လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသည့် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ယမန်နေ့ (ဧပြီ ၁၄) ရက် နေ့လယ်ပိုင်းက ဗုံးကြဲခံရသဖြင့် သံဃာ ၂ ပါးနှင့် အရပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကိုင်း ငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်မည်ဟု အာဏာသိမ်း စစ်တပ်က ကြေညာထားသော်လည်း မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလမှာပင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရခိုင်၊ ချင်း နှင့် ကရင်ပြည်နယ်တို့ကို လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်နေခြင်း ဖြစ်သည်။
နွားထိုးကြီးမြို့ မြောက်ဘက် ၁၄ မိုင်ခန့်အကွာ ကျွန်းဒေါင့်ရွာရေလည်ဘုန်းတော်ကြီးကျောင်းကို ယမန်နေ့ နေ့လယ် ၃ နာရီဝန်းကျင်တွင် စစ်လေယာဉ် နှစ်စီးက ဗုံး ၂ လုံး ကြဲချစဉ် ဒဏ်ရာရသွားသူများမှာ သက်တော် ၅၄ နှစ်အရွယ် ဆရာတော်၊ အသက် ၇ နှစ်ဝန်းကျင်အရွယ် ကိုရင်၊ ကျောင်းဝေယျဝစ္စ လုပ်ကိုင်ပေးနေသည့် အမျိုးသား ၁ ဦးတို့ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
၎င်းတို့အနက် ဆရာတော်မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း ဒေသခံများက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ထပ်တိုက် ကျောင်းဆောင် တစ်ဆောင်၊ ကျောင်းတိုက်တွင်း ဓမ္မာရုံတစ်ခုတို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းများကို ဖော်ပြနေသည့် နွားထိုးကြီး ဂျာနယ်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
မန္တလေးမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ နွားထိုးကြီးမြို့နယ်မှာ တော်လှန်ရေးအင်အားစု လှုပ်ရှားမှုအားကောင်းရာ ဒေသဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက် မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏလုပ်လေ့ရှိသည်။
သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) ညနေပိုင်းကလည်း မြို့ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ နဘဲမြစ် ရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နွားထိုးကြီးကို ဗုံးကြဲနေမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ အင်တာနက်စာမျက်နှာတွင်လည်း ထိုတိုက်ခိုက်မှုများအကြောင်း ဖော်ပြမထားပေ။
ထို့ပြင် သင်္ကြန်မတိုင်မီ ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင်လည်း မြင်းခြံမြို့ အခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းက မြို့အနောက်ဘက်ရှိ မာန်လည်ရွာနှင့် လက်ဝဲ၊ မြင်းနီရွာတို့ကို ဟောင်ဝစ်ဇာ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၈၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၅ လုံး မီးလောင်ခဲ့ကြောင်းဒေသခံများထံက သိရသည်။
အရပ်သားနေအိမ်များကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု လက်ဝဲမြင်းနီရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“လက်နက်ကြီး ၄ လုံးပစ်တာ။ တစ်အိမ်က တည့်တည့်ကျတာ။ အဘိုးကြီးအိမ်ကလည်း တည့်တည့်ကျ တာ” ဟု သူက ပြောသည်။
မြို့အနောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ လက်ဝဲမြင်းနီရွာမှာ အိမ်ခြေ တစ်ထောင်နီးပါး ရှိသည့်ရွာကြီးဖြစ်သည်၊ ယမန်နှစ် နှစ်လယ်ပိုင်းက ရွာကိုစီးနင်းတိုက်ခိုက်သည့်အပြင် မကြာခဏ ဆက်လက် တိုက်ခိုက်နေသည့်အတွက် ဒေသခံအများစုမှာ ရွာထဲတွင်မနေရဲဘဲ အနီးဝန်းကျင်တွင် ရှောင်တိမ်းနေရသည်။
“ကျွန်မတို့က တောထဲတောင်ထဲမှာ သင်္ကြန်မှန်းတောင်မသိဘူး။ တောထဲမှာနေရတာ ရွာမီးရှို့ကတည်းက နေရတာဆိုတော့ ၉ လပြည့်တော့မယ်။ အခုမိုးလည်းကျလာပြီဆိုတော့ တောထဲတောင်ထဲမှာ နေရတာ တော်တော်ခက်ခဲတယ်။ ရွာထဲမှာလက်နက်ကြီးလည်းထု၊ လေယာဉ်နဲ့လည်းလာနိုင်တာဆိုတော့ ဥပုသ်သီလလည်း မစောင့်နိုင်ဘူး”ဟု အထက်ပါ ဒေသခံက ပြောသည်။
မတ်လကုန်ပိုင်းကပင် လက်ဝဲမြင်းနီရွာကို တိုက်လေယာဉ်၊ Y 12 အမျိုးအစားလေယာဉ်တို့ဖြင့် တိုက်ခိုက်ခဲ့ရာ အိမ်ခြေ ၂၀ ကျော် ပြာကျပျက်စီးခဲ့ရသည်။
ဧပြီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ဒီပဲယင်း၊ တန့်ဆည်၊ ကနီ၊ အင်းတော် စသည့်မြို့နယ် ၄ ခုမှ ဘုန်းကြီးကျောင်းများကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။
ပုံမှန်အားဖြင့် နှစ်သစ်ကူးသင်္ကြန်ကာလတွင် ဘုန်းကြီးကျောင်းများတွင် ဥပုသ်သီတင်း ဆောက်တည် ကာ အလှူအတန်းများပြုလုပ်လေ့ရှိကြသော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဘုန်းကြီးကျောင်းသွားရန်ပင် အခက်ကြုံနေရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများတွင် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံးခဲ့သည့် ပဇီကြီးရွာကိုဗုံးကြဲမှုမှာ ထင်ရှားသည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်တပ် သတင်းနှင့်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အလ်ဂျဇီးရားသတင်း ဌာနနှင့် မတ် ၂၈ ရက်နေ့ ငလျင် မလှုပ်မီ မိနစ်ပိုင်းအလိုက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ကလေးတွေအများကြီးပါဝင်တယ်ဆိုတာက သူတို့က အကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက် နေတဲ့အုပ်စုရဲ့အစိတ်ပိုင်းဖြစ်နေလို့ပါ။ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဟုတ်တယ်။ တိုက်ခိုက်မှုတွေမှာ ဘေးထွက်ဆိုးကျိုး တွေက ရှောင်လွှဲလို့မရဘူး။ ဒါက စစ်ပွဲရဲ့ သရုပ်ပါပဲ။ ဘေးထွက်ဆိုးကျိုးတွေက ရှိမှာပါပဲ” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
၂၀၂၃ ခုနှစ် ဧပြီ ၁၁ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ၆ လသားအရွယ် ကလေးငယ်အပါအဝင် ကလေး၊ လူကြီး စုစုပေါင်း ၁၆၈ ဦးသေဆုံးခဲ့သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ တစ်နှစ်ထက် တစ်နှစ်ပိုမိုမြင့် တက်လာပြီး ၂၀၂၄ ဖေဖော်ဝါရီလအထိ လေးနှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၂၂၄ ဦးသေဆုံးခဲ့ရပြီး ၃၄၆၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဥာဏ်အလင်းသစ် သုတေသန အဖွဲ့က ထုတ်ပြန် ထားသည်။



