သတင်း

NUG ၏ စဉ့်ကူးမြို့ကို လေတပ် ဗုံးကြဲ၊ အမျိုးသမီး တစ်ဦးသေဆုံး

သုံ့ပန်းများရှိသည့် မန္တလေးတိုင်း စဉ့်ကူးမြို့ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် စခန်းအနီး စျေးဝယ်နေသူ အမျိုးသမီး သေဆုံးသွားသည်၊ ယခင်လ အလားတူတိုက်ခိုက်မှုတွင်လည်း အမျိုးသမီး တစ်ဦး သေဆုံးသည်။

မန္တလေးတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့ကို စစ်ကောင်စီလေတပ်က ယနေ့  (မတ်လ ၄ ရက်) နံနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသည်ဟု ကနဦးစုံစမ်းသိရှိရသည်။

စဉ့်ကူးမြို့၏အရှေ့ဘက် ၅ မိုင်ခန့်အကွာ လက်ပန်လှကျေးရွာ၊ ရုံးပင်ကုန်းရပ်ကွက်ရှိ  ရဲစခန်းကို စစ်လေယာဉ်တစ်စီးက ဗုံးကြဲချရာ သေဆုံးသူမှာ ရဲစခန်းအနီး ကွမ်းပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် ဈေးဝယ် နေသူ အမျိုးသမီး ဖြစ်သည်၊ နောက်ဆက်တွဲ သေဆုံးမှု ရှိလာနိုင်သည်ဟု  စဉ့်ကူးမြို့မှ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

“ကနဦးသိရတာ အပြင်ကဈေးဝယ်နေတဲ့ပြည်သူတစ်ဦးပဲ။ ရဲဘော်တွေလည်း ထိတယ်။ အတိအကျ တော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

ထိုရဲစခန်းတွင် စစ်သုံ့ပန်းများနှင့်တရားခံများကို  ချုပ်နှောင်ထားသဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့လည်း ရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် အဆိုပါရဲစခန်းအတွင်းမှ တရားခံများ၊ စစ်သုံ့ပန်းများကို နေရာ ရွှေ့နေပြီး ရှင်းလင်းရေးများလုပ်ဆောင်နေကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်အမျိုးသားက ပြောသည်။

“အကုန်လုံးပတ်ချာလည်ပိတ်ချပြီး ရှင်းလင်းရေးတွေလုပ်နေတယ်။ ထိခိုက်တာတွေက စာရင်းကို မရသေးဘူး”ဟု သူက ဆိုသည်။

“ဗုံးအရင် ကြဲချပြီးတော့ လေယာဉ်နဲ့ နှစ်ပတ်သုံးပတ်ပတ်ပြီးတော့ စက်သေနတ်နဲ့ ထပ်ပစ်တယ်။ လက်ပန်လှရဲစခန်းထဲကိုပဲ ဒဲ့ကျတာ၊ အဲ့ဒီရဲစခန်းက ရဲဘော် အများကြီး မရှိဘူး။ အချုပ်သားတွေ များတာ”

လက်ပံလှရွာသားတစ်ဦးက ရဲစခန်းပေါ် ဗုံးတိုက်ရိုက်ကျရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ 

ထိုစခန်းတွင် အချုပ်သားနှင့်တော်လှန်ရေးရဲဘော် အရေအတွက် မည်မျှရှိသည်ကို မသိရသေးပေ။ 

ယမန်နှစ် ဇူလိုင် ၈ ရက်နေ့က လက်ပန်လှရဲစခန်းရှေ့တွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ 

စစ်တပ်ဝါဒဖြန့်စာမျက်နှာများတွင် စဉ့်ကူးမြို့လက်ပန်လှရဲစခန်းကို ယနေ့တွင် လေကြောင်းမှ တိုက် ခိုက်လိုက်သည်၊ တော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြားသေဆုံးနိုင်သည်ဟု ရေးသားထားကြသည်။

စဉ့်ကူးမြို့ကို NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) က ထိန်း ချုပ်ထားရာ  ဗုံးကြဲခံရမှု နောက်ဆက်တွဲအခြေအနေ ပိုမို သိရှိ ဖော်ပြနိုင်ရန်  Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

လက်ပန်လှရဲစခန်းတွင်  ဒေသတော်လှန်ရေးတပ်ဖွဲ့များ ရှိသောကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်သည် ဟု ဒေသခံအမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါစဉ့်ကူးမြို့၊ လက်ပန်လှကျေးရွာကို  လေတပ်က ဖေဖော်ဝါရီ ၁၈ ရက်နေ့ ည ၁၀း၄၀  ခန့်ကလည်း ဗုံးကြဲခဲ့သေးသည်။

ထိုစဉ်က စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်မှ အခြေခံပညာ အလယ်တန်းကျောင်း အနီးရှိ နေအိမ်ပေါ်သို့ ဗုံးကျရာ  ၄၃ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး မစန်းစန်းမွန် ဆိုသူ သေဆုံးသွားသည်၊ ဦးခေါင်း ဒဏ်ရာရသွားကြသူတို့မှာ ၂ နှစ်သမီး တစ်ဦးနှင့် ၅၃ နှစ်အရွယ်  ဦးခင်မောင်မြင့်တို့ ဖြစ်သည်ဟု သိရသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် ၅၄ မိုင်ကွာဝေးသည့် စဉ့်ကူးမြို့ နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ယမန်နှစ် ဇူလိုင် ၁၇ ရက်နေ့ကတည်းက ယနေ့အချိန်ထိ တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်သည်။

စဉ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်ရန် ယမန်နှစ် ဇူလိုင်လကုန်အတွင်း ရေကြောင်းမှ အပြင်းအထန် ကြိုး ပမ်းခဲ့သော်လည်း အထိအခိုက်များဖြင့် ဆုတ်ခွာခဲ့ရသော စစ်ကောင်စီသည် ဩဂုတ်လဆန်းမှ စတင်၍  လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်ခံရမှုများအတွင်း  အရပ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

စဉ့်ကူးမြောက်ဘက် သပိတ်ကျင်းမြို့နယ် လက်ကျန် စစ်ကောင်စီ ၃ တပ် အတွင်း နှင့် တောင်ဘက် မတ္တရာမြို့နယ်တွင် MDY-PDF နှင့် ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ပြင်းထန်နေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ဖေဖော် ဝါရီလအတွင်း စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သား ၁၀၆ ဦး သေဆုံးခဲ့ရာ ထိုအထဲတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇၈ ဦး ပါဝင်သည်။ 

ယမန်နှစ် စက်တင်ဘာလအတွင်းက တွေ့ရသော စဉ့်ကူးမြို့တစ်နေရာ။ (ဓာတ်ပုံ- မိုးဦး/Myanmar Now)

Show More

Related Articles

Back to top button