သတင်း

စစ်ကောင်စီ စစ်ရှုံးနယ်မြေ ၆ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စံချိန်တင်ကျဆင်း

စာသင်ကျောင်းများ ဗုံးကြဲခံရမည့်အန္တရာယ် ရှိခြင်း၊ စစ်သားသစ် စုဆောင်းနေခြင်း၊ စစ်ကောင်စီ၏ ပညာရေးစနစ်ကိုဆန့်ကျင်ခြင်းတို့ကြောင့် စာမေးပွဲဖြေဆိုသူဦးရေနည်းသွားသည်ဟု အကဲခတ်များက ဆိုသည်။

တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ ထိန်းချုပ်နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးထားသည့် ဒေသများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ စံချိန်တင်ကျဆင်းသွားကြောင်း စစ်ကောင်စီထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိပြီး ကျောင်းသားစုစုပေါင်း ၂၂၀,၈၄၃ ဦးစာရင်းသွင်းထားကာ ယမန်နေ့ တက္ကသိုလ်ဝင်စာမေးပွဲ ပထမဆုံးနေ့ မြန်မာဘာသာဖြေဆိုသူ ၂၀၈,၈၈၉ ဦးရှိသည်ဟု  ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါဝင် ထိန်းချုပ်နယ်မြေအများအပြားလက်လွတ်ဆုံးရှုံးခဲ့ရသည့် ရခိုင်၊ ရှမ်း(မြောက်)၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် စစ်ကိုင်းတိုင်းတွင် ယမန်နေ့ မြန်မာစာဖြေဆိုသူကျောင်းသား ၂၁,၃၁၉ ဦးသာရှိ‌သည်ဟု ထိုစာရင်းများအရ သိရသည်။  ထိုပမာဏသည် တနိုင်ငံလုံးစုစုပေါင်းအရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့်သာဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်သည့် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်၊ ရှမ်း(မြောက်)၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဖြေဆိုသူ ၇၅,၈၁၀ ရှိပြီး ယခုနှစ်တွင် ဖြေဆိုသူ ၂၁,၃၁၉ ဦးရှိသဖြင့် စုစုပေါင်းဖြေဆိုသူ ၇၂ ရာခိုင်နှုန်း ကျဆင်းသွားသည်။ 

ထိုဒေသများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူကျဆင်းသွားခြင်းမှာ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများကျယ်ပြန်လာခြင်းကြောင့်ဖြစ်သည်ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ထို့အပြင် စစ်တပ်၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်ရခြင်း၊ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။

“စစ်တပ်ကပြုလုပ်တဲ့ စာမေးပွဲတွေကို လာရောက်ဖြေဆ်ိုဖို့ စိတ်မဝင်စားကြတာလဲပါပါတယ်။ နောက်တစ်ချက်က စစ်တပ်ရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူမြင်ကွင်းကိုတောင် မထွက်ရဲကြပါဘူး။ စာသင်ခန်းတွေကိုလဲရှောင်ကြပါတယ်။ တချို့ဆိုရင်ပြည်ပကို ထွက်ပြေးသွားကြရပါတယ်” ဟု ၎င်းက ပြောသည်။

“ကျောင်းသားအများစုဟာ အကြောင်းကြောင်းကြောင့် ကျောင်းသင်ခန်းစာတွေနဲ့ဝေးနေကြတာကြာပါပြီ။ စာမေးပွဲဖြေဖို့အဆင်သင့်မဖြစ်ကြပါဘူး”

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပထမဆုံးကျင်းပသည့် ၂၀၂၂ စာမေးပွဲတွင် ရခိုင်ပြည်နယ်တွင် ဖြေဆိုသူ ၄၁,၇၅၅ ဦးရှိပြီး ယခုနှစ်တွင် ၁,၅၆၄ ဦးရှိသည်။ စစ်တွေနှင့် ကျောက်ဖြူတွင် ပိတ်မိနေသည့် ကျောင်းသားအနည်းငယ်သာဖြေကြောင်းလည်း သိရသည်။

အရက္ခတပ်တော်(AA)သည် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ လွဲ၍ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားသည်။

