ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား စစ်ကောင်စီတပ်က လွန်ခဲ့သည့်နှစ် သြဂုတ်လတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ဟု အမည်ရသည့် ကိုကန့်တိိုင်းရင်းသားများဦးဆောင်သည့် MNDAA တပ်များနှင့် ၎င်း၏ မဟာမိတ်တပ်များအား လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းသည် ၁၉၄၈ နောက်ပိုင်း မြန်မာစစ်တပ်အတွက် အကြီးမားဆုံးစစ်ရှုံးမှုကြီးတစ်ခုဖြစ်သည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ အိမ်နီးခြင်းဖြစ်သူ တရုတ်နိုင်ငံ၏ ဖိအားပေးကြားဝင်မှုကြောင့် ဤကြီးမားသည့် စစ်ရေးနိုင်ငံရေးအပြောင်းအလဲကြီးသည် တမျိုးတဖုံပြန်လည် ပြောင်းလဲတော့မည်ဟုသိရသည်။
မြန်မာနိုင်ငံအရှေ့ဖက် အဓိကကျသည့် စီးပွားရေးမြို့တော်ဖြစ်ပြီး၊ တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် အချက်အချာကျသော လားရှိုးမြို့ကို မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံ၏ ဖိအားပေးမှုဖြင့် ကိုးကန့်နှင့် စစ်ကောင်စီနှစ်ဖက်ကိုယ် စားလှယ်များ ယူနန်ပြည်နယ်တွင် အကြိမ်ကြိမ်တွေ့ဆုံမှုများပြုလုပ်ခဲ့ကြသည်။
ယခုနှစ်ဆန်း တွေ့ဆုံမှု၌ ကိုးကန့်တပ်များ လားရှိုးမှ ဇွန်လအတွင်း ဆုတ်ခွာရန် သဘောတူခဲ့ရပြီး၊ ယခုလ မတ်လ ၂၂ ရက်နေ့ နှစ်ဖက် နောက်ဆုံး တွေ့ဆုံဆွေးနွေးမှုရလဒ်အဖြစ် သဘောတူထားသည်ထက် ပို၍စောကာ ယခုလ ဧပြီလ ၂၁ နောက်ဆုံးထား၍ ဆုတ်ခွာရန် ကိုးကန့်တပ်က သဘောတူလက်မှတ်ထိုးခဲ့ရသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။
သဘောတူညီချက်အရ ကိုးကန့်တပ်အနေဖြင့် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုမှသာဆုတ်ပေးရမည်ဖြစ်ပြီး၊ မြို့၏ အပြင်ဖက်ဧရိယာများတွင်မူ ဆက်လက်၍ တပ်စွဲထားမည်ဟုလည်းသိရသည်။

လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုတွင် လူဦးရေ တစ်သိန်းခွဲခန့်ရှိပြီး၊ မြို့နယ်ခွဲများရှိ ကျေးရွာအုပ်စုများတွင် နေထိုင်သူလူဦးရေမှာ တစ်သိန်းငါးသောင်းကျော်ရှိကြောင်း ၂၀၂၃ မတ်လ ကကောက်ယူထားသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှတ်တမ်းအရ သိရသည်။ လားရှိုးခရိုင်ရှိ မြို့နယ်ခွဲများမှာ စုစုပေါင်း ၇၅ မြို့ရှိသည်။
လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကိုသာ စစ်ကောင်စီကို ပြန်ပေးရမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ကျေးရွာများမှာမူ ကိုးကန့်တပ်၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ စစ်တပ်အုပ်ချုပ်မနေလိုသူများအနေဖြင့် ကိုးကန့်တပ်နှင့်အတူ လိုက်လံပြောင်းရွှေ့နိုင်သည်ဟု ကိုးကန့်တပ်နှင့် နီးစပ်သူတို့က ပြောသည်။

