သတင်း

KNU နယ်မြေများတွင် လေတပ်တိုက်ခိုက်မှုကြောင့် အရပ်သားများ အထိနာ

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်း ဗုံးကြဲမှုများတွင် စစ်ရှောင်များ၊ အမျိုးသမီးများ သေဆုံးပြီး သံဃာများ ဒဏ်ရာရသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ပဲခူးတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လှုပ်ရှားနယ်မြေတွင် လေတပ်တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားနေသဖြင့် အရပ်သားများ ထိခိုက်သေဆုံးသည်၊   စာသင် ကျောင်းများ၊ ဘာသာရေးအဆောက်အဦ၊ လူနေအိမ်များ ပျက်စီးနေသည်ဟု ဒေသခံတို့က ပြောကြသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၅၀ ကျော်အကွာ   ရေတာရှည်မြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များနယ်မြေစိုးမိုးသော ကျေးရွာများ  လေကြောင်း တိုက်ခိုက်ခံရစဉ်  ရဟန်း ၁ ပါး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး  ဒေသခံရာဂဏန်းခန့်လည်း ထွက်ပြေးနေရသည်။

ယင်းနေ့ ညနေ ၄ နာရီခန့်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ  ဂူကြီးကျေးရွာကို စစ်လေယာဉ်တစ်စီးက ပစ်ခတ်စဉ် ထိခိုက်သွားသူဘုန်းကြီးမှာ  သက်တော် ၅၀ ကျော်အရွယ် ဖြစ်သည်ဟု စစ်တောင်းမြစ်ဝှမ်း-ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒဏ်ရာကတော့ ဗိုက်က၊ ဘေးစောင်း၊ အရိုးကိုလည်းထိတယ်၊ ကလီစာတော့ ထိခိုက်မှုမရှိဘူး၊ နောက် တစ်ချက်က လည်ပင်းဘေးပေါ့၊ အသက်အန္တရာယ်တော့ မရှိခဲ့ပေမယ့် လည်ပင်းဆိုတော့ စိုးရိမ်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရဟန်း ရေတာရှည်နှင့် တောင်ငူဆေးရုံများသို့ ရောက်သွားကြောင်း၊ နောက်ဆုံးတွင်  နေပြည်တော်သို့ ရောက်သွားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ရေတာရှည်မြို့မြောက်ဘက်  ၁၆ မိုင်ကျော်အကွာ ပိတောက် ကုန်းကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲရာ နေအိမ် ၄ လုံးခန့် ပျက်စီးသွားသည်၊ ဒေသခံအများစုရွာမှ  တိမ်းရှောင်နေကြသဖြင့် ထိခိုက်သူ မရှိခဲ့ဟု ဆိုသည်။

ဗုံးကြဲချိန်တွင် ရွှေ့ပြောင်းစနစ်ဖြင့် နေထိုင်ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထို၂ ရွာအတွင်း  ရှိမနေကြောင်း   စစ်တောင်းမြစ်ဝှမ်း-ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ခိုက်မှုများကြောင့် အိုးမြေတူး၊ ရေတာရှည်လေး၊ စည်ပိုင်း၊ ရှမ်းစု၊ ရွာသစ် စသော ၅ ရွာထက်မနည်း ကျေးရွာများမှ  ဒေသခံရာနှင့်ချီ  ရေတာရှည်မြို့နှင့် မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း အသက် ၃၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ စပြောင်းနေကြပြီ၊ စားမေးပွဲတွေပြီးရင် တိုက်ပွဲတွေ ပြင်းထန်မယ်လို့ ကြားတာလည်းပါတယ်၊ လက်လုပ်လက်စား၊ မပြောင်းနိုင်တဲ့သူတွေကတော့ တိုက်ပွဲဖြစ်ပြီဆို မဖြစ်တဲ့ရွာ သွားနေကြရမှာပေါ့” ဟု ၎င်းက ဆိုသည်။

မတ် ၁ ရက်က ဖားအံမြို့နယ် ဗုံးကြဲမှုအတွင်း တွေ့ရသော လက်နက်အပိုင်းအစများ။ (ဓာတ်ပုံ- KNU)

နိုင်ငံအလယ်ပိုင်းရှိ ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်းတောင်တန်းများကြားတွင် တည်ရှိပြီး စစ်ရေးအရ အချက် အချာကျသော စစ်တောင်းမြစ်ဝှမ်းဒေသတွင် ခြေကုပ်ရယူနိုင်ရန် တော်လှန်ရေးအင်အားစုက ကြိုးပမ်း နေရာ စစ်ကောင်စီတပ်နှင့် အမြဲလိုလို တိုက်ပွဲများဖြစ်ပွားနေသည်။

တောင်ငူ-ရေတာရှည်-ဆွာ စသည့်မြို့နယ်တို့သည်  KNU  တပ်မဟာ (၂) လှုပ်ရှားနယ်မြေ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF ကလည်း ထိုဒေသတွင် KNU နှင့် ပူးပေါင်းလှုပ်ရှားနေသည်။

KNU လှုပ်ရှားနယ်မြေများတွင်  ကရင်၊ မွန်၊ တနသာ်ရီ၊ ပဲခူးတိုင်းအရှေ့ခြမ်းတို့ ပါဝင်နေသည်။

KNU နယ်မြေ တိုက်ခိုက်ခံနေရ

စစ်ကောင်စီက KNU  နယ်မြေများရှိ ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်း၊ လူနေကျေးရွာ များကို ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်တို့သုံးပြီး တိုက်ခိုက်နေမှုကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း  KNU က  သတင်းထုတ်ပြန်တတ်သည်။

KNUအဆင့်မြင့်အရာရှိတစ်ဦးက စစ်ကောင်စီသည် ရွာထဲတွင် တော်လှန်ရေးတပ်များ နေထိုင်သည် ဟူသောယူဆချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘုန်းကြီးကျောင်းတွေကို တိုက်တာက ကျွန်တော်တို့လူတွေရှိတာလည်း ရှိတယ်လေ။ သွားခိုတာမျိုး လည်း ရှိတယ်။ စစ်တိုက်တဲ့အခါမှာ ပစ်တာတစ်ယောက်၊ ထိတာတစ်ယောက် အဲဒီလိုမျိုးလည်းရှိပါတယ်။ တမင်ရည်ရွယ်ချက်နဲ့ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ကို တိုက်တယ်လို့ ကျွန်တော်မမြင်ပါဘူး။ ကျွန်တော့်ရဲ့အမြင်ပါ” ဟု ၎င်းက ဆိုသည်။

“တကယ်ကလည်း ခိုလို့ကောင်းတာက ဘုရားရှိခိုးကျောင်းတွေ ၊ ဘုန်းကြီးကျောင်းတွေပဲဖြစ်နေတယ်။ အဲဒီတော့ ယုန်ထောင်ကြောင်မိ အဲဒီလိုမျိုးဖြစ်သွားတာလည်း ရှိမှာပေါ့။ လူထုကတော့ ဒုက္ခဖြစ်တာပေါ့” စစ်ကောင်စီတပ်က  တိုက်ခိုက်ခံရသောနေရာများကို လက်တုံ့ပြန် ဗုံးကြဲခြင်း ဖြစ်သည်ဟု  ၎င်းက ယူဆသည်။

“တမင်ရည်ရွယ်ချက်နဲ့ လေကြောင်းတိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ ဌာနချုပ်တွေက ၄၅ မိနစ်အတွင်း ကုန်မှာပဲ။ လက်ရှိအခြေအနေပေါ့။ အခုထိတော့ သူ (စစ်ကောင်စီ)ဘက်က အဲဒီလို ကျင့်သုံးတာ မတွေ့သေးဘူး။ ဖြစ်တဲ့နေရာကို ပြန်တုံ့ပြန်တာပဲများတယ်။ တကယ်သာ စစ်ဌာနချုပ်နဲ့ ဗဟိုဌာနချုပ်ကိုသာ ဗုံးကြဲမယ်ဆိုရင် ပေါင် ၅၀၀ ၊ ၄ လုံး ၊ ၃ လုံးလောက်နဲ့ဆို ကိစ္စပြတ်ပြီ” ဟု သူက ဆိုသည်။

စစ်ကောင်စီကမူ အရပ်သားများကို ပစ်မှတ်ထားခြင်း မရှိကြောင်း ရံဖန်ရံခါ သတင်းထုတ်ပြန်တတ်သည်။

မတ် ၁ ရက်နေ့ နံနက် ၆ နာရီခန့်က ဖားအံမြို့နယ်၊ မဲသနကျေးရွာနှင့် ထီးကျော်ခီးကျေးရွာအနီးတဝိုက်ကို လေယာဉ်က ဗုံးကြဲခဲ့ရာ နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းတို့ ထိမှန်ပျက်စီးခဲ့သည်။ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ၊ မုန်းမြို့လေကြောင်းတိုက်ခိုက်မှုတွင်   စစ်ရှောင်များဖြစ်ကြသော နော်ပိတောက်ဝါ (၂၅ နှစ်) သေဆုံး၊ စောသန်းလွင်ထွန်း (၂၇ နှစ်)  ဒဏ်ရာ ရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အတွင်း ၂ နေရာ၊ ဘီးလင်းမြို့နယ်အတွင်း ၁ နေရာ လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ရှိရာ ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့  လေကြောင်းတိုက်ခိုက်မှု တွင် ၄၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သည်။

ယင်းနေ့မှာကပင် ကော့ကရိတ်မြို့နယ်၊ ပန်းအောင် (တိုခေါဖူး) ကျေးရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကျောင်းထိုင်ဆရာတော်၊ ဦးဇင်း ၁ ပါး၊ ကိုရင် ၁ ပါး၊  ၅ နှစ် အရွယ် မိန်းကလေးနှင့် အခြား ၄ ဦး ဒဏ်ရာရခဲ့ရသည်။

အရပ်သား ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုကို မှတ်တမ်းတင်နေသည့်  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ဖေဖော်ဝါရီလအတွင်း အရပ်သား ၁၀၆ ဦး  အသတ်ခံထားရသည်၊ ထိုအထဲမှ  ၇၈ ဦးမှာ  လေကြောင်း တိုက်ခိုက်မှုကြောင့်၊ ၁၅ ဦးမှာ  လက်နက်ကြီးပေါက်ကွဲမှုဒဏ် ကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု သိရသည်။

ကော်ကာကျေးရွာ၊ပိန္နဲကုန်းကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သော ဘုရားတစ်ဆူ။ (ဓာတ်ပုံ-KNU)





Show More

Related Articles

Back to top button