စီးပွားရေးသတင်း

ကျောက်ဖြူရေနက်ဆိပ်ကမ်း အတိုင်ပင်ခံအဖြစ် ကနေဒါကုမ္ပဏီ ဆက်ရှိနေ

ကနေဒါအစိုးရက ဗိုလ်ချုပ်ကြီးများကို ပိတ်ဆို့ထားချိန် ကနေဒါကုမ္ပဏီက ရခိုင်ပြည်နယ်ရှိ စီမံကိန်းတွင် ဆက်လက်ပါဝင်နေသည်၊ စီမံကိန်းရှေ့ဆက်လိုပါက AA နှင့် မဖြစ်မနေဆွေးနွေးရန်လိုအပ်လာမည် ဖြစ်သည်။

တရုတ်၏ ဒေါ်လာဘီလျံချီစီမံကိန်းကြီးဖြစ်သည့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကနေဒါအခြေစိုက် HATCH ကုမ္ပဏီက စီမံကိန်းအတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေပြီး ကန်ထရိုက်တာများရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆက်လက် အကြံပေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်နှင့် စောင့်ကြည့်သူများထံက သိရသည်။

ကနေဒါအစိုးရက အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများကို အရေးယူပိတ်ဆို့ထားချိန် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်နေသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ကနေဒါကုမ္ပဏီက ဆက်လက်ပါဝင်နေခြင်းဖြစ်သည်။

ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းများပါဝင်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် တရုတ်အစိုးရပိုင်လုပ်ငန်းကြီးဖြစ်သည့် CITIC ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားပြီး ရေနက်ဆိပ်ကမ်းအတွက် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်က ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာခိုင်နှုန်းထည့်ဝင်မည်ဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကနဦးပထဝီ  မြေမျက်နှာသွင်ပြင်ဆိုင်ရာတိုင်းတာစစ်ဆေးခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (ESIA)တို့ကို ကြီးကြပ်ရန် ၂၀၁၉ မေတွင် CITIC နှင့် ကနေဒါ  HATCH ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့သည်၊ အာဏာသိမ်းပြီးနောက် ဆက်လက်လုပ်ကိုင်ဆဲဖြစ်သည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်နှင့် စောင့်ကြည့်သူများထံက သိရသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် လုပ်ငန်းအကောင်အထည်ဖော်မှုမရှိသေးကြောင်း တရုတ်စီမံကိန်းကြီးများကို လေ့လာစောင့်ကြည့်နေသည့် ကျောက်ဖြူဒေသခံ ဦးထွန်းကြည်က ပြောသည်။ 

“လက်ရှိအချိန်ထိက  CITIC နှင့် HATCH က ရှိနေတယ်။ ဒါပေမယ့်လည်း မြေပြင်မှာကလည်း အကောင်အထည်ဖော်ဆောင်မှုအပိုင်းက အခုချိန်ထိ ဘာမှမလုပ်ရသေးဘူးလေ။ လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင်၊ စစ်အုပ်စုအပေါ်မှာ ဒီကနေဒါနိုင်ငံရဲ့ ပိတ်ဆို့မှုနောက်ကွယ်မှာ ကနေဒါကုမ္ပဏီဖြစ်တဲ့ HATCH အနေနဲ့ဆက်ပြီးပါဝင်လာဦးမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းပြီးနောက် ရေနက်ဆိပ်ကမ်းစီမံကိန်းစတင်ရန် သဘဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (ESIA)အတွက် CITIC နှင့် HATCH ကုမ္ပဏီတို့က Myanmar Survey Research (MSR) Consortium အမည်ရ ကုမ္ပဏီကို ရွေးချယ်ခဲ့သည်။ 

MSR ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်လှိုင်သည် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ကျောက်ဖြူ SEZ စီမံကိန်း တင်ဒါရွေးချယ်ရေးကော်မတီဝင်ဟောင်းဖြစ်သည်။  ၎င်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ကနဦးပြန်လည်ဖွဲ့စည်းသည့် ကျောက်ဖြူ SEZ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ  ဦးမြင့်သိန်းနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကြောင်း Myanmar Now က သတင်းဖော်ပြပြီး  ဖြစ်သည်။

ရဲမှူးချုပ်ဟောင်း ဦးမြင့်သိန်းသည်  ဦးသိန်းစိန်လက်ထက်တွင် အလုပ်သမားနှင့် လူမှုဖူလုံရေး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့တွင် ဒုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထိုရေနက်စီမံကိန်းရှေ့ဆက်လိုပါက ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်(AA) နှင့် မဖြစ်မနေဆွေးနွေးရန်လိုအပ်မည်ဖြစ်ကြောင်း တရုတ်စီမံကိန်းကြီးများကို လေ့လာစောင့်ကြည့်နေသည့် ကျောက်ဖြူဒေသခံ ဦးထွန်းကြည်က ပြောသည်။ 

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် ၃ ခုကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျန်မြို့နယ်များကို AA က သိမ်းပိုက်ထားသည်။ တရုတ်စီမံကိန်းကြီးများရှိရာ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို AA က ဆင်နွဲနေပြီး နယ်မြေထိန်းချုပ်သူအပြောင်းအလဲကြောင့် စီမံကိန်းရှေ့ဆက်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ဦးထွန်းကြည်က ပြောသည်။ 

“မြို့သိမ်းတိုက်ပွဲစနေပြီးဆိုတော့ ထိန်းသိမ်းတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့။ ဆိုတော့ အဲ့ဒီဧရီယာရဲ့ တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးအကုန်လုံးက အာရက္ခတပ်တော်ကပဲ ဆက်ပြီးတော့ အကောင်အထည်ဖော်ရမယ့်သဘောမှာ ရှိတဲ့အခါကျတော့ သူတို့သီးသန့်ညှိနှိိုင်းမှု လာပြီးမှာတော့ ဒီပရောဂျက်စလို့ရမယ်လို့ နားလည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရေနက်ဆိပ်ကမ်းသည် တရုတ်ကို ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းလည်းဖြစ်သည်။ ထို့အပြင် ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသည်။ 

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အောင်မြင်စွာအကောင်အထည်ရန် စစ်ကောင်စီက စီစဉ်နေပြီး တရုတ်နိုင်ငံ CITIC ကုမ္ပဏီနှင့် ၎င်းတို့ ထူထောင်ဖွဲ့စည်းသည့် Kyauk Phyu SEZ Consortium တို့ နီးနီးကပ်ကပ် ပူးပေါင်းရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

ကျောက်ဖြူရေနက်စီမံကိန်းဒီဇိုင်း (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

Show More

Related Articles

Back to top button