သတင်း

“ကယ်ဆယ်ရေးတွေလည်းမလောက်ဘူး၊  မနိုင်မနင်းဖြစ်နေတုန်းပဲ” ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ထိမြင့်တက်လာ 

အင်အားပြင်းငလျင်အပြီး မန္တလေးမြို့ အဆောက်အဦပျက်များအောက် ပိတ်မိနေသူများကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြဆဲဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

ငလျင်လှုပ်ခတ်ပြီး ၆ ရက်မြောက်ရှိလာချိန်တွင် သေဆုံးသူ ဦးရေမှာ သုံးထောင် ကျော်ထိရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။   

ဧပြီ ၃ ရက်နေ့ စစ်ကောင်စီ ထုတ်ပြန်သည့်စာရင်းတွင် သေဆုံးသူ ၃၀၈၅ ဦး၊   ဒဏ်ရာ ရသူ ၄၇၁၅ ဦး၊  ပျောက်ဆုံးသူ ၃၄၁ ဦး ရှိသည်ဟု ဖော်ပြထားသည်။    

မတ် ၂၈ ရက်က မန္တလေးအနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့်  မန္တလေး၊  စစ်ကိုင်း၊  နေပြည်တော်တို့မှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီး  စစ်ကောင်စီက မန္တလေးတိုင်း၊  စစ်ကိုင်းတိုင်း၊  ပဲခူးတိုင်း၊  မကွေးတိုင်း၊  ရှမ်းပြည်နယ် အရှေ့မြောက်နှင့် နေပြည်တော် ကောင်စီ နယ်မြေတို့ကို အရေးပေါ်အခြေအနေ ကြေညာထားသည်။   

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက အဆောက်အဦ ပျက်စီးမှုများအောက်မှ အသက်ရှင်ကျန်ရစ်သူအချို့ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ဧပြီ ၂ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။    

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့၊  Golden Country ဟိုတယ် အဆောက်အအုံအောက် ၁၂၅ နာရီ ကြာ ပိတ်မိနေခဲ့သည့် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို  ကယ် ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။   

ရက်ရှည်ကြာလာသည်နှင့်အမျှ ပိတ်မိနေသူများအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ရေး မျှော်လင့်ချက် နည်းပါးသော်လည်း နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်တွင်းအရပ်ဘက်အဖွဲ့ များက ရှာဖွေ ကယ်ဆယ်ရေးနှင့် ရုပ်အလောင်းများ ထုတ်ယူနိုင်ရေး ဆက်လုပ်နေသည်။   

မန္တလေး၊  နေပြည်တော်နှင့် စစ်ကိုင်းတို့တွင် ပျက်စီး ဆုံးရှုံးမှု ပမာဏများပြားသည်၊ ငလျင်လှုပ်အပြီး ၆ ရက်မြောက်ရှိလာချိန်ထိ အကူညီပေးရေးလုပ်ငန်း လိုအပ်ချက်ကြီးကြီးမားမားရှိနေသည်၊ ကျန်းမာရေးပြုစုစောင့်ရှောက်ရေး လုပ်ငန်းများမှာလည်း မနိုင်မနင်း ဆက်ဖြစ်နေသည်။   

ကယ်ဆယ်ရေးအဖွဲ့များ ရောက်နေသော်လည်း မန္တလေးတွင်  ပြိုကျ အဆောက်အဦ အရေအတွက်က အဆမတန် ပိုများနေသည်၊   ပြိုလုဆဲ အဆောက်အဦလည်း  အများ ပြားရှိနေပြီး  အနီးတွင် နေထိုင်သူတို့ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။   

“လတ်တလောမှာက လူတွေအများဆုံးပိတ်မိတာတွေ၊ သေဆုံးတဲ့နေရာတွေကို ကယ်ဆယ်နေကြတယ်။   နေရာတွေက များတော့ ကယ်ဆယ်ရေးတွေလည်းမလောက်ဘူး။  မနိုင်မနင်းဖြစ်နေတုန်းပဲ” ဟု ချမ်းအေးသာစံမြို့နယ် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  

မဟာမုနိဘုရားကြီးအရှေ့ဘက်မုခ်အနီး ပြိုကျနေသည့်အဆောက်အဦများ ရှိသည်၊   မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်၊ သပြေညွန့်ရပ်၊ ပတ္တာရပ်၊ လန်ဒန်ဝင်းရပ်၊ မာလကာခြံရပ်၊ မျက်ပါးရပ် စသည့် ရပ်ကွက်များနှင့် မြို့တွင်းရပ်ကွက်များတွင် အဆောက်အဦ အမြောက်အများ   ပြိုကျပျက်စီးနေပြီး၊ ပြိုလုဆဲအဆောက်အဦများစွာလည်း ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။  

