ဆောင်းပါးအတွေးအမြင်

ပြည်လုံးမကျွတ် သန်းခေါင်စာရင်းနှင့် စစ်ကောင်စီရွေးကောက်ပွဲ လားရာ – အပိုင်း (၁)

သန်းခေါင်စာရင်းကောက်ပြီး ထုတ်ပြန်သည့် “ရှေ့ပြေးလူဦးရေစာရင်း” တွင် အချက်အလက်မှားများ ပါဝင်နိုင်သည်ဟု စစ်ကောင်စီ အခမဲ့သုံးခဲ့သည့် AI ၏ နည်းပညာကုမ္ပဏီက Myanmar Now ကို ပြောသည်။

နိုင်ငံအနှံ့ ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်ပွားကာ ထိန်းချုပ်နယ်မြေအများအပြားကို လက်လွှတ်လိုက်ရပြီး စစ်ရှုံးနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စီးပွားရေးကျဆင်းနေပါလျက် ငွေကြေးအကုန်အကျများသော၊ မအောင်မြင်နိုင်သော “ပြည်လုံးမကျွတ်” လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလလယ်အထိ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီသည် “ရှေ့ပြေးလူဦးရေစာရင်း” အစီရင်ခံစာကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ထိုအစီရင်ခံစာတွင် မြေပြင် ကွင်းဆင်းပြီး လူဦးရေစာရင်းကောက်ယူမှုကို တစ်နိုင်ငံလုံးရှိ ၃၃၀ မြို့နယ်အနက် ၁၄၅ မြို့နယ်တွင်သာ ဆောင်ရွက် နိုင်ခဲ့သည်၊ တစ်စိတ်တစ်ပိုင်း ကောက်ယူနိုင်သော ၁၂၇ မြို့နယ်နှင့် လုံးဝ မြေပြင်ကွင်းဆင်းနိုင်ခြင်းမရှိသော ၅၈ မြို့နယ်ရှိသည်ဟု ဖော်ပြထားသည်။ ရလဒ်အနေဖြင့် နိုင်ငံလူဦးရေ ၅၁.၃ သန်းကျော်ရှိကြောင်း၊ ၎င်းတို့အထဲမှ ၁၉.၁ သန်းကျော် (၃၇.၂၇%) သည် မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ခြင်းမရှိသော ဒေသများရှိ ခန့်မှန်းလူဦးရေ စာရင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

အဆိုပါ “ရှေ့ပြေးလူဦးရေစာရင်း” အစီရင်ခံစာကို Myanmar Now က လေ့လာရာတွင် အစီရင်ခံစာ နောက်ပိုင်းရှိ မြို့နယ်အလိုက် လူဦးရေကိန်းဂဏန်း ဇယားကွက်များကိုလည်း အသေးစိတ် စိစစ်လေ့လာခဲ့ပါသည်။ ထိုအခါ မြေပြင်ကွင်းဆင်းမှု လုံးဝမလုပ်နိုင်ခဲ့သော မြို့နယ်အရေအတွက်မှာ အစီရင်ခံစာ ရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ ၅၈ မြို့နယ် မဟုတ်ဘဲ၊ ၆၂ မြို့နယ်ရှိကြောင်း တွေ့ရှိရသည်။ တစ်စိတ်တစ်ပိုင်း ကောက်ယူခဲ့သော မြို့နယ်အရေအတွက်မှာ ၁၂၇ မြို့နယ် မဟုတ်ဘဲ၊ ၁၂၃ မြို့နယ် ဖြစ်သည်။

လူဦးရေသန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူနိုင်ခြင်း လုံးဝမရှိခဲ့သော မြို့နယ်များ

 ရင်းမြစ်။   ။ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေ စာရင်း

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူခဲ့သော အောက်တိုဘာလနှင့် ဒီဇင်ဘာလအကြား တော်လှန်ရေးတပ်ဖွဲ့ များ၏ မြေပြင်ထိုးစစ်ကြောင့် စစ်ကောင်စီ ထပ်မံလက်လွှတ်ဆုံးရှုံးခဲ့ရသော မြို့နယ်များ ရှိပါသည်။  သန်းခေါင်စာရင်းအချက်အလက် တစ်စိတ်တစ်ပိုင်းကောက်ယူနိုင်ခဲ့သော ကချင်ပြည်နယ်မှ ချီဗွေမြို့နယ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က လည်းကောင်း၊  ရခိုင်ပြည်နယ်မှ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့ကို အာရက္ခ တပ်တော် (AA) က လည်းကောင်း သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။   

