ကျားဖြန့်ဂိုဏ်းများက ငွေကြးခဝါချရန် မှတ်ပုံတင်အတုဖြင့် ဖွင့်ခဲ့သည့် ထောင်နှင့်ချီသော ဘဏ်စာရင်းများကို ပြည်တွင်းဘဏ်များက ခွင့်ပြုထားကြောင်း လောက်ကိုင်ကျားဖြန့် စစ်ဆင်ရေးဦးဆောင်သူ စစ်ကောင်စီဝန်ကြီးနှင့် ထိပ်တန်းစစ်ဗိုလ်ချုပ် ဒုဗိုလ်ချုပ်ကြီးရာပြည့် က ဝန်ခံခဲ့သည်။
အွန်လိုင်းလိမ်လည်မှု၊ ကျားဖြန့်ရာဇဝတ်ဂိုဏ်းများ၏ ငွေကြေးအလွှဲအပြောင်းဟု သံသယရှိသည့် ထောင်နှင့်ချီသော ဘဏ်မှတဆင့်ငွေလွှဲမှု( Bank Transaction) များကို မှုခင်းရဲတပ်ဖွဲ့ (CID) ထံပေးပို့ စစ်ဆေးခဲ့သော်လည်း ၂ မှုမှ ၃ မှုအထိကိုသာ ခြေရာခံနိုင်ခဲ့သည်ဟု ၎င်းက ဝန်ခံခဲ့သည်။
“တချို့အပိုင်းတွေက ဖော်ထုတ်လို့မရဘူး၊ CID ကို ကျနော်တို့က ပို့လိုက်တယ်၊ CID ကို ပို့တဲ့အခါမှာ အမှုပေါင်းထောင်နဲ့ချီမှာ ၂ မှု၊ ၃ မှုလောက်ပဲ ဖော်ထုတ်နိုင်တယ်”
“…(ဘဏ်မှာစာရင်းဖွင့်ထားတဲ့အထောက်အထား) အားလုံးကအတုတွေ၊ မှတ်ပုံတင်အတု၊ လိုင်စင်အတု၊ အကုန်လုံးအတုတွေနဲ့ ဆောင်ရွက်ထားတာတွေ့ရတယ်။ လိပ်စာအတု၊ သွားစစ်ရင်အတု” ဟု ၎င်းက ပြောသည်။
ဒုဗိုလ်ချုပ်ကြီးရာပြည့်သည် ‘ငြိမ်းချမ်းရေးစကားဝိုင်း’ ဟု အမည်ပေးထားသည့် နေပြည်တော်တွင် ၃ ရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲ နောက်ဆုံးနေ့ မတ်လ ၂၆ ရက်နေ့တွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ်စာရင်းအတုများကို တားဆီးရန်အတွက် လုံခြုံရေးအဆင့်မြှင့်တင်ခြင်းကို မြန်မာနိုင်ငံ၏အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်တစ်ခုတည်းသာ စတင်ဆောင်ရွက်နေပြီး ကျန်ဘဏ်များက ‘ကြိုးစားတုန်းရှိသေးတယ်’ ဟုလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီထိန်းချုပ်ဗဟိုဘဏ်တွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်ရှိပြီး ၎င်းတို့ထဲတွင် စစ်တပ်ပိုင် အင်းဝနှင့်မြဝတီဘဏ်တို့လည်းပါဝင်သည်။

ဒုဗိုလ်ချုပ်ကြီးရာပြည့်သည့် စစ်ဗိုလ်ချုပ် ၉ ဦး နှင့် အရပ်သား ၇ ဦးပါဝင်သည့် စစ်ကောင်စီတွင် အဆင့် ၉ နေရာတွင် ရှိသည့် ထိပ်တန်းစစ်ဗိုလ်ချုပ်ဖြစ်သည်။
သူသည် ၂၀၂၃ သြဂုတ်မှ ၂၀၂၅ ဇန်နဝါရီလအထိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးတာဝန်ယူထားသည်။
စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးအဖြစ်ရှိနေစဉ် မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်အခြေစိုက် ကိုးကန့် နှင့် တရုတ်ကျားဖြန့်ဂိုဏ်းများအား နှိမ်နှင်းသည့်စစ်ဆင်ရေးကို ကြီးကြပ်ခဲ့သည့် စစ်ကောင်စီ၏ အဆင့်အမြင့်ဆုံးအရာရှိဖြစ်သည်။
တရုတ်အစိုးရသည် ထိုစစ်ဆင်ရေးဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ရာပြည်ကို ပြီးခဲ့သည့်နှစ်က တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၏အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် Golden Great Wall Commemorative Medal ဆုကို ပေးခဲ့သည်။
လောက်ကိုင်အခြေစိုက် ကျားဖြန့်ဂိုဏ်းများကို မြန်မာစစ်တပ်နှင့်ပေါင်းကာ ဖြိုခွဲသည့် စစ်ဆင်ရေးသည် အောင်မြင်ခဲ့ပြီး သံသယတရားခံ ၃၁,၀၀၀ ကျော်ကို မြန်မာဘက်မှ လက်ခံရရှိခဲ့ကြောင်းလည်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ကြေညာခဲ့သည်။
၎င်းတို့ထဲတွင် ကြံ့ခိုင်ရေးအမတ်ဟောင်းများနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် များလည်းပါဝင်သည်။
မြန်မာစစ်တပ်ဘက်တွင် ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် စစ်ဘက် အရာရှိများသည် လောက်ကိုင်အခြေစိုက်ကျားဖြန့်ရာဇဝတ်မှုများကြောင့် ဖမ်းဆီးထောင်ချခံထားရသည်။
- အမေရိကန်သက်ကြီးပိုင်းကို ပစ်မှတ်ထားခဲ့သူ ကျားဖြန့်ဝန်ထမ်းဟောင်းနှင့် ဆက်သွယ်မေးမြန်းခြင်း
- ကျားဖြန့် သို့မဟုတ် နည်းပညာမြင့် စွမ်းအားရှင် အွန်လိုင်းသူခိုးကြီးများ
- ရွှေကုက္ကို သို့မဟုတ် လူ့ငရဲခန်းများရှိရာအရပ်
ကျားဖြန့်ဂိုဏ်းများသည် ရန်ကုန်၊ မန္တလေးနှင့် ထိုင်းနယ်စပ်မြဝတီတို့တွင် ဆက်လက် လှုပ်ရှားနေကြောင်းလည်း ဗိုလ်ချုပ်ရာပြည့်က ဆိုသည်။
စစ်ကောင်စီသည် တရုတ်ဖိအားကြောင့် ထိုင်းနယ်စပ်မြဝတီအခြေစိုက် ကျားဖြန့်ဂိုဏ်းများကို ဆက်လက် ဖြိုခွဲနေသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၂၇ ရက်နေ့အထိ မြဝတီတွင် ကျားဖြန့်သံသယဖြင့် နိုင်ငံခြားသား ၈,၆၇၀ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့အနက်မှ ၆,၁၆၃ ဦးအား ထိုင်းမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့လိုက်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၅၀၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်သည်ဟု ဆိုသည်။



