ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ နေပြည်တော် PDF စစ်ကြောင်းမှူး ၁ ဦး ကယန်းပြည်သစ် တပ်မတော်နယ်မြေ၌ အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့ (မတ် ၁၉ ရက်) နှစ်ဖက်ကိုယ်စားလှယ် များဆွေးနွေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်း မှ စစ်ကြောင်းမှူး အသက် ၄၅ နှစ်အရွယ် ရဲဘော်ကိုစိုင်း ယခုလအတွင်း သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ၎င်း၏ အလောင်းကို ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာ၌ မတ်လ ၁၃ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“နှစ်ဖက်ကြားအခြေအနေကတော့ ဒီနေ့ မနက်မှာ လူကြီးချင်းတွေ့ဆုံကြတာတော့ အဆင်ပြေပါတယ်” ဟု ဆွေးနွေးမှုအကြောင်းသိသည့် အထက်ပါအမျိုးသားက ဆိုသည်။
မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်၊ မည်သို့ ဆုံးဖြတ်ခဲ့သည်ကို လတ်တလော မသိရသေး ပေ။
ပြီးခဲ့သည့် မတ် ၃ ရက်နေ့က ရဲဘော်ကိုစိုင်းကို ကယန်းပြည်သစ်တပ်မတော်၊ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံရန်ဟု ဆိုကာ ကယန်းပြည်သစ်၊ အမှတ် (၆) မြို့နယ် ဒုတပ်မဟာမှူး ဖိုးခွား က လာရောက်ခေါ်ဆောင်သွားသည်ဟု နေပြည်တော်တိုင်းစစ်ဌာနက မတ်လ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထို့နောက် ရဲဘော်ကိုစိုင်း ပြန်ရောက်ရှိမလာသေးသဖြင့် မတ်လ ၇ ရက်နေ့ တွင် စာထုတ်အကြောင်းကြား သော်လည်း ကယန်းပြည်သစ်ဘက်က အကြောင်းမပြန်ကြောင်း၊ တိုင်းစစ်ဌာနတာဝန်ရှိသူများက တွေ့ဆုံရန်ကြိုးစားသော်လည်း ကယန်းပြည်သစ်ဗဟိုကော်မတီဘက်က တွေ့ဆုံဖြေရှင်းမှုမရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
၁၀ ရက်အကြာ မတ်လ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကယန်းပြည်သစ် နယ်မြေအတွင်း နှိပ်စက်သတ်ဖြတ်ခံထားရသော ရဲဘော် ကိုစိုင်း၏အလောင်း ပြန်တွေ့ခဲ့ရကြောင်း နေပြည်တော်တိုင်းစစ်ဌာနဘက်က ဆိုသည်။
Myanmar Now က ရရှိထားသည့် ကိုစိုင်း၏ ရုပ်အလောင်းဓာတ်ပုံတွင်မူ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ တစ်ခုတွေ့ရပြီး မျက်နှာတစ်ခုလုံးညိုမည်းနေကာ ဘယ်ဘက် တံတောင်ဆစ်အောက်ဘက်လည်း ညို မည်းနေကြောင်းတွေ့ရသည်။
ရဲဘော်ကိုစိုင်းအသတ်ခံရမှုနှင့် ပတ်သက်၍ ၃ ရက်အတွင်း တာဝန်ယူဖြေရှင်းရန်အပါအဝင် ၊ အမိန့်ပေး စေခိုင်းသူနှင့် ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာ အရေးယူရန် နေပြည်တော်တိုင်းစစ်ဌာနက တောင်းဆိုထားသည်။
ယခုဖြစ်စဉ်သည် တော်လှန်ရေးအသိုင်းအဝိုင်းအပေါ် ခြိမ်းခြောက်မှုဟု တိုင်းစစ်ဌာနက ဆိုပြီး တော်လှန် ရေးမဟာမိတ်အဖွဲ့များအနေနှင့် သမာသမတ်ကျစေရေး ဝိုင်းဝန်းကူညီရန်လည်း ပြောထားသည်။
ကယန်းအမျိုးသားရေးလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကယန်းပြည်သစ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာတွင် ဌာနချုပ်အခြေစိုက်ထားပြီး အနီးဝန်းကျင် ကရင်နီဒေသထဲတွင် NGU ၏ အလယ်ပိုင်းတိုင်းစစ်ဒေသအောက်မှ တပ်များ အခြေချလှုပ်ရှားသည်။
နေပြည်တော်တိုင်းစစ်ဌာနသည် အလယ်ပိုင်းတိုင်းစစ်ဒေသထဲ ပါဝင်ကာ နေပြည်တော် PDF စစ်ကြောင်း များ၊ ဖယ်ခုံနှင့်မိုးဗြဲအခြေစိုက် PDF တပ်များလည်း အခြေချလှုပ်ရှားနေကြသည်။
အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး ကယန်းပြည်သစ်တပ်မတော်နှင့်နေပြည်တော် PDF တာဝန်ရှိသူများ ထံ Myanmar Now က မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

သတ်ဖြတ်မှုဖြစ်ရသည့်အကြောင်း