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခဲ့မှုနှင့် နှိုင်းယှဥ်ပါက ၂၀၂၄ ခုနှစ် “ပြည်လုံးမကျွတ်” သန်းခေါင်စာရင်း ကောက်ယူမှုသည် ‘လုံးဝ’ မအောင်မြင်ခဲ့ကြောင်း သိသာထင်ရှားခဲ့သည်။ ထို့အပြင် နိုင်ငံလူဦးရေ ၁၉.၁ သန်း ကျော်ကို မြေပြင်ကွင်းဆင်းကောက်ယူနိုင်ခြင်းမရှိကြောင်း ဖော်ပြခဲ့သော “ရှေ့ပြေးလူဦးရေစာရင်း” အစီရင်ခံစာသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုမရှိတော့သည့် ဒေသများ၏ ပကတိအခြေအနေမှန်ကို ရည်ရွယ်မထားဘဲ ဖော်ပြလိုက်ခြင်း ဖြစ်သည်။  

ထို့အပြင် မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက ကောက်ယူခဲ့ဖူးသမျှ သန်းခေါင်စာရင်း လုပ်ငန်းများတွင် မကြုံဖူးသော ဖြစ်စဥ်အနေဖြင့်၊ မြေပြင်ကွင်းဆင်းနိုင်ခြင်းမရှိသော ဒေသများကို နိုင်ငံခြား ကုမ္ပဏီများထံမှ ဝယ်ယူခဲ့သော ဂြိုလ်တုမြေပုံများအသုံးပြုပြီး၊ AI (Artificial Intelligence) နည်းပညာ အကူ အညီဖြင့် ခန့်မှန်းတွက်ထုတ်ထားသည့် ၁၉.၁ သန်းကျော် လူဦးရေစာရင်း ပါဝင်နေခြင်းကြောင့် စစ်ကောင်စီ သန်းခေါင်စာရင်း ကိန်းဂဏန်းအချက်အလက်များ၏ တိကျမှန်ကန်မှုနှင့် ယုံကြည်ထိုက်မှုအပေါ် မေးခွန်းထုတ် စရာ ဖြစ်လာပါသည်။ 

၂၁ ရာစု AI နည်းပညာသုံး ထန်းတက်ဆာဗေး  

လူဦးရေသန်းခေါင်စာရင်းကောက်ယူရန် မင်းအောင်လှိုင် ပြင်ဆင်နေသည်မှာ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ကတည်းက ဖြစ်ပြီး၊ ၃နှစ်တိတိ အချိန်ယူပြင်ဆင်ဆောင်ရွက်ခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်သော ရှေ့ပြေး လူဦးရေစာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  

ထိုကာလအတွင်း တစ်နိုင်ငံလုံးရှိ လူနေအဆောက်အဦ ခြေရာများ (Building Footprints) ကို ဂြိုလ်တုပုံရိပ် များမှတစ်ဆင့် AI (Artificial Intelligence) နည်းပညာသုံးပြီး သရုပ်ခွဲဆန်းစစ်လေ့လာခြင်းတို့ လုပ်ဆောင်နေခဲ့သည် ဟု ထိုအစီရင်ခံစာက ဆိုသည်။ 

အစီရင်ခံစာတွင် “ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အခြားဥရောပရှိ Commercial Company များထံက ကြည်လင်ပြတ် သားသော High-Resolution ၀.၃၊ ၀.၅ နှင့် ၀.၈ မီတာ အရည်အသွေးရှိသည့် Up to Date ဂြိုလ်တုဓာတ်ပုံများ ကို ဝယ်ယူ၍ Microsoft ၏ Global Machine Learning Building Footprint Dataset နှင့် Mapflow AI ၏ AI-powered Tools များကိုအသုံးပြု” ပြီး အဆောက်အဦ အရွယ်အစား၊ အမျိုးအစားနှင့် အရေအတွက်အလိုက် ခန့်မှန်းလူဦးရေကို တွက်ထုတ်ခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သော ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနာတွင် စစ်ကောင်စီခန့် ဝန်ကြီး မြင့်ကြိုင်က သန်းခေါင်စာရင်း ရလဒ်နှင့်ပတ်သက်၍ “မကောက်ယူနိုင်သည့် ဒေသများတွင်ရှိသည့် လူဦးရေကို လူဦးရေပညာ၊ Remote Sensing နည်းပညာ၊ နိုင်ငံတကာအကြံပေး၏ ခန့်မှန်းတွက်ချက်မှု၊ ဌာနဆိုင်ရာစာရင်းအင်းများ စသည်တို့ကို အသုံးပြု၍ ခန့်မှန်း လူဦးရေစာရင်းကို တွက်ချက်ထားခြင်းဖြစ်ပါကြောင်း” ဟု ပြောဆိုခဲ့သည်။  

