ပဲခူးတိုင်း အရှေ့ပိုင်း ကျောက်တံခါးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၃) လက်အောက်ခံ တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ယနေ့( မတ်လ ၂၆) ရက် နံနက် ၂ နာရီတွင် ဝင်တိုက်ခဲ့ကြောင်း PDF တပ်ရင်းများထံမှသိရသည်။
ကျောက်တံခါးမြို့အရှေ့မြောက်ဘက် ၂ မိုင်ကျော်အကွာ စဉ့်အိုးလဟာရွာရှိ စစ်ကောင်စီစခန်းကို တပ်မဟာ (၃) လက်အောက်ခံ KNLA တပ်ရင်း (၉) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ ဗျူဟာ (၂၅) ၏ တပ်ရင်းများက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
စဉ့်အိုးလဟာရွာရှိ စစ်ကောင်စီစခန်းသည် ရန်ကုန်-မန္တလေးအမှတ် (၂) ကားလမ်းနှင့် ရထားလမ်းဖြတ်သန်းရာ ကျောက်တံခါးမြို့ကို ကာကွယ်ထားသည့် စစ်ကောင်စီ၏ အဓိက စစ်စခန်း ၂ ခုအနက် တစ်ခုဖြစ်သည်။

အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ပျူစောထီးများ အထိုင်ချထားပြီး စုစုပေါင်းအင်အား ၅၀ ခန့်ရှိကြောင်း PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ထံမှသိရသည်။
စစ်ကောင်စီစခန်းကို ညအချိန်ချည်းကပ်တိုက်ခိုက်ကြသည့် တိုက်ပွဲသည် ၄ နာရီကျော်ကြာမြင့်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် PDF ဖာပွန်ခရိုင် တပ်ရင်း (၁) ခေါ် Spring Warriors စစ်ကြောင်းက မတ်လ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စခန်းကို ၇၀ ရာခိုင်နှုန်းအထိ တော်လှန်ရေးတပ်များက စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ တပ်ပြန်ဆုတ်လာခဲ့ကြောင်း Spring Warriors စစ်ကြောင်း တာဝန်ရှိသူက Myanmar Now ကိုပြောသည်။
“ကျွန်တော်တို့လဲ စခန်းကို ၇၀ ရာခိုင်နှုန်း လောက်ထိပဲ သိမ်းနိုင်သေးချိန်မှာ စကစက လေယာဉ် ဟောင်ဝစ်ဇာတွေရော မစ်ဇိုင်းတွေပါသုံးတော့ ဆက်တိုးဖို့ အရမ်းအန္တရယ်များလာတဲ့အတွက် ပြန်ဆုတ်လာခဲ့ရပါတယ်” ဟု Spring Warriors စစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။
တိုက်ပွဲအတွင်း ကျောက်တံခါးမြို့တောင်ဘက် ပိန်းဇလုပ်မြို့ရှိ စစ်ကောင်စီ၏ ခလရ (၂၆၄) က ဟောင်ဝဇ်ဇာအမြောက်ဖြင့် ပစ်ခတ်ခြင်း ၊ စိန်ပြောင်းဖြင့် ပစ်ခတ်ခြင်းအပြင် အတွဲလိုက်ပစ်သည့် ဒုံးကျည်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း Spring Warriors စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
၄ နာရီကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးသွားသည်ကို မျက်မြင်တွေ့ရပြီး ပူးပေါင်းတပ်များဘက်တွင်လည်း ထိခိုက်မှုရှိကြောင်း Spring Warriors စစ်ကြောင်းက ဆိုသည်။
Spring Warriors စစ်ကြောင်းမှ ရဲဘော်တစ်ဦးသည် ဦးခေါင်းကို ကျည်ထိမှန်ခဲ့သော်လည်း ကျည်ကာဦးထုပ်ဆောင်းထားသဖြင့် အသက်မသေခဲ့ကြောင်း ယင်းစစ်ကြောင်းထံမှသိရသည်။
ပဲခူးတိုင်းအရှေ့ပိုင်းအခြေစိုက် PDF များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း စဉ့်အိုးလဟာရွာကို တော်လှန်ရေးတပ်များဝင်စီးနင်းကြစဉ် စစ်ကောင်စီ၏ နေရာအများစုအား တော်လှန်ရေးတပ်များ သိမ်းနိုင်သော်လည်း ဘန်ကာတစ်ခုသည် လက်နက်မချဘဲ ခုခံတိုက်ခိုက်ခဲ့ကြောင်း Myanmar Now ကိုပြောသည်။
တိုက်ပွဲသည် အချိန်ကြာလာပြီး မိုးလင်းခါနီးလာသဖြင့် တော်လှန်ရေးတပ်များက နောက်ပြန်ဆုတ်ခဲ့ရကြောင်း ပဲခူးတိုင်းအရှေ့ပိုင်းအခြေစိုက် PDF များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“စကစဘက်ကလည်း လေယာဉ်တွေလာနေတာကလည်း တစ်ကြောင်းပေါ့။ အလင်းရောင်ပွင့်လာရင် တော်လှန်ရေးတပ်တွေအတွက်က ဆုတ်လမ်းကမသာဘူး။ လယ်ကွင်းတွေကို ဖြတ်ပြီးဆုတ်ရမယ့် အခြေအနေဖြစ်တော့ မိုးမလင်းခင်မှာ ပြန်ဆုတ်လာခဲ့ကြတာ” ဟု ၎င်းကဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G-3 ရိုင်ဖယ်သေနတ်တစ်လက်ရခဲ့သော်လည်း လက်နက်အများစုကိုမူ တော်လှန်ရေးတပ်များဘက်က မကောက်ယူနိုင်ခဲ့ကြောင်း PDF များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပဲခူးတိုင်းအရှေ့ပိုင်းအခြေစိုက် တော်လှန်ရေးတပ်များသည် ရန်ကုန်-မန္တလေး အမှတ် (၂) ကားလမ်း ၊ ရထားလမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းအား ထိန်းချုပ်နိုင်ရန် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ စစ်ဆင်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။
စစ်ကောင်စီတပ်ကလည်း ရန်ကုန်-မန္တလေး အမှတ် (၂) ကားလမ်းနှင့် ရထားလမ်း မကျစေရေးအတွက် လမ်းတစ်လျှောက်တွင် တပ်ဖွဲ့များနေရာချ၍ ခုခံနေသည်။
ပဲခူးတိုင်းအရှေ့ပိုင်းတွင် တော်လှန်ရေးတပ်များက စစ်ကောင်စီစခန်းကို တိုက်ခိုက်နေသလို ပဲခူးတိုင်းအနောက်ပိုင်း မင်းလှမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) လက်အောက်ခံ တပ်ခွဲ (၂) မှ ရဲဘော်များက မတ်လ ၂၁ ရက် နံနက် ၁ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုသည် ၂ နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း ၊ စစ်ကောင်စီတပ်ထံမှ ကာဘိုင်သေနတ်တစ်လက် သိမ်းနိုင်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) က မတ်လ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင် ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲများဖြစ်နေကြောင်း AA ထံမှသိရသည်။
ပန်းတောင်းမြို့နယ်တိုက်ပွဲတွင် NUG လက်အောက်ခံ ပြည်ခရိုင်တပ်ရင်းအချို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း Myanmar Now ၏ သတင်းရင်းမြစ်အချို့က ဆိုသည်။
ဆက်စပ်သတင်းလင့်ခ်
၁။ https://www.facebook.com/share/p/1BvBrPFgDN/



