ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီအမြောက်တပ်များ အခြေစိုက်ထားသည့် ရွာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီက လေကြောင်း ပစ်ကူများစွာ သုံးနေသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လမှ စတင်ပြီး နောင်ချိုမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ တောင်းခမ်းရွာ အခြေစိုက် အမှတ်(၉၀၂) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃၅၄)၊ (၂၀၆)၊ (၄၀၆) အမြောက်တပ် များကို TNLA နှင့် ပူးပေါင်းတပ်က ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ထိုးစစ်ဆင်ပြီး တစ်လခန့်အကြာ စက်တင်ဘာလတွင် ပူးပေါင်းတပ်က အမှတ်(၂၀၆)နှင့်(၄၀၆)အမြောက်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သေးသည်။
သို့သော်လည်း စစ်ကောင်စီက အဆိုပါ စခန်းများကို ပြန်လည် ထိန်းချုပ်ထားသည်၊ တောင်းခမ်းရွာအနီးဝန်းကျင်ရှိ TNLA တပ်များ ထိန်းချုပ်ထားသည့် ကျေးရွာများကို ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု မြေပြင် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်နေသည့် တောင်းခမ်းရွာ၊ အုမ္မသီးရွာနှင့် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို လေကြောင်းမှ အဆက်မပြတ်ဗုံးကြဲနေသည်ဟု TNLA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“တောင်းခမ်းအခြေအနေက တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်၊ စစ်ကောင်စီက ၂း၃၈ မှာ နောင်ချို ဒိုးပင်ရွာကို ဗုံးကြဲပြီးတော့ တောင်းခမ်းကို ပြန်သွားကြဲတယ်” ဟု သူက ဆက်ပြောသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မြို့အနောက်မြောက်ဘက် ၃၇ မိုင်ခန့်အကွာတွင်ရှိသည့် ဒိုးပင်ရွာ၊ တိုက်ပွဲများပြင်းထန်နေသည့် တောင်းခမ်းရွာရှိ အမှတ် ၉၀၂ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဝန်းကျင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးပေ။
ဧပြီ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က တောင်းခမ်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေချိန် အဆိပ်ငွေ့ဗုံး ၃ လုံးကြဲချခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်၊ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးပေ။
တောင်းခမ်းတိုက်ပွဲ အကြောင်း ပိုမို သိရှိ ဖော်ပြနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
တောင်းခမ်းရွာအနီးရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်နေရာ မတ် ၂၅ ရက်နေ့တွင် တောင်းခမ်းရွာ၏ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိပြီး တိမ်ပင်လယ်ရှိသည့် ရွာဟု နာမည်ကြီးသည့် မဲပုတ်ရွာကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ပြောသည်။
“တောင်းခမ်းတိုက်ပွဲက အခုထိပြင်းထန်နေတုန်းပဲ၊ လေယာဉ်နဲ့လည်း အခုထိ ချနေတုန်းပဲ။ မြေပြင်အခြေအနေကတော့ လောလောဆယ်တော့ ပြောရခက်တယ်၊ အကုန်လုံးက နေရာစုံကတော့ သေနတ်သံပေါက်နေတာပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
တောင်းခမ်းရွာမှာ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် မိုင် ၅၀ ခန့်သာဝေးပြီး ရှမ်းမြောက်နှင့် ရှမ်းတောင်ကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တည်ရှိနေသည်။
၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ကြသည်။
သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့် မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက် ပျက်ပြယ်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များကို သိမ်းပိုက်ထားသည်။