ထို့ကြောင့် စစ်ကောင်စီ အသုံးပြုခဲ့သော Mapflow.AI ကို လေ့လာခဲ့ရာ ရုရှားနည်းပညာရှင်များ ဦးဆောင်သော Geoalert ကုမ္ပဏီက ၂၀၂၁ ခုနှစ်တွင် ထူထောင်ခဲ့သည့် အွန်လိုင်းအက်ပ်ပလီကေးရှင်းတစ်ခုဖြစ်သည်ကို တွေ့ရသည်၊ အဆိုပါ AI Software ကိုသုံး၍ Geoalert သည် ရုရှားတစ်နိုင်ငံလုံးရှိ အဆောက်အဦခြေရာများကို ဂြိုလ်တုဓာတ်ပုံများမှ တစ်ဆင့် Machine Learning Algorithms သုံးပြီး အောင်မြင်စွာ တွက်ချက်နိုင်ခဲ့သည် ဟု ကုမ္ပဏီ၏ အင်တာ နက်စာမျက်နှာတွင် လေ့လာတွေ့ရှိရသည်။ 

ဂြိုလ်တုမြေပုံပေါ်တွင် အဆောက်အဦအရိပ်ကိုကြည့်ပြီး တွက်ချက်ပုံ

ရင်းမြစ်။   ။ Buildings height estimation by Alexey Trekin, Geoalert   

ထိုနည်းပညာဖြင့် စစ်ကောင်စီသည် ၎င်းဝယ်ယူထားသော ဂြိုလ်တုဓာတ်ပုံများကို အသုံးပြုပြီး ၎င်းတို့ထိန်းချုပ် စိုးမိုးနိုင်ခြင်း လုံးဝမရှိသည့် ၆၂ မြို့နယ်နှင့် တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်ထားနိုင်သော ၁၂၃ မြို့နယ်တို့ရှိ ရပ်ကွက်ကျေးရွာအလိုက် အဆောက်အဦခြေရာများ (Building Footprints) ရယူပြီး၊ အဆောက်အဦခေါင်မိုး အရေအတွက်၊ ထိုအဆောက်အဦ ခေါင်မိုးစွန်းများမှ ထွက်နေသော အရိပ်ကိုကြည့်၍လည်းကောင်း၊ နံရံအမြင့် ကို ကြည့်၍လည်းကောင်း အလျား၊ အနံ၊ အမြင့်ကို မှန်းဆတွက်ချက်ခြင်းဖြင့် အဆောက်အဦ၏ အကျယ်အဝန်း ခန့်မှန်းပြီး၊ နေထိုင်သူ အရေအတွက်ကို မှန်းဆတွက်ချက်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ 

ထိုနည်းလမ်းဖြင့် လူဦးရေ ၁၉.၁ သန်းကျော်ကို ခန့်မှန်းတွက်ချက်ခဲ့သော စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုသည် တစ်ချိန်က မြန်မာစစ်အာဏာရှင်များ၏ အမိန့်ပေးစီးပွားရေးစနစ်အောက်တွင် အလုပ်လုပ် ကြရသော ဌာနဆိုင်ရာများရှိ အရပ်သားပညာရှင်များအကြား တွင်ကျယ်ခဲ့သည် “ထန်းတက်ဆာဗေး” အသုံး အနှုန်းကို သတိရမိသည်။ 

၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်ပြီး၊ နိုင်ငံခြားသွင်းကုန်အစားထိုး ဆီထွက်သီးနှံစိုက်ပျိုးရေးစီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေဧကပမာဏ၊ သီးနှံစိုက်ပျိုးမှု အခြေအနေ၊ ဆီထွက်ရှိနိုင်မှု ခန့်မှန်းခြေတို့ကို သတ်မှတ်ချိန်အတွင်း တွက်ချက်တင်ပြခိုင်းရာ၊ ပညာရှင်များမှာ ကွင်းဆင်းအချက်အလက်ကောက်ယူရန် အချိန်မမှီသည့်အခါ ထန်းပင်ထိပ်ဖျားပေါ်တတ်၊ မျက်စိဖြင့် မြင်သမျှ စိမ်းမြနေသော စိုက်ခင်းများကို ကြည့်ပြီး၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုအခြေအနေကို ခန့်မှန်း ၍ ဆီထွက်ရှိနိုင်မည့်နှုန်း တင်ပြရခြင်းကို “ထန်းတက်ဆာဗေး” အဖြစ် ခေါ်ဝေါ်ကြသည်။

