တို့ဘဝတွေ လောင်ကျွမ်းပြီး ထွက်လာတဲ့ မီးအလင်းရောင်နဲ့ပဲ ပြည်သူကို အလင်းပေးလို့ရမယ်။ အဲဒီဟာကိုပဲ ကျွန်တော်တို့က အမြဲတမ်း အဲ့ဒီ အိမ်လွမ်းစိတ်တွေကို ကျွန်တော်တို့ရဲ့ တာဝန်ပေါ့နော်၊ တာဝန်ကို တွေးရင်းနဲ့ပဲ ဖြေဖျောက်ပါတယ်။ ပြည်သူကို အလင်းပေးချင်ရင်တော့ ကိုယ့်ရဲ့ ဘဝတွေ လောင်ကျွမ်းခံရမယ် ဆိုတဲ့ဟာကို ပြန်တွေးပါတယ်။ ပြန်တွေးပြီးတော့ပဲ စိတ်အလိုမလိုက်မိဖို့ပေါ့၊ တာဝန်ကိုပဲ ဦးစားပေးပြီးဆောင်ရွက်ဖို့ဆိုတဲ့ စိတ်နဲ့ပဲ ဖြတ်သန်းပါတယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေအားလုံးလဲ ဒီလိုမျိုး ဖြတ်သန်းဖို့ပဲ အကြံပေးချင်တယ်။ လက်ရှိကာလမှာတော့ ဒီမျိုးဆက်က အလင်းပေးနိုင်မယ့်မျိုးဆက်ဖြစ်နိုင်အောင် အတူလုပ်ကြမယ်လို့ပဲ ပြောချင်ပါတယ်။



