ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် “ဝ”ဒေသရှိ မန်မန်ဆိုင်သတ္တုတွင်းကို ပြန်လည်ဖွင့်လှစ်တူးဖော်ရန် စီစဉ်နေပြီး အခြားသတ္ထုတူးဖော်ရေးလုပ်ငန်းများလည်း ပြန်လည်ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။
တွင်းထွက်သယံဇာတများသည် အကန့်အသတ်ရှိပြီး ပြန်လည်ဖြည့်ဆည်း၍ မရသဖြင့် တရားမဝင်နှင့် ကျပန်းတူးဖော်ရေးလုပ်ငန်းများကို တားမြစ်ခဲ့သည်နည်းတူ ကျန်သတ္တုသယံဇာတများကို ကာကွယ်ရန် ဝတပ်ဖွဲ့က ၂၀၂၃ ဩဂုတ်မှစ၍ “ဝ”ဒေသရှိ သတ္ထုတူးဖော်မှုများရပ်ဆိုင်းထားခြင်းဖြစ်သည်။
ဝတပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် ယခုနှစ် ဖေဖော်ဝါရီ ၁၀ မှစ၍ ၅ ရက်ကြာပြုလုပ်သည့် ဗဟိုလုပ်ငန်းနှစ်ချုပ်အစည်းဝေးတွင် ၂၀၂၅ တွင်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၉ ရပ်ကို အတည်ပြုခဲ့ရာ ထိုအထဲတွင် ရပ်ဆိုင်းထားသည့် မန်မန်ဆိုင်သတ္တုတွင်းပြန်လည်ဖွင့်လှစ်ရန်ပါဝင်ကြောင်း ဝတပ်ဖွဲ့သတင်းများဖော်ပြသည့် Wa News Land သတင်းတွင် ဝတပ်ဖွဲ့ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြထားသည်။
ဝတပ်ဖွဲ့ပြောခွင့်ရ ဦးညီရန်းကလည်း ဒေသစီးပွားရေးအတွက် ထိုသတ္တုတွင်းပြန်ဖွင့်ရန်စိစစ်နေကြောင်း Myanmar Now ကို အတည်ပြုသည်။
“(မန်မန်ဆိုင်သတ္တုတွင်း)ပြန်လည်ဖွင့်နိုင်ဖို့ စိစစ်မှုတွေပြုလုပ်နေတုန်းပါပဲလို့ပဲ သိရပါတယ်။ တခြားတွင်းတွေအတော်များဖွင့်ပြီ” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ကပ်လျက် တည်ရှိသည့်၊ UWSA ထိန်းချုပ်ထားသည့် “ဝ”ဒေသတွင် သံဖြူသတ္တုတူးဖော်ရေးလုပ်ငန်းများစွာရှိသည်၊ ကမ္ဘာ့အကြီးဆုံး သန့်စင်ပြီး သံဖြူကုန်ချောထုတ်လုပ်သည့် အိမ်နီးချင်း တရုတ်နိုင်ငံအတွက် အဓိကကုန်ကြမ်း ရရှိရာနေရာလည်းဖြစ်သည်။
၂၀၂၂ နှစ်အတွင်းက တရုတ်၏ သံဖြူသတ္တုရိုင်းတင်သွင်းမှု ၇၇ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ဖြစ်ပြီး၊ မြန်မာတွင်ထုတ်လုပ်သည့် သံဖြူသတ္တုရိုင်းအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ “ဝ”ဒေသမှ ထွက်ရှိကြောင်း ရိုက်တာသတင်းဌာနက တရုတ်အကောက်ခွန် အချက်အလက်များနှင့် နိုင်ငံတကာသံဖြူထုတ်လုပ်သူများအသင်း (ITA) ကို ကိုးကား၍ ရေးသားဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ သံဖြူတူးဖော်မှုကို ရပ်ဆိုင်းကြောင်း ဝတပ်ဖွဲ့၏ ဆုံးဖြတ်ချက်ကြောင့် တရုတ်နှင့် ကမ္ဘာ့သံဖြူဈေးကွက် ဂယက်ရိုက်ခဲ့သည်။
“ဝ”ဒေသတွင် ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်း ၉ ချက်တွင် နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုဆက်လုပ်ရန်၊ တရားမဝင် စီပွားရေးလုပ်ငန်းများ စိစစ်ထိန်းချုပ်ရန်၊ သဘာဝစွမ်းအင် လျှပ်စစ်ထုတ်လုပ်မှုတိုးမြှင့်ရန်၊ တရုတ်-မြန်မာ စီးပွားရေးလမ်းကြောင်း သုံးကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်နှင့် နိုင်ငံတကာဆက်ဆံရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ပါဝင်သည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးတွင် “ဝ” တပ်ဖွဲ့က ကြားနေအဖြစ်ရပ်တည်မည်ဖြစ်ကြောင်း အစဉ်တစိုက်ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် နွေဦးတော်လှန်ရေးအတူ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်များ၊ တိုင်းရင်းသား တော်လှန်ရေးတပ်များက အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေပြီး ကျောက်စိမ်း၊ ပတ္တမြား၊ ရွှေ၊ ရေနံနှင့် သတ္တုသယံဇာတထွက်ရှိသည့် ဒေသများကို သိမ်းပိုက်လာသည်။
သယံဇာတထွက်ရှိသည့် နယ်မြေများစွာ လက်လွတ်ထားရသည့် အာဏာသိမ်း စစ်ကောင်စီက တော်လှန်ရေးနယ်မြေများရှိ သယံဇာတတူးဖော်ရေးလုပ်ငန်းတွင် မပါဝင်ကြရန် ယမန်နေ့ ဖေဖော်ဝါရီ ၂၀ တွင် သတင်းထုတ်ပြန်လိုက်သည်ဦ သယံဇာတများကို တူးဖော်၍ လက်နက်ကိုင်တော်လှန်ရေး ထောက်ပံ့နေမှုများကို တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝ”ဒေသတွင် သတ္တုသယံဇာတ တူးဖော်ထုတ်လုပ်မှုသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်ပြီ ဖြစ်သော်လည်း အတွေ့အကြုံနည်းခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်မှုမရှိခြင်း၊ ဘူမိဗေဒနှင့် အကြောင်းအမျိူးမျိုးကြောင့် သတ္တုသယံဇာတ ပြုန်းတီးမှုများ ဖြစ်ပေါ်စေသည်ဟု ပြီးခဲ့သည့်ဧပြီလ ပြည်နယ်ဗဟိုစီးပွားရေးစီမံကိန်းကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