ယခုလည်း ၂၁ ရာစု နည်းပညာခေတ်တွင် ဂြိုလ်တုဓာတ်ပုံများမှတစ်ဆင့် “ခေတ်သစ် ထန်းတက်ဆာဗေး” နည်းလမ်းဖြင့် လူဦးရေ ၁၉.၁သန်းကျော်ကို ခန့်မှန်းတွက်ချက်ပြီး၊ နိုင်ငံခြားအကူအညီမပါဘဲ အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သော သန်းခေါင်စာရင်းဖြစ်ကြောင်း အစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားတွင် ဝန်ကြီး မြင့်ကြိုင်က ကြွားလုံးထုတ်ခဲ့သည်။ ထို့ကြောင့် Mapflow AI အကြောင်းနှင့် ၎င်းနည်းပညာပလက်ဖောင်းကို တည်ဆောက်ခဲ့သော ကုမ္ပဏီအကြောင်း လေ့လာတင်ပြပါမည်။

Mapflow AI ကို စစ်ကောင်စီ ဘယ်လိုအသုံးချခဲ့သလဲ

ယခုခေတ်တွင် နောက်ဆုံးပေါ် AI နည်းပညာသုံးပြီး မြို့ကြီးပြကြီးများရှိ အဆောက်အဦခြေရာများ ကောက်ယူ ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို နိုင်ငံတချို့တွင် စတင်စမ်းသပ်လုပ်ဆောင်နေသည်၊ ထိုမှတစ်ဆင့် နေရာဒေသတစ်ခု၏ ခန့်မှန်းလူဦးရေကို သိလို၍ တွက်ချက်လာကြသည်ကို တွေ့ရှိရ သည်။ ယင်းသည် လူဦးရေတိုးပွားနှုန်း ခန့်မှန်းခြင်းမျှသာ ဖြစ်၍ မည်သို့မျှပြဿနာ မရှိနိုင်ပါ။ 

သို့သော် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး တိုင်းပြည် ကသောင်းကနင်းဖြစ်နေ သော မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ကောင်စီက ရုရှားနည်းပညာရှင်များ တည်ထောင်ထားသော Geoalert ၏ Mapflow AI အက်ပလီကေးရှင်း အသုံးပြု၍ ကမ္ဘာတွင် လက်ရှိခေတ်စားနေသော AI နည်းပညာဖြင့် မြေပြင် တွင် တစ်အိမ်တက်ဆင်း လူတွေ့မေးမြန်းကောက်ယူရသည့် လူဦးရေသန်းခေါင်စာရင်းအတွက် ၃နှစ် အချိန်ယူ ပြင်ဆင်ခဲ့သည်ဟု ဆိုရာ နောက်ဆက်တွဲ စိတ်ဝင်စားစရာ မေးခွန်းများ ပေါ်ပေါက်လာပါသည်။ 

ထို့ကြောင့် Mapflow AI အက်ပလီကေးရှင်း ကို စစ်ကောင်စီ မည်ကဲ့သို ရယူသုံးစွဲခဲ့သနည်း ဆိုသည့်အချက်ကို သိရှိနိုင်ရန် Mapflow AI အက်ပလီကေးရှင်းကို ဖန်တီးခဲ့သော Geoalert ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ကုမ္ပဏီ၏ CEO Georgy Potapov ၏ ဖြေကြားချက်များက စိတ်ဝင်စားစရာ ပို၍ကောင်းလာသည်။