ကယန်းပြည်သစ်တပ်မတော်၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ကယန်းပြည်သစ်ပါတီ (KNLP) နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား နှစ်ဘက်အသိပေးသဘောတူထားသည့် အချက်တချို့ရှိသည်ဟု ကယန်းပြည်သစ်နှင့် နီးစပ်သူများက ပြောသည်။
အဆိုပါအချက်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EAO) ဒေသတွင် စစ်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာEAO နှင့် ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ လုံးဝမလုပ်ရ ဆိုသည့်အချက် ပါဝင်ကြောင်း ဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးအဆိုအရ ပြီးခဲ့သည့်ရက်များ အတွင်း ပျဉ်းမနားစစ်ကြောင်း၏ စစ်ဆင်ရေးတစ်ခုအတွင်း နယ်မြေရှင်းလင်းရေးလိုက်ပါဆောင်ရွက်သည့် ကယန်းပြည်သစ်တပ်ဖွဲ့ဝင်များ အထိအခိုက် ဖြစ်ခဲ့သည်ဟု သိရသည်။
“ကိုစိုင်းတို့အဖွဲ့က တောင်မြင့်မှာရှိတဲ့ စကစကို သွားပစ်တာ။ ပစ်ပြီး ပြန်ဆုတ်လာတဲ့လမ်းမှာ မိုင်းထောင်ခဲ့ တယ်။ ပွဲပြီးတော့ ကယန်းပြည်သစ်အဖွဲ့က နယ်မြေရှင်းလင်းရေးလိုက်လုပ်ရင်းနဲ့ ကိုစိုင်းတို့အဖွဲ့နောက်ကို လိုက်တာ သူတို့ မိုင်းထိသွားတယ်” ဟု အထက်ပါရင်းမြစ်က ဆိုသည်။
မတ်လ ၃ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ် တောင်မြင့်ရွာ၌ ကိုစိုင်းတို့အဖွဲ့ ထောင်သည့် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုအတွင်း ကယန်းပြည်သစ်မတော်မှ ဗိုလ်လေးအဆင့်ရှိ တပ်စုမှူး ၁ ဦးသေ၍ ၃ ဦးဒဏ်ရာရခဲ့သည်။
အဆိုပါကိစ္စဖြေရှင်းရန် ကယန်းပြည်သစ်က ကိုစိုင်းအား သွားခေါ်စဉ် သတ်ဖြတ်မှုဖြစ်ခြင်း ဖြစ်ကြောင်း ကယန်းပြည်သစ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံ PDF အပါအဝင် PDF တပ်ရင်းတချို့ကို ကယန်းပြည်သစ်တပ်မတော် ထိန်းချုပ်နယ်မြေတွင် အခြေစိုက်ခွင့်ပြု ခဲ့သော်လည်း နောက်ပိုင်းတွင် လက်မခံခဲ့ပေ။
ကယန်းပြည်သစ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ပလောင်းတစ်ဝိုက်နှင့် ကယား (ကရင်နီ) ဒီးမော့ဆိုမြို့နယ်တွင် အခြေချလှုပ်ရှားသည်။

ထို့ကြောင့် PDF များသည် ကရင်နီတော်လှန်ရေးတပ်များအခြေစိုက်သည့် ကရင်နီပြည်နယ်အတွင်းပိုင်းဒေသသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ကြသည်။
အပစ်အခတ်ရပ်စဲခဲ့ပြီး၊ အခြားအပစ်ရပ်အဖွဲ့များကဲ့သို့ ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုသည့် တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တွင် မပါဝင်ခဲ့သော်လည်း ၂၀၂၁ နောက်ပိုင်း စစ်တပ်နှင့် တိုက်ပွဲ မရှိပေ။
သို့ရာတွင် ယမန်နှစ် အောက်တိုဘာလတွင် ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသော ကယန်းအမျိုးသားတပ်မတော် (KNA) သည် ကယန်းပြည်သစ်၏ ပံ့ပိုးမှုရှိသည့်တပ်ဖြစ်ကြောင်း ကရင်နီပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်များက ပြောကြသည်။
လတ်တလောတွင် ကယန်းပြည်သစ်တပ်မတော်နှင့် နေပြည်တော်တိုင်းစစ်ဌာနအကြား ဆက်ဆံရေး တင်းမာနေကြသည်။
လက်နက်ကိုင်တပ်များအကြား ပွတ်တိုက်မှုများ၊ ဆက်ဆံရေးတင်းမာမှုများ ရှိတတ်ကြပြီး မကြာသေး ခင်က ကချင်တပ် (KIA) နှင့် တအာင်းတပ် (TNLA) တို့အကြား ထိုးကြိတ်ရိုက်နှက်မှုများ ရှိခဲ့၍ ဗဟိုအဆင့်မှ တွေ့ဆုံ၍ နှစ်ဖက်ဖြေရှင်းရန် ကြိုးစားနေကြသည်။
NUG တပ်များနှင့် ဒေသကာကွယ်ရေးအဖွဲ့များအကြား ဆက်ဆံရေးတင်းမာ၍ စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်သတ်ဖြတ်မှုများရှိခဲ့သလို ချင်းတော်လှန်ရေးတပ်အချင်းချင်းလည်း တိုက်ပွဲများဖြစ်၍ လူသေဆုံးမှု ဖြစ်ထားသည်။