မြို့ပေါ်ရပ်ကွက်များမှ ကိုးကန့်တပ်ဆုတ်ပြီးနောက် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး ကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုဌာနများက ရှေ့ပြေးအနေဖြင့် ဧပြီ ၂၂ တွင် ကနဦး ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း ကိုးကန့်တပ်နှင့် နီးစပ်သူများကဆိုသည်။
သို့သော် ကိုးကန့်တပ်၏ တပ်ဖွဲ့ဝင်အနည်းငယ်၊ ရဲတပ်ဖွဲ့အချို့နှင့် ကိုးကန့်တပ်၏ ဆက်ဆံရေးတာဝန်ရှိသူများ လားရှိုးတွင် ကျန်ခဲ့မည်ဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တပ်များဆုတ်ခွာရမည့်အခြေအနေနှင့် ပတ်သက်၍ ယူနန်ပြည်နယ်ရှိ တရုတ်နိုင်ငံရေးလေ့လာသူများ၊ ရှမ်းပြည်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုထိပ်တန်းခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိိုးရ NUG ၏ ကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူများနှင့် Myanmar Now ကမေးမြန်း အတည်ပြုနိုင်ခဲ့သည်။
ကိုးကန့်ရင်ဆိုင်ရသည့် ဖိအား
လားရှိုးမြို့အား ကိုးကန့်တပ်များက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအနေဖြင့် ယမန်နှစ်နှစ်လယ်တွင် ၎င်း၏ မဟာမိတ်တပ်များနှင့် ပူပေါင်းပြီး သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုမတိုင်ခင် ၁၀၂၇ ပထမပိုင်းစစ်ဆင်ရေးအဖြစ် ၂၀၂၄ အောက်တိုဘာလတွင် စစ်ကောင်စီအားထိုးစစ်ဆင်ရာ ကိုးကန့်တပ်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် တရုတ်မြန်မာနယ်စပ် သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ လောက်ကိုင်၊ ချင်းရွှေဟိုမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
လားရှိုးမြို့နှင့် ထိစပ်နေသော သီပေါ၊ ကျောက်မဲမြို့များအား တအာင်းလွတ်မြောက်ရေးတပ်က ထိန်းချုပ်ထားပြီး သန္နီနှင့် ကွမ်းလုံမြို့များကိုမူ ကိုးကန့်တပ်က သိမ်းပိုက်ထားသည်။ သို့ရာတွင် လားရှိးမြို့၏ အရှေ့နှင် အရှေ့တောင်ဖက်ရှိ တန်ရန်းနှင့် မိုင်းရယ်မြို့များတွင်မူ စစ်ကောင်စီက တပ်စွဲထားသည်။

ကိုးကန့်ကလားရှိုးမြို့အားသိမ်းပိုက်ပြီးနောက် တရုတ်ကလားရှိုးမှပြန်ဆုတ်ခွာရန် ဖိအားပေးသည့်အနေဖြင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များအား ပိတ်ဆို့ခဲ့သကဲ့သို့ စစ်ကောင်စီကလည်း လားရှိုးမြို့ကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုအခြေအနေတွင် တရုတ်ဖိအားပေးမှုဖြင့် ကိုးကန့်တပ်ခေါင်းဆောင်များနှင့် စစ်ကောင်စီကိုယ်စားလှယ်များ ယူနန်ပြည်နယ် ဆွေးနွေးပွဲများပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲများမပေါ်ပေါက်မီ လားရှိုးမှ ကိုးကန့်တပ်များမဆုတ်ခွာပေးပါက ဖုန်မျိုးနွယ်စု ကိုးကန့်တပ်ခေါင်းဆောင်းပိုင်းအား ချေမှုန်းမည်ဟု တရုတ်အာဏာပိုင်််များက ခြိမ်းခြောက်ခဲ့ပြီး၊ ကိုးကန့်တပ် ထိန်းချုပ်ဒေသများအားလည်း လောင်စာ၊ ဆေးဝါးနှင့် အစားအသောက်များ မစီးဆင်းနိုင်ရန် ထိန်းချုပ်ကန့်သတ်ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသို့ ဆွေးနွေးပွဲသွားရောက်ခဲ့သည့် ကိုးကန့်တပ်၏ အကြီးအကဲ ဖုန်တာရွှင်အား တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်ခွင့်မပေးသည့်အပြင်၊ ဖုန်တာရွှင်၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၏ စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ကာ အကြပ်ကိုင်ခဲ့သည်။
လားရှိုးမြို့မှကိုးကန့်တပ်များဆုတ်ခွာမည်ဟု လိုက်လျောပြီးမှ ဖုန်တာရွှင်ကို မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုခဲ့ပြီး ဖုန်တာရွှင်မှာ လက်ရှိတွင် တရုတ်နယ်စပ် အထူးဒေသ (၄) ဟုခေါ်သည့် မိုင်းလားတွင် နေထိုင်နေကြောင်းသိရှိရသည်။
“အဓိက ဆုတ်ရတဲ့အကြောင်းအရင်းက စစ်ကောင်စီက လေကြောင်းတိုက်မယ်ပြောတယ်။ တခြားဖိအားတွေလည်းရှိတယ်လို့ ပြောတယ်။ အသက်သွေးချွေးတွေပေးပြီး တိုက်ခဲ့ကြတော့ ပြန်မပေးစေချင်ကြဘူး။ ပြည်သူတွေကလည်း လွတ်လပ်တဲ့အရသာကို သိနေကြပြီ။ တိုက်ပွဲထဲမှာ အသက်တွေပေးခဲ့ရတာ မနည်းဘူးလေ။ ကိုးကန့် ရဲဘော်တွေလည်း စိတ်မကောင်းကြဘူး။ အောက်ခြေကဆိုတော့ ဘာမှ လုပ်လို့မရဘူး”ဟု ကိုးကန့်တပ်နှင့် နီးစပ်သူ လားရှိုးမြို့တွင်နေထိုင်သူတစ်ဦးကဆိုသည်။
စစ်ကောင်စီသည် ၎င်းလက်အောက်ရှိ ပညာရေးဝန်ထမ်းများကို သင်္ကြန်ပြီးချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာများတွင် တာဝန်ထမ်းဆောင်ရေးအတွက် ပြင်ဆင်ထားရန် ညွှန်ကြားထားသည်ဟု ဝန်ထမ်းတစ်ဦးကို ကိုးကား၍ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အခြားဒေသခံ အမျိုးသမီးတစ်ဦးက ကိုးကန့်တပ်သည် ၎င်းတို့ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စတင်ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောသည်။
“တချို့ရုံးတွေဆိုရင် ရပ်ကွက်ရုံးတွေမှာ ပစ္စည်းတွေသိမ်းနေပြီ။ မနေ့ကစပြီး ဆေးရုံမှာလည်း လူနာလက်မခံတော့ဘူး။ ပြင်ပလူနာတွေပဲကြည့်တော့တယ်။ နောက်ပြီးတော့ ငလျင်ကြောင့်လာခိုတဲ့သူတွေကို ကွမ်းလုံဘက်ကို ခေါ်သွားမယ်လို့ပြောတယ်”ဟု ၎င်းက ပြောသည်။
မိုင်းလားသို့ ပြန်လည်ရောက်ရှိလာသော ဖုန်တာရွှင်မှာ မကြာသေးမီရက်ပိုင်းက ပြုလုပ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးရန်ပုံငွေပွဲမှသာ ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
MNDAAသည် ၎င်း၏ မဟာမိတ်များဖြစ်သော ရခိုင်တပ် (AA)၊ တအာင်းတပ် (TNLA)၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့နှင့်လည်း မတ်လအတွင်း၌ နှစ်ပတ်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်၊ အဆိုပါ အစည်းအဝေးပြီးဆုံးသည့် ဧပြီ ၁ မှစ၍ လားရှိုးမြို့ပေါ်ကို မည်သည့်အချိန်ကာလတွင် စစ်တပ်က ပြန်လည်လက်လွှဲယူမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။