စစ်ကောင်စီနှင့် Geoalert အကြား မည်သည့်ဆက်ဆံရေးမှ မရှိကြောင်း သူက ဆိုသည်။

 “ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံနယ်နိမိတ်ထဲမှ ပုံမှန်မဟုတ်တဲ့ Mapflow AI အသုံးပြုကို ကျွန်တော်တို့ သတိထားမိပါတယ်။ မြန်မာအာဏာပိုင်တွေ ထုတ်ပြန်တဲ့ အစီရင်ခံစာ (ရှေ့ပြေးလူဦးရေစာရင်းကို ရည်ညွှန်းခြင်း) ထဲမှာ Mapflow AI ကို အသုံးပြုထားကြောင်း ဖော်ပြချက်ကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ပြောရရင် သူတို့နဲ့ ကျွန်တော်တို့ လုပ်ငန်းစာချုပ်သဘော ချုပ်ဆိုထားတာမျိုး မရှိသလို၊ Mapflow AI ကို အသုံးပြု ခွင့် Commercial Request လုပ်ထားတာလဲ မရှိပါဘူး။ ကျွန်တော်တို့ဘက်က မည်သည့်ဝန်ဆောင်မှုမျိုးမှ ပေးခဲ့တာ မရှိပါဘူး” ဟု Georgy Potapov က ရှင်းလင်းခဲ့ပါသည်။ 

Mapflow AI ကို သုံးရာတွင်  အခကြေး ငွေပေးရသော Paid Version ကို သုံးနိုင်သလို၊ လူတိုင်း အကောင့်ဖွင့်ပြီး အကန့်အသတ်နှင့် အခမဲ့ အသုံးပြုနိုင်သော Free Version ကိုလည်း သုံးနိုင်သည်၊ ထိုသို့ အသုံးပြုသည့်အခါ Public User Agreement ကို အသုံးပြုသူက တိတိကျကျ လိုက်နာရန် လိုအပ်သည်၊ သို့သော် စစ်ကောင်စီသည် ထိုစည်းကမ်းချက်များကို ချိုးဖောက်ခဲ့သည် ဟု Georgy Potapov က အောက်ပါအတိုင်း ဆက်လက်ရှင်းပြပါသည်။ 

“သူတို့ (စစ်ကောင်စီ) အခမဲ့သုံးနိုင်တဲ့ အကောင့် အများအပြား ဖွင့်လှစ်ခဲ့ပြီး၊ ဂြိုလ်တု ဓာတ်ပုံတွေကို ခွဲခြမ်း စိတ်ဖြာမှုတွေမှာ သုံးစွဲခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ အသုံးပြုသူများ လိုက်နာရမယ့်စည်းမျဥ်း (Terms of Use) ရဲ့ စာပုဒ် ၆.၃ ကို ချိုးဖောက်တာ ဖြစ်တယ်”

Mapflow AI သုံးစွဲသူများ လိုက်နာရမည့် Public User Agreement စာပိုဒ် ၆.၃ ဆိုသည်မှာ သုံးစွဲသူအကောင့် အများအပြား (Multiple Accounts) ဖွင့်ပြီး အသုံးပြုမှုကို တားမြစ်ထားကြောင်း စာလုံးကြီးများဖြင့် ထင်ထင်ရှားရှား ရေးသားထားသည်ကို တွေ့ရှိရသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းက သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုက သော်လည်းကောင်း ထိုစည်းကမ်းကို လိုက်နာရကြောင်း၊ သို့သော် စစ်ကောင်စီသည် အကောင့်အများအပြားဖွင့်၍ သုံးစွဲခဲ့သည်ကို ၎င်းတို့ စစ်ဆေး တွေ့ရှိခဲ့ရကြောင်း Georgy Potapov က ပြောသည်။

Public User Agreement စာပိုဒ် ၈.၄.၄ တွင် သုံးစွဲသူသည် ၎င်း၏ ဝါဒဖြန့်ချိရေးပစ္စည်းအဖြစ် နည်းလမ်းတစ်ခုခုဖြင့် သုံးစွဲခြင်းကို တားမြစ်ကြောင်း ဖော်ပြထားသည်၊ သို့သော်လည်း စစ်ကောင်စီ၏အစီရင်ခံစာတွင် Mapflow AI အမည်ကို သုံးစွဲဖော်ပြထားသဖြင့် စစ်ကောင်စီက ထိုအချက်ကို ချိုးဖောက်ခြင်းရှိမရှိ မေးမြန်းခဲ့ရာ “ဒီမေးခွန်းကို ဥပဒေ ပညာရှင်များ ဖြေဆိုတာပဲ ကောင်းပါလိမ့်မယ်” ဟု Georgy Potapov က တုံ့ပြန်ခဲ့ပါသည်။  