မန္တလေးမြို့တွင် လူသေဆုံးမရှိသော်လည်း အဆောက်အဦများစွာ ထိခိုက်ထားသော နေအိမ်အများ အပြားသည်  အလုပ်သမား ရှာဖွေငှားရမ်းကာ ၎င်းတို့၏တိုက်တာနေအိမ်အဆောက်အဦများကို ရှင်းလင်းနေကြသည်။

 ထိုသို့အဆောက်အဦဖြိုချရှင်းလင်းကြရာတွင် စက်ယန္တရားများ ငှားရမ်းခသည်ပင် သိန်းဆယ်ချီ၊ ရာချီကုန်ကျနေသည်မှာ များပြားသည့် ငွေပမာဏဖြစ်သည်ဟု မန္တလေးမြို့ခံ တို့က အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားထားကြသည်။  

ချမ်းမြသာစည်မြို့နယ်နေထိုင်သူအမျိုးသမီးတစ်ဦးကလည်း “ပြိုမကျပေမယ့် လူနေလို့မရတော့တဲ့ အိမ်တွေ ကိုဖျက်ချ။   အပြိုအပျက်တွေကို ရှင်းပေးလိုက်။  အဲဒါဆိုရင်ကိုယ့်ခြံထဲမှာ အိမ်လေး ဖြစ်သလိုဆောက်ပြီး စီးပွားရေးတွေပြန်လည်ပတ်လို့ရတယ်” ဟု ပြောသည်။  

“အဲဒီလိုလုပ်ရင် ၆လအတွင်းပြန်ထူထောင်နိုင်တယ်။  ထိရောက်တာမျိုးကူညီပေးကြစေချင်ပါတယ်”ဟု ၎င်းကတောင်းဆိုသည်။

မန္တလေးမြို့တွင် ပြိုကျပျက်စီးနေသည့်အဆောက်အအုံများတွင်သက်စွန်းဆံဖျား ကယ်ဆယ်ရေး လုပ်ကိုင်ကြသည့်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို  မတွေ့ရသော်လည်း ထိုနေရာများအနီးရှိ လမ်းမများ၊  ကျုံးနံဘေးရှိ ဂိတ်များ၊  မစိုးရိမ်တိုက်သစ်၊  ဦးလှသိန်းဗိမ္မာန်၊  မြတောင်ကျောင်း၊  မဟာမုနိဘုရားဝန်းစသည့်နေရာများတွင် သေနတ်ကိုင်လျက် တွေ့ရကြောင်း ဒေသခံများက ဆိုသည်။   

ငလျင်ဒဏ်ကြောင့် အပျက်အစီးရှိသော်လည်း ပိတ်မိနေသူ မရှိသည့်   မန္တလေးနန်းမြို့ရိုး၊ ရှေးဟောင်းအဆောက်အဦ၊ ဘာသာရေး အဆောက်အဦများတွင်သာ အုတ်သယ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းတို့ပြုလုပ်နေ၍ စစ်ကောင်စီ၏ ဟန်ပြကယ်ဆယ်ရေးကို မြို့ခံအများစုက ဝေဖန်နေကြသည်။  

ကူညီကယ်ဆယ်ရေးလုပ်ငန်း အရေးတကြီး လုပ်ဆောင်ရမည့် အချိန်တွင် စေတီတဆူမှ အုတ်ခဲများကို လူအင်အားများစွာသုံးပြီး သယ်ယူနေကြသော စစ်သားများ။

လူနေရပ်ကွက်များအတွင်း အဆောက်အဦများကို ဒုစရိုက်သမားများက ဖောက်ထွင်းခြင်း၊  ဓားပြတိုက် ခြင်း၊  ခိုးယူခြင်း၊ လုယက်ခြင်းတို့ ရှိနေ၍မန္တလေးမြို့ရပ်ကွက် အချို့တွင် အမျိုးသားများက တုတ်ဓါးများ ကိုင်ဆောင်ကာ ညပိုင်းတွင်အုပ်စုဖွဲ့ကာ ကိုယ်ထူကိုယ်ထ ကင်းစောင့်ကြသည်ဟုသိရသည်။  