“ရခိုင်မှာ အာရက္ခတော်လှန်ရေးအစိုးရက သူတို့သိမ်းပိုက်အုပ်ချုပ်ထားတဲ့ နယ်မြေတွေမှာ ကျောင်းသား လူငယ်တွေ ပညာရေးနဲ့ကင်းကွာမသွားအောင် အာရက္ခပညာရေးကိုဖော်ဆောင်နေပါတယ်။ ပညာသင်ကြားတာတွေ စာမေးပွဲစစ်တာတွေကို လုပ်ဆောင်နေပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စာသင်ကျောင်းများကို ဗုံးကြဲမည့်အန္တရာယ် ရှိတတ်သဖြင့် ကျောင်းသူကျောင်းသားများ တောတွင်း သစ်ပင်ရိပ်အောက်တွင် စာမေးပွဲဖြေနေကြကြောင်း KIC သတင်းဌာနက ဓာတ်ပုံနှင့်တကွ ရေးသား ဖော်ပြထားသည်။

စင်စစ်အားဖြင့် စစ်တပ်အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီဖွင့်သည့် ကျောင်းများကို မတက်တော့ဘဲ ဆန့်ကျင်သပိတ်မှောက်သူများရှိသလို နိုင်ငံအနှံ့တိုက်ပွဲများကြောင့် စာသင်ကျောင်းနှင့်ဝေးကွာခဲ့သည့် ကျောင်းသားများစွာရှိနေသည်။

စစ်အာဏာမသိမ်းမီ ၂၀၂၀ တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်စာရင်းပေးသူ ၉၇၁,၂၆၆ ဦးရှိခဲ့ပြီး အာဏာသိမ်းပြီး ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် စာမေးပွဲလေးကြိမ်အတွင်း စားရင်းသွင်းသူ ၈၅၉,၃၁၄ ဦးသာ ရှိရာ လေးနှစ်ပေါင်းလျှင်ပင် အာဏာမသိမ်းမီ ၂၀၂၀ ဖြေဆိုသူထက် နည်းနေသည်။

စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းကို ယနေ့အချိန်ထိ သပိတ်မှောက်ထားဆဲဖြစ်ကြောင်း မန္တလေးမြို့မှ တက္ကသိုလ်ဝင်တန်းကျောင်သားတစ်ဦး၏ အမည်မဖော်လိုသူ မိဘတစ်ဦးက ပြောသည်။

“စစ်ကောင်စီ ဖွင့်တဲ့ကျောင်းမှာ မတက်ပါဘူး။ NUG ဖွင့်တဲ့ အွန်လိုင်းသင်တန်းကျောင်းမှာ တက်နေတယ်။ NUG က ဖွင့်တဲ့အွန်လိုင်းကျောင်းတွေမှာ ဝင်ဖြေလို့ရမဲ့အခွင့်အရေးက အရင်ကဆို ဆယ်တန်းပေါ့၊ အခုတော့ G12ပေါ့။ အဲ့ဒါအောင်ရင်နောက်ထပ်ဆက်တက်လို့ရမဲ့ ကျောင်းတွေရှိတယ်” ဟု ၎င်း၏ သားဖြစ်သူပညာရေးအခြေအနေနှင့်ပတ်သက်၍ ပြောသည်။ 

တိုက်ပွဲရှိတတ်သည့် ဒေသများတွင် ပုံမှန်ကျောင်းများမဖွင့်နိုင်သလို အရွယ်ရောက်လာသည့် လူငယ်များသည် တော်လှန်ရေးထဲဝင်ရောက်ကြသဖြင့် စာမေးပွဲဖြေဆိုသူကျဆင်းလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အချို့ကျောင်းသားမိဘများသည် ပညာသင်ခွင့်တစ်နှစ်ဆုံးရှုံးခြင်း၊ ကလေးငယ်များ စိတ်လေနိုင်ခြင်း တို့ကြောင့် ယခုနောက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်သည့် ကျောင်းများတွင် ပြန်လည် အပ်နှံလာကြောင်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာနက အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများကို ဖွင့်လှစ်သင်ကြားပေးနေသည်။

BECA ဟုခေါ်သည့် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းကို အွန်လိုင်းမှ ၃ ကြိမ်တိုင် ကျင်းပခဲ့ပြီး ကျောင်းသားကျောင်းသူပေါင်း ၅၀,၀၀၀ ကျော်ကို အောင်လက်မှတ်များထုတ်ပေးခဲ့ကြောင်း NUG အစိုးရ ပြောခွင့်ရ ဦးကျော်ဇော်က ယနေ့ မတ် ၁၈ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်းအစီစဉ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။


Show More

Related Articles

Back to top button