 “Mapflow AI ရဲ့ Free Version က ဂြိုလ်တုဓာတ်ပုံတွေကို ခွဲခြမ်း စိတ်ဖြာနိုင်စွမ်း ကန့်သတ်ထားသလို၊ အချက်အလက်သိမ်းဆည်းနိုင်မှု (Data Storage) ကိုလည်း ကန့်သတ် ထားပါတယ်။ ဒီလို လူဦးရေစာရင်းကောက်ယူတဲ့ စီမံကိန်းမျိုးက Team Account ဖွင့်ပြီးမှ သုံးရတာပါ။ မြန်မာနိုင်ငံက ဒီလူဦးရေစာရင်းကောက်ယူမှုနဲ့ သက်ဆိုင်တဲ့ Spam-like Accounts တွေ အများအပြား ဖွင့်ထားတာကို ကျွန်တော်တို့ စစ်ဆေးတွေ့ရှိရပြီး၊ အဲ့ဒီအကောင့်တွေဟာလည်း လူဦးရေစာရင်း ကောက်ယူရာမှာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနနဲ့ ဆက်စပ်နေတာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် တနည်းနည်းနဲ့ ဆက်စပ်နေပါလိမ့်မယ်” ဟု Georgy Potapov က အသေးစိတ် ရှင်းပြခဲ့သည်။

“ဒါ့အပြင် သူတို့ (စစ်ကောင်စီ) အသုံးပြုခဲ့တဲ့ ဂြိုလ်တုဓာတ်ပုံတွေကို ကျွန်တော်တို့ စစ်ဆေးကြည့်တဲ့အခါ Google Map က ပုံတွေနဲ့ အတူတူပဲ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သုံးသပ်နိုင်တာက သူတို့  Google ကနေ အဲ့ဒီ ဂြိုလ်တုဓာတ်ပုံတွေကို Download ရယူပြီး၊ Mapflow AI မှာ အသုံးပြုခဲ့ခြင်း ဖြစ်ပါ တယ်။ Department of Population က အဲ့ဒီ ဂြိုလ်တုဓာတ်ပုံတွေ ဝန်ဆောင်မှုပေးသူရဲ့ စည်းမျဥ်းစည်းကမ်း (Terms of Service) ကို တိုက်ရိုက်ချိုးဖောက်တဲ့ အထောက်အထားကိုတော့ မတွေ့ရဘူး၊ ဒါပေမယ့် အဲ့ဒီ ဌာနက တရားဝင် အကောင့်ဖွင့်ပြီး သုံးစွဲနေတာလည်း မတွေ့ရဘူး ဆိုတော့ spam accounts အများအပြား ဖွင့်ပြီး သုံးစွဲခဲ့တာဟာ သူတို့နဲ့ ပတ်သက်မှုရှိနေတယ်လို့ ယူဆနိုင်ပါတယ်”

Georgy Potapov ထပ်မံရှင်းပြသည့်အချက်က စစ်ကောင်စီ၏ ရှေ့ပြေးလူဦးရေစာရင်း၏ တိကျမှန်ကန်မှု အရည်အသွေးနှင့် ဆက်စပ်နေပါသည်။ 

Google Map ပုံရိပ်များကို Mapflow AI အသုံးပြုပြီး စစ်ကောင်စီက ခန့်မှန်းလူဦးရေ တွက် ချက်ခြင်းမှာ အားနည်းချက်ရှိကြောင်းလည်း သူက ထောက်ပြဝေဖန်ခဲ့သည်။

“အဲ့ဒီ အစီရင်ခံစာ (ရှေ့ပြေးလူဦးရေစာရင်းကို ရည်ညွှန်းခြင်း) ကို ကျွန်တော်တို့ Mapflow မှာ လုပ်ဆောင်နေတာတွေနဲ့ နှိုင်းယှဥ်လေ့လာကြည့်တဲ့အခါ၊ သူတို့က အဆောက်အဦတွေ ရှိတဲ့ နယ်မြေဒေသ အများစုကို ထုတ်နုတ်ပြီး၊ အဲ့ဒီအဆောက်အဦတွေမှာ နေထိုင်ကြတဲ့ အိမ်ထောင်စုတွေရဲ့ ပျှမ်းမျှလူဦးရေကို တွက်ချက်ထုတ်ယူကြတာ တွေ့ရတယ်။ သူတို့ လုပ်ပုံလုပ်နည်းမှာ မတိကျမှုတွေ အမြောက် အများ ရှိနေပါတယ်။ ဒါကြောင့် အစီရင်ခံစာမှာ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေလိမ့်မယ် လို့ ကျွန်တော် ပြောနိုင်ပါတယ်” ဟု သူက ပြောသည်။