မန္တလေးမြို့တွင် နန်းမြို့ရိုးကျုံးအနီး စစ်ကောင်စီအဆောက်အဦများ၊ အထူးစုံစမ်းစစ်ဆေးရေးဌာန  တို့နှင့် နီးစပ်ရာ အောင်မြေသာစံ မြို့နယ်နေရာအချို့မှလွဲ၍ တစ်မြို့လုံးနီးပါး လျှပ်စစ်မီးနှင့် သောက်သုံးရေ ပြတ်တောက် နေဆဲ ဖြစ်သည်။  

ယင်းအပြင် ဖုန်းနှင့် အင်တာနက်မှာလည်း ထိုမြို့နယ်၊  ပြင်ဦးလွင်နှင့်နီးစပ်သည့်မန္တလေးမြို့ အရှေ့ထိပ်တို့တွင်သာ အသုံးပြုနိုင်သည်။  

မဟာအောင်မြေရပ်ကွက်များနှင့် အခြားမြို့နယ်အချို့တွင် လူမှုရေးအသင်းများက သောက်သုံးရေ ပေးဝေနေသည်။  ငလျင်ဒဏ် ဆိုးဆိုးရွားရွားသင့်ခဲ့သည့် ရပ်ကွက်များတွင်  လူမှုရေးအသင်းများ၊ အနယ်နယ်အရပ်ရပ် ပရဟိတအဖွဲ့များက ထမင်း၊ သောက်ရေ၊ ရိက္ခခြောက် ဝေငှနေကြသည်။  

မြို့ထဲတွင် စားသောက်ကုန်နှင့်လူသုံးကုန်ဆိုင်၊  ဆေးဆိုင် အများစု ပိတ်ထားကြသည်။  ဖွင့်ထားသည့်ဆိုင်များ၊  ဓာတ်ဆီဆိုင်များ၊  ဘဏ်များတွင် လူအများတိုးကြိတ်နေကြသည်။  

မြစ်တစ်ဘက်ကမ်းရှိ စစ်ကိုင်းမြို့တွင်လည်း ငလျင်ဒဏ်ကြောင့် ၉၀ ရာခိုင်နှုန်း ပျက်စီးသွားသည်။  စစ်ကိုင်းချောင်မှ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းအများအပြား ပျက်စီးသွားသည်။    

“စစ်ကိုင်းချောင်ကတော့ တစ်ချောင်မှ အကောင်းမကျန်ဘူး။   အကုန်ပြိုကျပျက်စီးကုန်တာ” ဟု စစ်ကိုင်းမြို့ သွားရောက်ခဲ့သည့် မန္တလေးမြို့ခံ ပရဟိတသမားတစ်ဦးကပြောသည်။   

နေပြည်တော်တွင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေကြဆဲဖြစ်ပြီး ရုံးဌာန အဆောက်အဦးများ ပျက်စီးခဲ့သည်၊  ဝန်ထမ်းအိမ်ရာအချို့ ပြိုကျခဲ့ရာ နေထိုင်ရေးအခက်ကြုံနေရ သည်။    

ဝန်ထမ်းအိမ်ယာများသည် အထပ်မြင့် အဆောက်အဦးများဖြစ်၍  ဆက်လက်နေထိုင်ရန် မဝံ့ရဲတော့ဘဲ ဝန်ထမ်း အချို့မှာ နေရပ်သို့ ပြန်သွားကြသည်။   ဌာနအချို့က ဆောက်လုပ်ပေးသည့် ယာယီ အဆောက်အအုံများတွင် နေထိုင်သူ၊  အိမ်ငှားနေထိုင်သူ၊  ဝန်ကြီးဌာနအဆောက်အအုံများတွင် နေထိုင်သူတို့လည်း ရှိသည်။  

နေရပ်သို့ ပြောင်းရွှေ့ရန်ခက်ခဲသူ၊   အိမ်ငှားရန် ငွေကြေးအဆင်မပြေသူတို့က  အားကစားကွင်း၊ ဘုန်းကြီးကျောင်း၊  ယာယီစခန်းတို့တွင်  နေထိုင်ကြရသည်။  

တနိုင်ငံလုံးငလျင်ဘေးသင့်နေချိန်တွင် တော်လှန်ရေးတပ်များ၊  လက်နက်ကိုင်တပ်များ၊  စစ်တပ်က ယာယီအပစ် ရပ်သည်ဟု ကြေညာထားသော်လည်း တိုက်ပွဲများ ဆက်ရှိနေသည်။    

Show More

Related Articles

Back to top button