စင်စစ် Mapflow AI သည် နယ်မြေဒေသဧရိယာတစ်ခုအတွင်းရှိ အဆောက်အဦခြေရာ ဂြိုလ်တုဓာတ်ပုံများကို ရယူပြီး အဆောက်အဦအရေအတွက်ကို တွက်ချက်ပေးသော AI ဆော့ဗ်ဝဲလ် ဖြစ်ပြီး၊ လူဦးရေစာရင်းတွက်ချက် ပေးသော ဆော့ဗ်ဝဲလ်အမျိုးအစား မဟုတ်ကြောင်း လေ့လာတွေ့ရှိရသည်။ 

Mapflow AI ကို ဖန်တီးခဲ့သော Geoalert ကို ဦးဆောင်သူ နည်းပညာရှင်များ 

Mapflow AI အက်ပလီကေးရှင်းကို တည်ဆောက်ခဲ့သော Geoalert ကုမ္ပဏီ ထူထောင်ခဲ့သူများ အကြောင်းကိုလည်း လေ့လာခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် Geoalert ကို စတင်ထူထောင်ခဲ့သူများမှာ ရုရှားလူမျိုး နည်းပညာရှင်များဖြစ်သည်၊ လက်ရှိတွင် Geoalert Inc. ကို အမေရိကန်ပြည်ထောင်စုတွင် မှတ်ပုံတင်ထားပြီး၊ တရားဝင် လိပ်စာမှာ 651 N Broad St, Suite 201, Middletown, DE 19709, USA ဖြစ်ပါသည်။ 

ရုရှားနည်းပညာရှင်များ၊ ၎င်းတို့၏ကုမ္ပဏီများနှင့် ဆက်စပ်အင်စတီကျူးရှင်းများ

         ရင်းမြစ်။   ။ Geoalert AI, Mapflow.AI & Skoltech AI

Geoalert ကို ဦးဆောင်သူများတွင် Chief Executive Officer (CEO) မှာ Georgy Potapov ဖြစ်ပြီး  Chief Technology Officer (CTO) Alexey Trekin နှင့် Chief Operation Officer (COO) Vladimir Ignatiev တို့ ပါဝင်သည်။ ၎င်းတို့ ၃ဦးသည် Moscow Institute of Physics and Technology (MIPT) ကျောင်းထွက် နည်းပညာရှင်များ ဖြစ်ကြကြောင်း တွေ့ရှိရသည်။ 

Georgy Potapov သည် ၂၀၀၇ ခုနှစ်တွင် Kosmosnimki အမည်ရ ရုရှား GIS (Geographic Information System) ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး၊ Google Earth ကဲ့သို့သော Geomixer အမည်ဖြင့် ရုရှားဂြိုလ်တုမြေပုံ အက်ပလီကေးရှင်း ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းသည် မော်စကိုမြို့ရှိ Skolkovo institute of Science and Technology ၏ Skoltech AI တွင် အကြီးတန်းသုတေသန အင်ဂျင်နီယာအဖြစ် ယနေ့အချိန်ထိ လုပ်ကိုင်လျက် ရှိကြောင်း Skoltech AI ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။ 

ထို့အတူ Vladimir Ignatiev နှင့် Alexey Trekin တို့သည် MIPT မှ ၂၀၁၂ ခုနှစ် တစ်နှစ်တည်းအတူတူ ကျောင်း ပြီးခဲ့သော PhD ဘွဲ့ရများဖြစ်ပြီး၊ Skoltech AI တွင် ၂၀၁၇ ခုနှစ်မှစ၍ အတူတူ အလုပ်ဝင်ခဲ့ကြောင်း တွေ့ရှိရ သည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် တစ်ကျောင်းတည်းထွက်၊ လုပ်ငန်းခွင်တစ်ခုတည်း လုပ်ကိုင်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။ ၂၀၂၁ ခုနှစ်တွင် Mapflow AI ကို အတူတကွ ထူထောင်ခဲ့ကြသည်။ 

Geoalert သည် ရုရှားနိုင်ငံမှ Startup နည်းပညာကုမ္ပဏီငယ်များကိုလည်း အကူအညီပေး လျက်ရှိပြီး၊ အနည်း ဆုံး ၃ နိုင်ငံမှ စီမံကိန်းများတွင် ၎င်းတို့၏ နည်းပညာအင်ဂျင်နီယာများက အဝေးမှ အလုပ်လုပ်ကိုင်နေကြသည် ဟု CEO Georgy Potapov က Myanmar Now ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ သို့သော် မည်သည့် နိုင်ငံများ ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့ခြင်း မရှိပါ။  

မြန်မာစစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့၏ နီးကပ်သောဆက်ဆံရေးနှင့် ရုရှားသည် စစ်ကောင်စီကို စစ်လက်နက် ပစ္စည်းများနှင့် စစ်ရေးနည်းပညာများ အဓိကရောင်းချနေသော နိုင်ငံ ဖြစ်ခြင်း၊ Geoalert ကုမ္ပဏီကို ဦးဆောင်နေသော နည်းပညာရှင် ၃ဦးလုံးသည် ရုရှားလူမျိုးများဖြစ်ခြင်းနှင့် ရုရှားနိုင်ငံ၏ AI နည်းပညာနှင့်ဆက်နွယ်သော လုပ်ငန်း နယ်ပယ်တွင် ပါဝင်ပတ်သက်မှုရှိပါကြောင်း CEO Georgy Potapov ကိုယ်တိုင် ဖြေကြားခဲ့ခြင်း စသည့် ဆက် စပ်မှုများကြောင့် Myanmar Now ၏ သံသယကို ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့ပါသည်။

ထိုအခါ Georgy Potapov က မြန်မာ နှင့် ရုရှားအကြား ၎င်းတို့ကုမ္ပဏီအနေဖြင့် မည်သို့မျှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါသည်။

ခြုံငုံသုံးသပ်တွေ့ရှိချက်များအရ စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခဲ့မှု ရလဒ်များကို “ရှေ့ပြေးလူဦးရေစာရင်း” အဖြစ် ထုတ်ပြန်ခဲ့ရာ နိုင်ငံလူဦးရေသည် ၅၁.၃ သန်းကျော်ရှိပြီး၊ မြေပြင်ကွင်းဆင်း အချက်အလက်ကောက်ယူနိုင်ခြင်းမရှိသော လူဦးရေ ၁၉.၁ သန်း (လူဦးရေ၏ ၃၇.၂၇%) အထိ အများအပြား ပါဝင်နေခြင်းကို တွေ့ရှိရသည်။ 

ထိုလူဦးရေစာရင်းကို ခန့်မှန်းတွက်ချက်ရာတွင် Google Map မှ ဂြိုလ်တုဓာတ်ပုံများကို Mapflow AI ဆော့ဗ် ဝဲလ် အသုံးပြုပြီး လုပ်ဆောင်ခဲ့သည်၊ Mapflow AI ကို အခမဲ့သုံးစွဲခွင့်ပြုထားခြင်းကို အသုံးချ၍ သုံးစွဲသူ လိုက်နာရမည့် စည်းကမ်းချက်များ (Terms of User) ကို ချိုးဖောက်ပြီး စစ်ကောင်စီက သုံးစွဲသူအကောင့် အများအပြားဖွင့်လှစ်ပြီး လုပ်ဆောင်ခဲ့သည်၊ ထို့အပြင် စစ်ကောင်စီ၏ အစီရင်ခံစာကို နည်းပညာကုမ္ပဏီက စိစစ်လေ့လာသည့်အခါ မှားယွင်းသော အချက်အလက် အမြောက်အများပါဝင်နိုင်သည်ဟု Geoalert ကုမ္ပဏီ၏ CEO က Myanmar Now ကို ဖြေကြားခဲ့သည်။ ထိုကြောင့် “ရှေ့ပြေးလူဦးရေစာရင်း” အစီရင်ခံစာကို အသေးစိတ် လေ့လာပြီး ပြည်လုံးမကျွတ်သန်းခေါင်စာရင်းနှင့် စစ်ကောင်စီရွေးကောက်ပွဲ လားရာ အပိုင်း (၂) ကို ဆက်လက် တင်ပြသွားပါမည်။ 

ဆက်စပ်ဖတ်ရှုရန် ဆောင်းပါးများ

မဲစာရင်း သို့မဟုတ် မင်းအောင်လှိုင် လိုရာသုံး ဂျိုကာ ဖဲတစ်ချပ် – Myanmar Now

သန်းခေါင်စာရင်း သို့မဟုတ် မင်းအောင်လှိုင်၏ အာဏာဆွဲဆန့်ရေးစီမံကိန်း – Myanmar Now

စစ်ရှုံးနေသော မင်းအောင်လှိုင်၏ ရွေးကောက်ပွဲထွက်ပေါက်နှင့် ဆင်ခြေအမျိုးမျိုး – Myanmar Now

Show More

Related Articles

Back to top button